"ကျွန်တော် မျိုချထားတာ နှစ် ၃ဝ လောက်ရှိပြီ" ဆိုတဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း - Eureka Myanmar

"ကျွန်တော် မျိုချထားတာ နှစ် ၃ဝ လောက်ရှိပြီ" ဆိုတဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း

Share This

ကျွန်တော့်ကို ဦးဥာဏ်ဝင်း ရုံးကနေ လှမ်းပြီး မေးပါတယ်။ ဦးကိုကိုကြီး အနေနဲ့ ပါတီကနေ နုတ်ထွက်ကြောင်း အကြောင်းကြားစာ ပို့ပြီးပြီလား။ ဦးဥာဏ်ဝင်းက ကျွန်တော့်ဆီတော့ နုတ်ထွက်စာ မရောက်ဘူးတဲ့။ အဲ့ဒီတော့ ကျွန်တော် ပြန်ရှင်းပြတယ်။ အန်ကယ်လ်၊ အန်ကယ်လ်တို့ပဲ ပြောခဲ့တယ်။ မိမိလျှောက် လွှာတင်တဲ့ မြို့နယ်မှာ နုတ်ထွက်စာတင် လိုက်ရင် လုံလောက်ပါတယ်လို့ ပြောခဲ့တဲ့ အတွက်ကြောင့် ကျွန်တော် မြို့နယ်မှာ နုတ်ထွက်စာ တင်ထားပြီးပါပြီဟု ပြောဆိုခဲ့သူ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

Speaker ။ ။ ရွေးကောက်ပွဲကော်မရှင်နဲ့ အစ်ကိုတို့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီနဲ့ ဆွေးနွေးခဲ့တာတွေကို စပြောပေးပါ။
UKKG ။ ။ ပါတီမှတ်ပုံတင်ခြင်းနဲ့ ပတ် သက်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ ကျွန် တော်တို့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီဝင်တွေ တွေ့ဆုံဆွေးနွေးမှုကို အသေးစိတ် စပြောပြပါမယ်။ ကျွန်တော်တို့ စပြီး မှတ်ပုံတင်ခဲ့တာက ၂ဝ၁၇ ဒီဇင်ဘာ ၁၉ ရက်။ အဲဒါပြီး တော့ ၂ဝ၁၈ မတ်လ ၂၆ ရက် မှာ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုအပြီး မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကျွန်တော် ဘယ်လိုဖြေခဲ့သလဲဆိုတော့ မိသားစုစားပွဲဝိုင်း ဆန်ဆန် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော် ဒီလောက်ပဲ ပြောခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက အထူးသဖြင့် မီဒီယာတွေကနေတစ်ဆင့် ပြည်သူလူထုဆီကို ကျွန်တော်တို့ ထုတ်မပြောခဲ့ပါဘူး။ သတင်းဖြန့်ချိရေး မလုပ်ခဲ့ပါဘူး။

အခု ကျွန်တော် အဲဒါတွေ ထုတ်ပြောပါမယ်။ ထူးခြားတာတစ်ခုက အဲဒီ အချိန်တုန်းက ကျွန်တော်တို့ကို တရားဝင် ကန့်ကွက်တာတို့၊ ထုတ်ပြန်တာတို့ မရှိခဲ့ပါ ဘူး။ ကော်မရှင်အနေနဲ့ပေါ့။ အွန်လိုင်းမီဒီယာတွေမှာ ကျွန်တော်တို့ပါတီနာမည်နဲ့ပတ်သက် ပြီး ကန့်ကွက်တာတွေ ရှိနေတာကို သိရတယ်လို့ ကော်မရှင်ကပြောပြီး ပါတီနာမည်ပြောင်းပေးဖို့ ကော်မရှင်က မေတ္တာရပ်ခံခဲ့ပါတယ်။ နောက်ပြီးတော့ ဘာပြောသလဲဆိုရင် ရှစ်လေးလုံး လူထုလှုပ်ရှားမှုသည် တစ်နိုင်ငံလုံးပါဝင်တဲ့ လှုပ်ရှားမှုဖြစ်ပြီးတော့ ကော်မရှင်က လူကြီးတွေကိုယ်တိုင်က ဒီလှုပ်ရှားမှုကို အင်မတန် တန်ဖိုးထား မြတ်နိုးပါတယ်လို့ပြော တယ်။ နောက်တစ်ခါ ဘာကို ကိုးကားပြော သလဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁ဝ) အပိုဒ်(က)မှာပါတဲ့ နိုင်ငံရေး ပါတီများခေါင်းစဉ်ဆိုတဲ့အောက်မှာ တို့တာ ဝန်အရေးသုံးပါးကို မထိခိုက်စေရဘူးလို့ဆို တာ ပါတယ်။

အဲဒီတော့ ဒီနာမည်ဟာ သုံး စွဲမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံမှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပါဝင်တဲ့ အတွက် အကယ်၍များ တိုင်းရင်းသားပါတီ တစ်ခုခုက ကျွန်တော်တို့ ပါတီနာမည်ဟာ ပြည်ထောင်စုကြီး ပြိုကွဲတော့မလား။ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲတော့ မလား ဆိုတာမျိုးကို သူတို့က ပြောတဲ့အခါ မှာတော့ ကျွန်တော် ချက်ချင်းတုံ့ပြန်ခဲ့ပါ တယ်။ ''အန်ကယ်တို့ ကျွန်တော်တို့ ပါတီ ထွက်ပေါ်လာဖို့အတွက် တိုင်းရင်းသားပါတီ တွေကိုယ်တိုင်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ တယ်။ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ နဲ့လည်း ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးလည်း အင်မတန်ရင်းနှီးပါတယ်။ အဲဒီအတွက် ဒီ နာမည်ကို အသုံးပြုတာကြောင့် တိုင်းရင်းသား ပါတီတွေက ကျွန်တော်တို့ကို ထောက်ခံ ကြောင်း စာရွက်စာတမ်းတို့၊ ထောက်ခံချက် တို့ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ ယူပေးပါမယ်။ သို့သော် အပြင်မီဒီယာတွေကို အန်ကယ်တို့ကော်မရှင်က ပြောတဲ့အခါကျတော့ ဒီနာမည်ဟာ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေနိုင်တာကြောင့် နာမည်ပြောင်းပေးဖို့ လိုအပ်တယ်လို့ ပြောရင် အန်ကယ်တို့ကော် မရှင်အနေနဲ့ တော်တော် အကျပ်အတည်းဖြစ်သွားမယ်''လို့ ကျွန်တော်ပြောခဲ့ပါတယ်။

ကျွန်တော်တို့ဆီမှာလည်း ဥပဒေကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ရဲဘော်မိတ်ဆွေတွေ ရှိပါတယ်။ သူတို့တွေနဲ့ ကျွန်တော်တို့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးမှ တည်ဆဲဥပဒေတွေနဲ့ မငြိစွန်းအောင် ဆောင်ရွက်ထားတာပါ။ နောက်တစ်ခုကလည်း ၈၈ နာမည်နဲ့ တရား ဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါတီရဲ့ နာမည်ဟာ ခုနကပြောတဲ့ ပြည်ထောင်စု ပြိုကွဲရေးတို့၊ တို့တာဝန်အရေးသုံးပါးတို့ကို မဖြစ်လောက်ပါဘူးလို့ ကျွန်တော်ပြော ခဲ့ပါတယ်။ အဲဒါနဲ့ ကော်မရှင်က ကျန်တဲ့ အဖွဲ့ဝင်တွေက အဲဒီလိုသဘောမျိုးတော့ မဟုတ်ပါဘူးဆိုပြီးတော့ ခုခံကာကွယ်တာတွေ လုပ်ပါတယ်။

အဲဒီနောက် ရှစ်လေးလုံးတော့ မလုပ်ပါနဲ့ ရှစ်နှစ်လုံးလောက်ပဲလုပ်ပါ။ ရှစ်နှစ်လုံးက ရှိထားပြီးသား ဖြစ်တာကြောင့် တကယ်လို့ အဲဒါကိုသုံးရင် ဆင်တူယိုးမှားလည်း ရှိတယ်ဆိုပြီး ကန့်ကွက်တာတွေ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကိုယ်တိုင်က ရှစ်လေးလုံးကစပြီး နိုင်ငံရေး ဖြတ်သန်းခဲ့တာ ဖြစ်တဲ့အတွက် ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေ၊ ကျောင်းသားပြည်သူ တွေကို ဂုဏ်ပြုတန်ဖိုးထားတဲ့အနေနဲ့ ရှစ်လေးလုံးဆိုတဲ့ နာမည်ကို ရွေးချယ်ဂုဏ်ပြုထားခြင်း ဖြစ်ပါတယ်။ ကျွန် တော်တို့ ကိုယ်တိုင်က မဟာမိတ်ပေါ်လစီကို ကျင့်သုံးထားတဲ့အတွက် တိုင်းရင်းသားပါတီ တွေနဲ့ နားလည်မှုရှိပြီးသား၊ ရင်းနှီးမှုရှိပြီးသား ဖြစ်တဲ့အတွက် ဒီနာမည်ကိုပဲ ဆက်ပြီးတော့ သုံးစွဲသွားမှာ ဖြစ်ပါတယ်လို့ ကျွန်တော်ရှင်းပြခဲ့ပါတယ်။

ကျွန်တော်တို့ပါတီနဲ့ပတ်သက်လို့ ဝေဖန်အကြံပြုတာတွေထဲမှာ ကောင်းတဲ့ အကြံပြုချက်တွေလည်း ရှိပါတယ်။ အဲဒီ နာမည်အတိုင်း ဒဲ့သုံးမယ့်အစား ရှေ့မှာဖြစ် ဖြစ်၊ နောက်မှာဖြစ်ဖြစ် ဒီမိုကရေစီတို့၊ ဘာတို့ ထပ်ပြီးထည့်လိုက်မယ် ဆိုရင်လည်း ပါတီတစ်ခုအနေနဲ့ သင့်တော်ပါတယ်။ အဲဒါနဲ့ ကျွန် တော်တို့ကို အပြုသဘောဆောင် အကြံပြုထားတဲ့ နာမည်တွေ တန်းစီချရေးလိုက်တယ်။ ပြီတော့ ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး အမည် ပြောင်းလဲပေးခဲ့ပါတယ်။ အပြုသဘောဆောင်တဲ့ ရဲဘော်တွေကို လေးစားတဲ့အနေနဲ့ရော၊ တစ်ဖက်မှာလည်း သမိုင်းအစဉ်အလာကြီး မားခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရှစ်လေးလုံးလူထု အရေးတော်ပုံကို သယ်ဆောင်ချင်တဲ့အတွက် အင်မတန်ကြီးလေးတဲ့တာဝန်ကို ယူခဲ့တာပါ။ သမိုင်းအစဉ်အလာ ကြီးမားခဲ့တယ်ဆိုတာကို လေးလေးနက်နက် ခံယူပြီးတော့ ကျွန်တော်တို့ ဒီနာမည်ကို ရွေးချယ်ခဲ့တာပါ။ ကျွန်တော်တို့ ဒါကို ရွေးချယ်ပြီးတဲ့အချိန်မှာ ရှစ်လေးလုံး ပြည်သူ့ပါတီအနေနဲ့ ကော်မရှင်မှာ လျှောက်ထားခဲ့ပါတယ်။

Speaker ။ ။ နောက် ဘယ်နှရက်နေ့မှာ ဒီပါတီနာမည်နဲ့ပတ်သက်ပြီး ကော်မရှင်နဲ့ ထပ်ဆွေးနွေးဖြစ်ခဲ့ပါသလဲ။ အဲဒီအခြေအနေတွေကိုရော ပြောပေးပါဦး။
UKKG ။ ။ မတ်လ ၂၆ ရက်တုန်းက ကော်မရှင်နဲ့ တွေ့ဆုံမှုမှာ သဘောတူညီခဲ့ တာ ရှိပါတယ်။ ဧပြီလ ၆ ရက်မှာ နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံပြီးတော့ အမြင်တွေဖလှယ် ပြောဆိုဆွေးနွေးမယ်။ ပါတီအ မည် ပြောင်းလဲတဲ့ကိစ္စ လာတင်မယ့်အခြေ အနေကို ဆွေးနွေးဖို့ သဘောတူညီထားပါတယ်။ ကော်မရှင်ဘက်ကလည်း သဘောတူ ထားပြီးသားပါ။ သို့သော်လည်း ဧပြီ ၆ ရက် မတိုင်ခင် ၅ ရက်နေ့မှာ ကော်မရှင်ဘက်က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ပြောလာပါတယ်။ မလာပါနဲ့တော့၊ တွေ့ဖို့မလိုတော့ပါဘူး။ နာမည်ပြောင်းလဲတဲ့ကိစ္စကလည်း မီဒီယာတွေကနေတစ်ဆင့် သိပြီးတော့ လူကြုံ တစ်ယောက်ယောက်နဲ့ လာပြီး စာတင်ခိုင်းလိုက်ရင် ရပါတယ်ဆိုပြီးတော့ ပြောလာပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီထားမှုကို ကော်မရှင်ဘက်ကစပြီး ဖျက်သိမ်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံရေးပါတီနဲ့ ကော်မရှင်ဆိုတာ ရေရှည်ဆက်ဆံရမှာ ဖြစ်တာကြောင့် ရင်းရင်းနှီးနှီး ဆက်ဆံဖို့ ကျွန်တော်တို့ဘက်က ကြိုးစားခဲ့ပေမယ့် ချိန်းဆိုထားချက်ကို ကော်မရှင်ဘက်က ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဧပြီ ၆ ရက် တွေ့ဆုံမှုမှာ ကျွန်တော်တို့ ရောက်မလာခဲ့ပါဘူး။ ကျွန်တော်တို့ ရောက် မလာခဲ့ခြင်းဟာ ကော်မရှင်ဘက်က မူလချိန်းဆိုသဘောတူညီမှုကို ပျက်ကွက်ခဲ့တာကြောင့်ပါ။ အဲဒါကြောင့် ကျွန်တော်တို့ကိုယ်တိုင် မသွားဘဲ လူကြုံနဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတွေကို ဘာကြောင့် အခုအချိန်မှာ ထုတ်ပြောနေရသလဲဆိုတော့ ကျွန်တော်တို့ ဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ထုတ်မပြောဘူး။ ဒီကော်မရှင်ကိစ္စမှ မဟုတ်ပါဘူး။ နိုင်ငံရေးဖြတ်သန်းမှု ကာလ တစ်လျှောက်လုံးမှာ ကျွန်တော်တို့ မျိုချထားတဲ့ ကိစ္စတွေရှိတယ်။ မီဒီယာတွေက မေးတယ်။ ကျွန်တော်တို့ မဖြေခဲ့ပါဘူး။

Speaker ။ ။ အစ်ကို ခုနက ပြောတဲ့အထဲမှာ မျိုချထားရတဲ့ကိစ္စတွေ ရှိတယ်ဆိုတော့ ဘယ်လို ကိစ္စမျိုးတွေလဲ။ ထုတ်မပြောတာဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုရဲ့ မျက်နှာကို ထောက်ထား နေရတာလား။
UKKG ။ ။ အခု ပြန်မအန်သေးပါဘူး။ ကျွန်တော် နိုင်ငံရေး စလုပ် ကတည်းက ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲဆိုတာ မရှိခဲ့ပါဘူး။ သို့သော် ဒီမိုကရေစီ အစွဲတော့ရှိတယ်။ ကျွန်တော်တို့ ဒီမိုကရေစီအရေးကို ထိခိုက်နိုင်တဲ့ ကိစ္စမျိုးတွေကို ကျွန်တော်မျိုချထားတယ်။ ကိုယ်ရေး ကိုယ်တာ ခံစားချက်တွေ ရှိခဲ့ရင်လည်း မျိုချထားတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး ဆိုတာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စတွေ ကို ဆောင်ရွက်တဲ့အခါမှာ အင်မတန်ကျယ် ပြန့်တဲ့အတွက် ကိုယ်ရေးကိုယ်တာခံစားချက်ကို ဦးစားပေးလို့ မရပါဘူး။ နိုင်ငံရေးမဆန် ဘဲ ပုဂ္ဂိုလ်ရေးဆန်သွားနိုင်ပါတယ်။ ဘာကြောင့် မျိုချသလဲလို့ ပြောရရင် လက်ရှိ ဒီမိုကရေစီအရေး ဖြစ်စဉ်တွေကို ထိခိုက်မှာ စိုးလို့၊ ထိခိုက်နိုင်တဲ့ အတွက် ကြောင့် မျိုချထားတယ်လို့ပဲ ပြောပါရစေ။

Speaker ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမှုကွန်ရက် စာမျက်နှာ တွေမှာ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ အစ်ကိုတို့နဲ့ စကားပြော နေတဲ့ ဓာတ်ပုံတွေ တက်လာတယ်။ အဲဒီကိစ္စအပေါ်မှာ ဝေဖန်မှုတွေ ဖြစ်လာတော့ အစ်ကိုဘာပြောချင်သလဲ။
UKKG ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံရဲ့ အင်မတန်ကြီးမားတဲ့ သုတေသနအဖွဲ့အစည်းလာတယ်။ ကျွန်တော် ဟိုး အရင်ကတည်းက စင်ကာပူက မြန်မာမိသားစု တွေက ဖိတ်လို့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဟောပြော ဆွေးနွေးပွဲတွေ သွားလုပ်ဖူး တယ်။ မကြာခဏ လုပ်ခဲ့ပါတယ်။ အဲဒီ စင်ကာပူက ISEAS သုတေသန အဖွဲ့အစည်းက ၈၈ တင် မကဘူး။ ဟိုးအရင်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှုတ်ပြောသမိုင်း ပြုစုဖို့ကမ်းလှမ်း လာတယ်။

သို့သော် ကျွန်တော် ကိုယ်တိုင်က မျိုချထားတယ်။ မပြောသေးဘူးလို့ ပြောခဲ့တယ်။ ဒါနဲ့ အခုတစ်ခေါက် ထပ်လာတယ်။ ထပ်လာတဲ့အခါမှာ ကျွန်တော်နဲ့ အင်တာဗျူးမယ်။ အသံဖိုင်ကို ဖြေတဲ့အခါမှာ ကျွန်တော် အင်္ဂလိပ်လို ပြောရင် အင်္ဂလိပ်လို တိုက်ရိုက် ဖြေမယ်။ မြန်မာလိုပြောရင် မြန်မာလို ဘာ သာပြန်ပြီးတော့ အင်္ဂလိပ်လို သုံးမယ်။ ပြီးရင် သူက save ထားမယ်။ ကျွန်တော်က နောက် ငါးနှစ်မှ ထုတ်ပါဆိုရင် ငါးနှစ်မှ ထုတ်မယ်။ နောက် နှစ်နှစ်မှ ထုတ်ပါဆိုရင် နှစ်နှစ်မှ ထုတ်မယ်။ ပြီးရင်သူက ကျွန်တော့်ကို ပေးပြီး တော့ ဘယ်အပိုင်းတွေကို ထုတ်သုံးခွင့်ပေး မယ်။ ဘယ်အပိုင်းတွေကိုတော့ မပေးဘူး။ အဲဒါကို ကာယကံရှင်က ရပါတယ်၊ သဘော တူပါတယ်ဆိုရင် သူတို့က ဖြန့်မယ်။ ဘာပဲ ဖြစ်ဖြစ် သမိုင်းတွေဟာ သူတို့နဲ့ ပါသွားတယ်။ သမိုင်းကိုလေ့လာတဲ့သူတွေအနေနဲ့၊ ပြုစုတဲ့ သူတွေအနေနဲ့ သမိုင်းကွင်းဆက်မပြတ်ဖို့ သူ တို့က ဆောင်ရွက်ချင်တယ်။ ဆောင်ရွက်ချင် တဲ့အတွက်ကြောင့် သူတို့ပြုစုတဲ့ သမိုင်းမှာ ဒေါက်တာမောင်မောင်နဲ့ ရခဲ့ပြီးပြီလို့ ပြော တယ်။ နောက် ဒီမှာလည်း သက်ရှိထင်ရှား ရှိနေဆဲ ပုဂ္ဂိုလ်တွေနဲ့ လုပ်နေတဲ့ဟာတွေ ရှိ နေတယ်။ နာမည်တွေတော့ မပြောတော့ပါဘူး။

ဟိုတလောကတော့ ဦးသိန်းညွန့်နဲ့လည်း လုပ်သွားတယ်လို့ ပြောတယ်။ အဲဒီလို အဖွဲ့ အစည်းတွေ ရောက်လာပြီးတော့ ကျွန်တော် နဲ့ အင်တာဗျူးဖို့ ကမ်းလှမ်းတယ်။ အဲဒီမှာ ဘယ်သူပါလာလဲဆိုတော့ ကိုရဲထွဋ်ပါလာ တယ်။ ဦးရဲထွဋ်ပေါ့ဗျာ။ ဦးရဲထွဋ်က အဲဒီ အဖွဲ့အစည်းမှာ Fellowship အလုပ်လုပ်နေ တယ်။ ပင်မလာတာက ဦးရဲထွဋ်က လာတာ မဟုတ်ဘူး။ ISEAS က လာတာ။ ဦးရဲထွဋ်က ပါလာတာ။ ကျွန်တော်တို့ တွေ့ပြီးတဲ့အခါ မှာ ဓာတ်ပုံရိုက်ပြီးတော့ သူက ပြောရှာတယ်။ ကျွန်တော့်ဖေ့စ်ဘွတ်မှာတော့ မတင်ဘူးနော် တဲ့။ ခင်ဗျား အဆဲခံရမှာစိုးလို့။ အဲဒီမှာ ကျွန် တော်က ကျွန်တော့်ရုံးလာတာ ဘယ်သူလာလာ ဧည့်သည်လာတဲ့ ကိစ္စပဲ။ လာတာကလည်း ဦးရဲထွဋ်လာတာ မဟုတ်ဘူး။ ISEAS လာတာ။ ခုနက ကျွန်တော်ပြောတဲ့ မျိုချထားတဲ့ ကိစ္စတွေကို တူးဖော်ဖို့ လာကြတာ။ ကျွန်တော့်သဘောဆန္ဒမပါဘဲ ဘာမှမလုပ်ပါဘူး။ အဲဒါကို ကျွန်တော့်ကို ဖေ့စ်ဘွတ်တွေမှာ ဓာတ်ပုံတင်လို့ ဝေဖန်တိုက်ခိုက် ပြောဆို နေကြတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ခိုးကြောင်ခိုးဝှက်တွေ့တာကို သူတို့က လျှို့ဝှက်သတင်းရယူပြီးတော့ ပြောတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုက ကျွန်တော်တို့ က တွေ့တယ်။ ကိုယ်တွေ့တဲ့ဟာကို ကိုယ့် ပို့စ်မှာ ပွင့်ပွင့်လင်းလင်း တင်ထားတာကို ဘာမှ မရိုးမသား ခိုးကြောင်ခိုးဝှက် လုပ်ထားတာ မရှိဘူး။ သမိုင်းဆိုင်ရာ ကွင်းဆက်မပြတ် ဖို့အရေး ပြုစုဖို့အတွက် မျိုထားတာတွေကို သုတေသနလုပ်ဖို့ လာတာလေ။ တချို့ဆို မျိုထားရင်းနဲ့ သေသွားတာတွေ ရှိတယ်။ တချို့ဟာတွေ ကျွန်တော့်ဆီမှာ တစ်ဆင့်ကြား အချက်အလက်တွေ အများကြီးရှိတယ်။ သေသည်အထိ တချို့ပုဂ္ဂိုလ်ကြီးတွေဟာ ထိန်းသိမ်းသွားတာတွေ အများကြီးရှိတယ်။ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ ရှိတယ်။ နှောင်းလူတွေအနေနဲ့ စာရွက်ပေါ်မှာ တင်ထားတဲ့ အချက်အလက်တွေကိုပဲ သိရတယ်။ တကယ့်အဖြစ်အပျက်တွေကို မသိရဘူး။ အင်မတန်နက်ရှိုင်းတဲ့ ကိစ္စတွေပေါ့။ ကာယကံရှင်တွေ ကွယ်လွန်သွားတာနဲ့အတူ အဲဒီသမိုင်းတွေဟာ ပါသွားတယ်။ အဲဒီပုဂ္ဂိုလ်ကြီးများ ပြောခဲ့တဲ့ တချို့အချက်အလက်တွေ ဆိုရင် ကျွန်တော့်ရင်ထဲမှာ ရှိတယ်။ စိတ်ထဲမှာ တော်တော်လည်း ကြေကွဲရတယ်။ အော် သူတို့ခမျာ သေတဲ့အထိ မျိုသိပ်သွားရတယ်။ ထိန်းသိမ်းသွားရတယ်။ သမိုင်းရှုထောင့်အရ၊ ပညာရပ်ရှုထောင့်အရ ပြောရရင် လူ့အဖွဲ့အစည်းမှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာကြောင့်ဖြစ် ခဲ့လဲ။ သူ့နောက်ကွယ်က ဘာတွေလဲ။ နောင် လာနောက်သားများ လေ့လာဖို့အတွက် ဘာတွေလဲ။ ဒီနိုင်ငံရေးတွေဟာ အကုန်လုံး သိသာ ထင်ရှားစွာရှိတယ်။ ကျွန်တော်တို့ဆီမှာက နိုင်တဲ့သူရေးတဲ့ သမိုင်းပဲရှိတယ်။ အားကြီးတဲ့သူရေးတဲ့ သမိုင်းပဲရှိတယ်။

တကယ့် သမိုင်းအချက်အလက်တွေ ပျောက်နေတဲ့ ကိစ္စမှာ ကျွန်တော်ကိုယ်တိုင် ဇာတ်ကောင် ဖြစ်လာတဲ့အခါမှာ ကျွန်တော်လည်း ကျူးလွန်တဲ့အထဲမှာ ပါတယ်။ မျိုထားတာကိုး။ နှစ် ၃ဝ လောက်ရှိပြီ။ ၈၈ ကတည်းက မျိုချထားတာ။ နောက်ကျရင်တော့ ဒါတွေကို ဘာမှ ပုဂ္ဂိုလ်ရေးကိစ္စတွေ မပါဘဲနဲ့ အချက်အလက်တွေအဖြစ်နဲ့ နှောင်းလူတွေ လေ့လာနိုင်ဖို့ ကိစ္စအဖြစ် ကျွန်တော် ကြိုးပမ်းသွားမှာပါ။

The Speaker 

Pages