VAR technology ဆိုသည်မှာ

Share it:


VAR စနစ်မှာ
သွင်းဂိုးနဲ့ပါတ်သက်ပြီးအငြင်းပွားမှု(ဂိုးဝင်မဝင် ဆုံးဖြတ်မှု) , တိုက်ရိုက်အနီကဒ်ပြစ်ဒဏ်အတွက် သုံးသပ်မှု (ဒုတိယအဝါကဒ်ပြသမှုအတွက်-၂ဝါတစ်နီအတွက် ကြည့်ရှုပြီးဆုံးဖြတ်စရာမလို) , ပင်နတီပြစ်ဒဏ် သတ်မှတ်မှု, အနီကဒ်နှင့်အဝါကဒ်ပြစ်ဒဏ် မှားယွင်းဆုံးဖြတ်မှု စတာတွေအတွက် အငြင်းပွားမှုတွေဖြစ်ပေါ်လာပါက VAR စနစ်ကို အသုံးပြုပြီး ဖြေရှင်းသွားဖြစ်ပါတယ်။

VAR စနစ်မှာ ဗီဒီယိုမှတ်တမ်းကိုကြည့်ရှုမယ့်နေရာ Video Operation Room (VOR) ကို သီးခြားပြုလုပ်ပေးရပါမယ်။ ဒီအခန်းမှာ VAR , AVAR တို့နဲ့အတူ Replay Operator တို့ ရှိနေပြီး အငြင်းပွားဖွယ်ရာလုပ်ဆောင်ချက်တွေ အဖြစ်အပျက်တွေကို အမြဲစောင့်ကြည့်နေကြမှာပါ။ ဒါကို silent check လို့ခေါ်ပါတယ်။ အငြင်းပွားဖွယ်ရာ ပြဿနာတစ်စုံတစ်ရာမဖြစ်မချင်း သူတို့ဟာကွင်းထဲက ကွင်းလယ်ဒိုင်ကိုဆက်သွယ်ပေးမှာမဟုတ်ပါဘူး။ တကယ်လို့ ကွင်းထဲက ကွင်းလည်ဒိုင် စည်းကြပ်ဒိုင်တွေက မြင်တွေ့ခဲ့ခြင်းမရှိဘဲ လက်ထိတာတွေ ပြစ်ဒဏ်ကျူးလွန်တာတွေဖြစ်လာခဲ့ရင် VAR ဒိုင်က ကွင်းလယ်ဒိုင်ကို အကြောင်းကြားနိုင်ပါတယ်။ ဒါမှမဟုတ် ကွင်းလယ်ဒိုင် ,စည်းကြပ်ဒိုင်တို့ရဲ့ဆုံးဖြတ်ချက်အတွက် ကွင်းလယ်ဒိုင်ဟာ ရှင်းရှင်းမြင်တွေ့ရခြင်းမရှိခဲ့ရင် ပိုမိုသေချာတဲ့ဆုံးဖြတ်ချက်အတွက် VAR ကို အကူအညီတောင်းနိုင်ပါတယ်။ တကယ်လို့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေအတွက် ကွင်းထဲမှာအငြင်းပွားမှုတွေဖြစ်ပေါ်နေရင်လည်း VAR ကို အသုံးပြုနိုင်ပါတယ်။ VAR ဆီကနေ အချက်ပြတာကို လက်ခံရရှိတဲ့အချိန် ဒါမှမဟုတ် အငြင်းပွားဖွယ်ရာဖြစ်ပေါ်လာလျှင် ကွင်းလယ်ဒိုင်အနေဖြင့် ခရာမှုတ်ပြီး ပွဲကိုရပ်နားနိုင်ပါတယ်။ ဘာကြောင့်ရပ်နားရတယ်ဆိုတာကို သိဖို့ VAR စနစ်အသုံးပြုမယ့်မော်နီတာဘက်ကို လက်ညှိုးထိုးပြပြီး နည်းပြအဖွဲ့နှင့်ကစားသမားတွေကို အသိပေးရပါမယ်။



(အသင်းတစ်သင်းက တိုက်စစ်ဆင်ပြီး ဘောလုံးကစားနေစဉ်အတောအတွင်း, ဂိုးရလုရခင်အခြေအနေတွေ မှာ ပွဲကိုရပ်နားခွင့်မရှိပါဘူး) အဲ့နောက် On Field Review(OFR) ကို စတင်နိုင်ပါပြီ။ VAR ဒိုင်က VOR ကနေ ပေးပို့တဲ့မှတ်တမ်းကိုကြည့်ရှုဖို့ ကွင်းဘေးက မော်နီတာဆီကိုသွားကြည့်ပေးရပါမယ်။ အဲ့ဒီနေရာကို Referee Review Area(RRA) လို့ခေါ်ပါတယ်။ အဲ့ဒီနေရာကို ပြိုင်ဘက် ၂ သင်းရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေလာရောက်ကြည့်ရှုခွင့်မရှိပါဘူး။ လာရောက်ကြည့်ရှုဖို့ကြိုးစားတဲ့ကစားသမားကို ကွင်းလယ်ဒိုင်က အဝါကဒ်ပြ သတိပေးပိုင်ခွင့်ရှိပါတယ်။

အဲ့ဒီနေရာမှာ Review Assistant(RA) ရဲ့အကူအညီနဲ့ ဗွီဒီယိုမှတ်တမ်းကို ကြည့်ရှုနိုင်ပါတယ်။ အငြင်းပွားဖွယ်ရာကိစ္စတစ်ခုအတွက် နောက်ဆုံးဆုံးဖြတ်ချက်ကို ကွင်းလယ်ဒိုင်ကသာ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒီစနစ်ကို ဘောလုံးကစားနည်းစည်းမျဉ်းစည်းကမ်းတွေ(Laws of the Games) ကို ရေးဆွဲနေတဲ့ International Football Association Board(IFAB) က ၂၀၁၆ ခုနှစ် ဇွန်လအစည်းအဝေးမှာ စတင် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အမေရိကန်မေဂျာလိဂ်(MLS) အရန်အသင်းတွေရဲ့ပွဲစဉ်တစ်ပွဲမှာ ၂၀၁၆ခုနှစ် ဩဂုတ်လမှာ စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒီနောက် စက်တင်ဘာလမှာကစားခဲ့တဲ့ ပြင်သစ်နှင့်အီတလီလက်ရွေးစင်အသင်းတွေရဲ့ခြေစမ်းပွဲနဲ့ 2016 FIFA Club World Cup မှာ ဆက်လက်အသုံးပြုခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲမှာ ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၇ခုနှစ် ဧပြီလ ၇ ရက်နေ့တုန်းက A-league ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Melbourne City နှင့် Adelaide United တို့ရဲ့ပွဲစဉ်မှာစတင်အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲစဉ်မှာ အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာမပေါ်ပေါက်ခဲ့တဲ့အတွက် VAR အကူအညီ မယူခဲ့ရပါဘူး။ VAR အကူအညီယူခဲ့ရတဲ့ပထမဦးဆုံးပွဲစဉ်ကတော့ ဧပြီလ ၈ ရက်နေ့မှာကစားခဲ့တဲ့ Wellington Phoenix နှင့် Sydney FC တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ 

VAR စတင်ခဲ့ရာ MLS မှာတော့ ပထမဦးဆုံးသော တရားဝင်ပွဲစဉ်တစ်ခုအဖြစ် Philadelphia Union နှင့် FC Dallas တို့ရဲ့ မေဂျာလိဂ်ပွဲစဉ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ဇူလိုင်လ တုန်းက 2017 Polish Super Cup မှာ စတင်အသုံးပြုရာမှစတင်ပြီး ဥရောပလိဂ်တွေမှာ VAR စနစ်ကို အသုံးပြုလာကြပါတယ်။ ၂၀၁၇-၂၀၁၈ ရာသီမှာတော့ ဂျာမနီ, အီတလီ, ပြင်သစ်, ပေါ်တူဂီ နိုင်ငံတွေရဲ့ပြည်တွင်းပြိုင်ပွဲတွေမှာ အသုံးပြုနေကြပါတယ်။2017 FIFA U-20 World Cup နှင့် 2017 Confederations Cup ပြိုင်ပွဲတွေမှာ လည်း ဒီစနစ်ကို အသုံးပြုခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်အသုံးပြုနေပါတယ်။

အင်္ဂလန်မြေမှာ ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ ဝင်ဘလေကွင်းထဲမှာကစားခဲ့တဲ့ အင်္ဂလန်နှင့်ဂျာမနီ လက်ရွေးစင်အသင်းကြီးတွေရဲ့ခြေစမ်းပွဲမှာ VAR စနစ်ကို စတင်အသုံးပြုခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်ပြိုင်ပွဲအဆင့် အသုံးပြုမှုအဖြစ် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာကစားခဲ့တဲ့ ဘရိုက်တန်အသင်းနှင့်ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ FA ဖလား ပွဲစဉ်မှာ စတင်အသုံးပြုခဲ့ပါတယ်။

အာရှမှာတော့ လာမယ့် တရုတ်စူပါလိဂ် ၂၀၁၈ ပြိုင်ပွဲမှာ ဒီစနစ်ကို အသုံးပြုသွားပြီး အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ထိုင်းလိဂ်ဖွင့်ပွဲ 2018 Thailand Champions Cup ပွဲစဉ်အဖြစ် Burriam United နှင့် Chiangrai United အသင်းတို့ရဲ့ပွဲစဉ်မှာ VAR စနစ်ကို စတင်အသုံးပြုခဲ့ပါတယ်။ ကမ္ဘာ့ပထမဦးဆုံးသော VAR training centre ကို အီတလီနိုင်ငံမှာ ၂၀၁၈ခုနှစ် ဇန်နဝါရီလမှာဖွင့်လှစ်ခဲ့ပါတယ်။

Credit : Soe Moe
Share it:

Article

Football

TechNews

VAR

VAR Technology

Post A Comment: