FDA ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို မုဒိမ်းကျင့်သတ်ဖြတ်သူ မျိုးဇော်ဦး သေဒဏ်ချမှတ်ခံရ

Share it:

ရန်ကုန်၊ ဇွန် ၂၂

FDA ဒုကြီးကြပ်ရေး မရွှေရည်ဝင်းကို မုဒိမ်းကျင့်သတ်ဖြတ်သူ တရားခံ မျိုးဇော်ဦးကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။

ဖြစ်စဉ်မှာ အစားအသောက်နှင့်ဆေးဝါးဦးစီးဌာန ( FDA)မှ ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်း(ခ) ရွှေရည် ( ၂၅) နှစ်အား သတ်ပြီး ဒဂုံမြောက်မြို့နယ် (၃၃) တိုးချဲ့ ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်း၊ ငမိုးရိပ်ချောင်းဘေး၊ ဖူဆယ်မိုးလုံ လေလုံအားကစားရုံအနီး ချောင်းရေကျော်တံတားအစပ် ကုလားမန်ကျည်းပင်အောက်တွင် အလောင်း ပစ်ထားခဲ့ကြောင်း သိရှိရသည်။

 သေဆုံးသူမှာ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်နေ မရွှေရည်ဝင်း(ခ)ရွှေရည် (၂၅) နှစ်ဆိုသူဖြစ်ကြောင်း၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေရာမှ ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကုန်သို့ ပြန်လာခဲ့ပြီး ဇန်နဝါရီလ ၂၀ရက်နေ့တွင် အလုပ်ကိစ္စဖြင့် နေအိမ်မှ ထွက်သွားရာမှ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် ဖခင်ဖြစ်သူ ဦးကျော်စိုးက ဒဂုံမြို့မ ရဲစခန်းတွင် လူပျောက်အမှတ်စဉ် ( ၁ / ၂၀၁၈ ) ဖြင့် တိုင်တန်းထားသူဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ မရွှေရည်ဝင်း (ခ)ရွှေရည် ဝတ်ဆင်ထားသော ပလက်တီနန်ဆွဲကြိုး ၁ ကုံး၊ ပလက်တီနန်ခြေကျင်း ၁ ခု၊ ပလက်တီနန်နားဆွဲသီး ၁ ရံ၊ SAMSUNG Galaxy A5 အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်း ၁ လုံးနှင့် ပိုက်ဆံအိတ် ၁ လုံးပျောက်ဆုံးနေကြောင်း၊ မရွှေရည်ဝင်း (ခ)ရွှေရည်အား မသေဆုံးမီ ည ၁၉၄၃ အချိန်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာတွင် ဈေးဝယ်ရန် ရောက်ရှိနေကြောင်း၊ အချိန်နောက်ကျနေ၍ ကားငှားပြန်လာခဲ့ရန် ဖခင်ဖြစ်သူ ဦးကျော်စိုးနှင့် ဖုန်းအဆက်သွယ်ရကြောင်း၊ အငှားကားဖြင့် ပြန်လာစဉ် ၁၉၅၀ နာရီအချိန်တွင် မရွှေရည်ဝင်း (ခ) ရွှေရည်၏ သူငယ်ချင်းဖြစ်သူ မင်းဇော်အောင်က အိမ်ပြန်ရောက် မရောက်ဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့ကြောင်း  သိရှိရသည်။

 ဇန်နဝါရီလ ၂၄ ရက်နေ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှိ ဖုန်းပြုပြင်ရေးဆိုင်သို့ သတင်းပေးရန်ဖြန့်ဝေထားသည် SAMSUNG Galaxy A5 အမျိုးအစား ရွှေရောင်ဖုန်း တစ်လုံးကိုအမျိုးသားတစ်ဦးက ဆော့ဝဲအသစ်တင်ပေးရန် လာရောက်ပြုပြင်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် အမှုဖြင့် မသင်္ကာသူ မျိုးဇော်ဦး(၂၇)နှစ်၊ ယာဉ်မောင်း၊ (ဘ) ဦးသန်းဇော် ၊ ပတ္တမြားလမ်း၊ (၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေသူအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သက်သေခံဖုန်းကို သိမ်းဆည်းကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူစစ်ဆေးခဲ့ရမှာ အမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။


ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦး၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၂၁ ရက်နေ့ညနေ ၁၉၄၀ နာရီအချိန်တွင် 7E/6169 ယာဉ်အမှတ် တိုရိုတာဗစ် အမျိုးအစား အငှားမော်တော်ယာဉ်ကို မောင်းနှင်လာစဉ် ကမာရွတ်၊ လှည်းတန်းစင်တာ အနီး အင်းစိန်လမ်းမပေါ်တွင် အမျိုး သမီးတစ်ဦးမှ ဒဂုံမြို့နယ်၊ မင်းမနိုင်ရပ်ကွက်သို့ ပို့ဆောင်ပေးရန် ၂၅၀၀ ကျပ်ဖြင့် ငှားရမ်းသဖြင့် တင်ဆောင်၍ မောင်းနှင်လာခဲ့ကြောင်း၊ မင်းမနိုင်ရပ်ကွက်အတွင်း နေအိမ်အနီး ရောက်ရှိစဉ် သေဆုံးသူမှ မော်တော်ယာဉ်အတွင်း ယာဉ်ငှားခပေးခဲ့ရာ အဲယားကွန်ဖွင့်ပေးခဲ့ရသဖြင့် ငွေ ၁၀၀၀ ကျပ် ပိုမိုတောင်းခံသည့် ကိစ္စဖြင့် စကားများခဲ့ကြောင်း၊ ကားရပ်ပြီး ကားအတွင်းမှပင် နောက်ခန်းသို့ ကူးကာ အမျိုးသမီး၏ လည်ပင်းကို ညစ်ပြီးကားပေါ်တွင် ပါလာသည့် ဝက်အူလှည့်ဖြင့် လည်ပင်းသို့ ထိုးလိုက် သဖြင့် အမျိုးသမီးမှာ သတိမေ့သွားကြောင်း၊ ၎င်းလည်း ကားကို ဒဂုံမြို့သစ်(မြောက်ပိုင်း)သို့ပြန်လည်မောင်းခဲ့ရာ (၃၃)ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်းပေါ် ဖူဆယ်ဘောလုံးကွင်းအနီး လမ်းဘေး အမှောင်ရိပ်တွင် သတိမေ့ နေသည့် အမျိုးသမီးအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ အမျိုးသမီး ဝတ်ဆင်လာသည့် ပလက်တီနန်ဆွဲကြိုး၊ နားကပ်၊ ခြေကျင်း၊ ပိုက်ဆံအိတ်နှင့်ဖုန်းတို့ကို ယူဆောင်ခဲ့ကြောင်း၊ အမျိုးသမီးမှာ သတိမေ့နေရာမှ သေဆုံးသွား သဖြင့် အလောင်းကို ဒဂုံမြောက်မြို့နယ်၊ (၃၃) တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင် ဘုရားလမ်း၊ ငမိုးရိပ်ချောင်းဘေး ၊ ဖူဆယ်မိုးလုံလေလုံအားကစားရုံအနီး ချောင်းရေကျော်တံတားအစပ် ကုလားမန်ကျည်း ပင်အောက်တွင် ပစ်ထားခဲ့ကြောင်း သိရှိရသည်။




Share it:

Crime

Life

LocalNews

Myanmar

News

Post A Comment: