ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ ဦးဆောင်ဆရာတော်ဒေါက်တာ အရှင်သောပါကနှင့်တွေ့ဆုံခြင်း

Share it:


“နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ဦးပဉ္ဇင်းတို့ကတော့ အများဆန္ဒ၊ တူညီသော ဆန္ဒနဲ့ အလုပ်လုပ်မှာပါ”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)


နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က မဘသခေါ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကို ၂၀၁၇ ခုနှစ် မေလတွင် ဖျက်သိမ်းရန် ညွှန်ကြားပြီးနောက် မဘသ အသွင်ပြောင်းလဲထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကိုလည်း ထပ်မံ ဖျက်သိမ်းရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထပ်မံညွှန်ကြားလိုက်သည်။ သို့သော်လည်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက သဘောထားကြေညာချက်ထုတ်ပြန်ပြီး ဆက်လက် ရပ်တည်ရေး၊ မရပ်တည်ရေး သဘောထားဆန္ဒတောင်းခံမှုများ ဆောင်ရွက်နေရာ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ ဦးဆောင်ဆရာတော်ဒေါက်တာ အရှင်သောပါကကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နိုင်ငံတော်သံဃာမဟာနာယကကနေ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို တရားမဝင် အဖွဲ့ အဖြစ်သတ်မှတ်ပြီး ၄၅ ရက်အတွင်း ဖျက်သိမ်းခိုင်းတာနဲ့ပတ်သက်လို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက သဘောထားကြေညာချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အဲဒီတော့ မဟနရဲ့ အပေါ် ဘယ်လို သဘောထားပါသလဲ။

ဖြေ။ ။ သဘောထားထုတ်ပြန်ချက်ကတော့ ဦးပဉ္ဇင်းတို့ရဲ့ သဘောထားပါပဲ။ မဟနရဲ့ ထုတ်ပြန်ချက်က ကျိုးကြောင်းမဆီလျှော်ဘူးလို့ အဲလိုပဲ သုံးသပ်ရင်လည်း ရတာပဲ။ သူတို့ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် မဘသပုံစံနဲ့ ဖျက်သိမ်းတုန်းကလည်း ဒီပုံစံအတိုင်းပဲ ထွက်လာတာပဲ။ ဘာကိုကိုင်ထားလဲဆိုရင်တော့ သံဃာအဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီးတော့ ဥပဒေနဲ့မငြိ ငြိအောင် သံဃာ့အဖွဲ့အစည်းဆိုတဲ့ အမည်ကို သွင်းမှသာလျှင် ဥပဒေနဲ့အရေးယူလို့ရမှာကိုး ။ အဲဒီအတွက်ကြောင့်မို့ သံဃာ့အဖွဲ့အစည်းဖြစ်တယ်။ သံဃာ့အဖွဲ့အစည်းဖြစ်လို့ တရားမဝင်ဘူးလို့ ဒီလိုသတ်မှတ်တာကို။ တကယ်တော့ ဦးပဉ္ဇင်းတို့ ဖွဲ့စည်းပုံနဲ့ စဖွဲ့စည်းကတည်းက ဒီမှာလည်းပဲ ကြေညာထားပြီးသားပါ။ သီခြားသံဃာ့အဖွဲ့အစည်းမဟုတ်ဘူး။ ဦးပဉ္ဇင်းတို့ အဖွဲ့အစည်းမှာ လူလည်းပါတယ်။ အမျိုးသားရော အမျိုးသမီးရော ဥပဒေပညာရှင်ရော၊ အနုပညာရှင်ရော အကုန်လုံးပေါင်းစပ်ထားတဲ့ အဖွဲ့အစည်း။ သံဃာ့အဖွဲ့အစည်းသက်သက်မဟုတ်ဘူး။ သံဃာ့အဖွဲ့အစည်းသက်သက်မဟုတ်ရင် သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းတွေနဲ့ ငြိစွန်းစရာ ဘာမှ မရှိဘူး။ နောက်တစ်ခါ တည်ဆဲဥပဒေအရ အသင်းအဖွဲ့များဆိုင်ရာ မှတ်ပုံတင်ခြင်းဥပဒေနဲ့ အညီ ဖွဲ့ထားတာဖြစ်ခြင်းကြောင့် ဒါက ဖျက်သိမ်းလို့လည်းမရဘူး။ မတရားအသင်းကြေညာလို့လည်းမရဘူး။

မေး။ ။ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က မဘသတုန်းကလည်း တစ်ခါ ဖျက်သိမ်းခဲ့တယ်။ အခု ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုပြီး လုပ်တော့လည်း အခုလို နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့က ဖျက်သိမ်းဖို့ ညွှန်ကြားတော့ ဒီလို ဖျက်သိမ်းဖို့ မဟနက ပြောလာတာက ဘယ်လိုရည်ရွယ်ချက်တွေကြောင့် လို့ ထင်ပါလဲ။

ဖြေ။ ။ အဓိကက ဆရာတော်ကြီးကို သွားမေးလိုက်ရင် ခင်ဗျား ပိုသိမှာပေါ့။ အစည်းအဝေးရှိနေရင် ၄၇ ပါးလုံးကို သွားလျှောက်ကြည့်ရင် ပိုမကောင်းဘူးလား။အဲဒါဆိုရင် သိမှာပေါ့။

မေး။ ။ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းရဲ့ ကြေညာချက်ထဲမှာ သံဃာကွဲပြားခြင်း၊ အုံကြွခြင်းတွေ ဖြစ်လာရင် မဟနနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ တာဝန်သာဖြစ်တယ်လို့ ပြောထားတာလည်း ပါနေတယ်။ ဘယ်လို သံဃာ ကွဲပြား အုံကြွတာတွေ ဖြစ်လာနိုင်လို့လဲ။

ဖြေ။ ။ ဒါကတော့ အနာဂတ်မှာ ဘယ်သူမှ မမြင်နိုင်ဘူး။ ကျုပ်တို့က ဈာန်ရ ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ ဖြစ်ပေါ်လာရင် ဦးပဉ္ဇင်းတို့ကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတာ ကြေညာချက်ထုတ်လို့ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေကို မမြင်ရဘူးလေ။ ဖြစ်လာရင်လည်း ဦးပဉ္ဇင်းတို့နဲ့ မဆိုင်ဘူး။ သူတို့တာဝန်ပဲ။ အဲဒီသဘောတရားကို ရေးတာပါ။

မေး။ ။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရှေ့ဆက်ပြီး အလုပ်တွေ လုပ်သင့်၊ မလုပ်သင့်၊ ဖောင်ဒေးရှင်းကို ဖြုတ်သင့်၊ မဖြုတ်သင့် သဘောထားဆန္ဒကောက်ခံထားတာလည်း တွေ့ရတယ်။ အဲဒီလို သဘောထားကောက်ခံမှုမှာ ဆက်လုပ်သင့်တယ်၊ မဖြုတ်သင့်ဘူးလို့ ဆန္ဒပြုလာကြရင် ဆက်လုပ်မလား။ မလုပ်သင့်ဘူး ဖြုတ်သင့်တယ်လို့ သဘောထားတွေ ထွက်လာရင် ဖျက်သိမ်းမှာလား။ ဘယ်လိုမျိုးပါလဲ။

ဖြေ။ ။ ဦးပဉ္ဇင်းတို့က ဒီ မဟနရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဗဟိုဦးစီးစနစ်နဲ့ ဆုံးဖြတ်ချက်ချပြီးတော့ မလုပ်တော့ဘဲနဲ့ သက်ဆိုင်ရာ တစ်နိုင်ငံလုံးမှာရှိနေတဲ့ မဘသတွေ ဖောင်ဒေးရှင်းတွေရဲ့ ဆန္ဒကို တောင်းခံတာလေ။ တောင်းခံပြီးတော့ တူညီသော ဆန္ဒဖြစ်ခဲ့ရင် ဆရာတော်တွေ ဆုံးဖြတ်တဲ့အတိုင်း ဆိုင်းဘုတ်ကို ဖြုတ်ချမယ်ဆိုတဲ့ တူညီသော ဆန္ဒရှိရင် အကုန်ဖြုတ်ပစ်လိုက်မှာ။ ဆရာတော်ကြီးတွေ ဆန္ဒအတိုင်း လိုက်နာမယ်ဆိုတဲ့ တူညီတဲ့ ဆုံးဖြတ်ချက်ရှိရင် ဦးပဉ္ဇင်းတို့က အကုန်လိုက်နာသွားမှာပဲ။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်တွေက အဲဒီလို ဖြုတ်စရာမလိုဘူး၊ ဖြုတ်လည်း မဖြုတ်နိုင်ဘူး တူညီသော ဆန္ဒရှိမယ်၊ ဒီနာမည်နဲ့ပဲ ဆက်ပြီး လှုပ်ရှားမယ်ဆိုတဲ့ တူညီတဲ့ ဆန္ဒရှိရင် ဦးပဉ္ဇင်းတို့က တောက်လျှောက် ဆက်လုပ်သွားမှာပဲ။ ဒါ အားလုံးရဲ့ ဆန္ဒ။ တူညီသော ဆန္ဒ။ အဖွဲ့အစည်းအချင်းချင်းရဲ့ ညီညွတ်မှု ဆန္ဒ။ အဲဒီဆန္ဒတွေနဲ့ပဲ ဦးပဉ္ဇင်းတို့ အလုပ်လုပ်မှာပါ။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ဦးပဉ္ဇင်းတို့ကတော့ အများဆန္ဒ၊ တူညီသော ဆန္ဒနဲ့ အလုပ်လုပ်မှာပါ။ နောက်တစ်ခုက ဦးပဉ္ဇင်းတို့က လက်မှတ် Campaign လုပ်တာမဟုတ်ဘူး။ တချို့က မြင်ကြတယ်။ လက်မှတ်တွေစုနေပြီဆိုပြီးထင်တယ်။ လက်မှတ်ကို စုဆောင်းပြီး အလုပ်လုပ်မှာမဟုတ်ဘူး။ အခုက ဝါဆိုခါနီးဖြစ်နေတဲ့ ကာလမှာ အစည်းအဝေးခေါ်လို့ အဆင်မပြေနိုင်တော့ဘူး။ ဝါဆိုက နီးလာပြီ။ မခေါ်တော့ဘဲ မြို့နယ်ရဲ့ ဆန္ဒပေါ့။ မြို့နယ်တွေက အစည်းအဝေးခေါ်ပြီး ကိုယ့်မြို့နယ်ရဲ့ သဘောထား ဆန္ဒကို ပို့ပေါ့။ အဲလိုကောက်ယူတာပါ။ လက်မှတ်စုဆောင်းပြီးလုပ်တာမဟုတ်ဘူး။

မေး။ ။ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်နဲ့ မေးမြန်းခွင့်ရတဲ့အခါ မဘသနဲ့ပတ်သက်လို့ နိုင်ငံရေးအရ လက်မည်ကြီးတွေ နောက်မှာ ရှိပြီး တိုင်းပြည်စည်းလုံးညီညွတ်ရေးပျက်ပြားအောင် လုပ်တဲ့အဖွဲ့ ဆိုပြီး မိန့်ပါတယ်။ အဲဒီလို သဘောထားမျိုးက ပြည်တွင်းက လူပုဂ္ဂိုလ်တွေမှာလည်း ရှိပါတယ်။ ဘာကြောင့် အဲလို ပြောသံတွေရှိနေလဲ။ ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ အဲဒီလက်မည်းကြီးပြောတဲ့သူရဲ့ နောက်မှာ ရှိနေတဲ့ လက်မည်းကြီးကိုလည်း ပြန်ကြည့်ဖို့ပဲလိုတယ်။ ဦးပဉ္ဇင်းတို့က ပြောစရာမရှိဘူး။ ဦးပဉ္ဇင်းတို့ နောက်မှာ လက်မည်းကြီးမှ မရှိတာ။ ပြောတဲ့သူတွေရဲ့ နောက်မှာ ရှိနေတဲ့ လက်မည်းကြီးကိုပဲ ဖော်ထုတ်ပေးဖို့ပဲ ပြန်ပြောဖို့ပဲ ရှိတာပေါ့။

မေး။ ။ တကယ်ရော မဘသက အမျိုးဘာသာသာသနာအတွက် လုပ်နေတယ်လို့ ပြောချင်တာလား။

ဖြေ။ ။ တကယ်တော့ ဦးပဉ္ဇင်းတို့ အခု ပြောနေတဲ့ ဆရာတော်တွေကရောလူတွေရောက မြေပြင်ကို ကြည့်ဖို့လိုတယ်။ ဦဦးပဉ္ဇင်းတို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀၁၇ မှာဖြစ်ခဲ့တဲ့ ဘင်္ဂါလီအကြမ်းဖက်တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်လို့ ကူညီရေးလုပ်ငန်းတွေ သိန်းပေါင်း ၁၀၀၀ ကျော် လှူခဲ့တယ်။ ရေဘေးမီးဘေးတွေ ဦးပဉ္ဇင်းတို့ ကွင်းဆင်းအလုပ်လုပ်ခဲ့ကြတယ်။ ကူခဲ့ကြတယ်။ ဒါတွေက တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတာပဲလေ။ ဒီလုပ်ငန်းတွေကိုလည်း မြင်အောင်ကြည့်ဖို့လိုတယ်။ အဲဒါတွေကလည်း လက်မည်းကြီးဆိုတဲ့ ငွေတစ်ခုမှ မရှိဘူး။ ဦးပဉ္ဇင်းတို့ကိုယ်ပိုင်စုဆောင်းထားတဲ့ငွေတွေ။ ကိုယ့်အဖွဲ့ဝင်အချင်းချင်းက စုစည်းပြီးတော့ လုပ်ခဲ့ကြတာ။ လက်မည်းကြီးပြောတဲ့သူတွေကရော နိုင်ငံအတွက်ရော၊ သာသနာအတွက်ရော၊ ကိုယ့်ဆင်းရဲနွမ်းပါးတဲ့ ကိုယ့်တိုင်းရင်းသူ ကိုယ့်တိုင်းရင်းသားတွေ အတွက်ရော ဘယ်လောက် အထိ လုပ်ပေးနိုင်လဲ ပြန်ကြည့်ဖို့တော့ လိုလိမ့်မယ်ထင်ပါတယ်။

မေး။ ။မဘသအဖွဲ့အစည်းကို နိုင်ငံတကာကရော ကမ္ဘာကရော အစွန်းရောက်တဲ့အုပ်စုပုံစံအဖြစ် ဘာဖြစ်လို့ ပုံဖော်ခံနေရတာ ဘာကြောင့်လို့ ထင်လဲ။

မေး။ ။ အစွန်းရောက် အကြမ်းဖက်သူတွေ လုပ်ပိုင်ခွင့်မရအောင် လုပ်နေတယ်လို့ မြင်သလားလို့တော့ မပြောတတ်ဘူး။ ဦးပဉ္ဇင်းတို့လုပ်နေတာက အစွန်းရောက် အကြမ်းဖက် အလုပ်ကို လုပ်နေတာမဟုတ်ဘူး။ အစွန်းရောက်အကြမ်းဖက်မှုတွေ မလုပ်နိုင်အောင် တိုင်းသူပြည်သားတွေ အေးအေးချမ်းချမ်းရှိအောင် ဆောင်ရွက်ပေးနေတာပဲဖြစ်တယ်။ အဲဒါကိုမှ အကြမ်းဖက်တယ်လို့ မြင်နေရင်တော့ အစွန်းရောက် အကြမ်းဖက်ပုဂ္ဂိုလ်တွ လုပ်ခွင့်မရအောင် မဘသအဖွဲ့က တားဆီးနေသလားဆိုတဲ့ အမြင်မျိုးရှိနေသလားတော့ ဦဦးပဉ္ဇင်းတို့ မပြောတတ်ဘူး။ ဦးပဉ္ဇင်းတို့ရဲ့ မူရင်းလုပ်ဆောင်ချက်သည် အကြမ်းဖက် အစွန်းရောက်မဟုတ်ဘူး။ အကျိုးပြုလုပ်ငန်းလုပ်နေခြင်းသာဖြစ်တယ်။ အဲဒါကိုမှ အစွန်းရောက်လို့ မြင်နေရင်တော့ အစွန်းရောက်တဲ့ပုဂ္ဂိုလ်တွေ ဝင်ရောက်မှာကို မလိုလားတဲ့ လက်မည်းကြီးတွေကြောင့်လား မပြောတတ်ဘူးဗျ။

Credit : Khit Thit News
Share it:

Buddhist

Interview

latestnews

News

Political

Religious

Post A Comment: