တိုင်ပြည်၏ အမည်တွင် `မြန်မာနိုင်ငံ` ဆိုသည် ဝေါဟာရ ထည့်ခြင်းမထည့်ခြင်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် အခြားအစုအဖွဲ့များကြား အငြင်းပွားမှုဖြစ်ပွားနေ

Share it:


လက်ရှိဆွေးနွေးနေသော ၂၁-ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး၌ တိုင်းပြည်၏အမည်တွင် `မြန်မာနိုင်ငံ` ဆိုသည့် ထည့်ခြင်းမထည့်ခြင်းနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနေသည်။ တပ်မတော်အစုအဖွဲ့မှ တိုင်ပြည်၏ အမည်တွင် မြန်မာနိုင်ငံဆိုသည့် ဝေါဟာရ ထည့်သွင်းလိုပြီး အခြားအစုအဖွဲ့တချို့က လက်မခံကြောင်း သိရသည်။ သည့်အတွက်ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး The Ladies News က ၂၁-ပင်လုံ အစည်းအဝေးတွင် ဆွေးနွေးနေသော အစုအဖွဲ့အချို့၏ အမည်သဘောထားများကို စုစည်းတင်ပြလိုက်ပါသည်။
.
ဦးလှသိန်း
( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် )
.
တပ်မတော်ကနေပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံထည့်ချင်တယ်။ ကျန်တဲ့ basic principle တွေကတော့ အားလုံး သဘောတူတယ်။ မြန်မာနိုင်ငံ ထည့်တာမထည့်တာကိုပဲ ဒီမှာက အချင်းများနေတယ်။ လက်ရှိနိုင်ငံက မြန်မာနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံထည့်လိုက်လို့ ကျန်တဲ့အောက်က ဟာတွေက ဘာမှ
ပြုပြင်ပြောင်းလဲမှာမှ မဟုတ်ပဲ။ ဒီလိုသဘောထားကြီးမှု ပိုင်းလေးတွေမှာတော့ လိုသးတယ်လို့ အန်ကယ်အနေနဲ့ မြင်တယ်။ နိုင်ငံရေးအစုအဖွဲ့မှာ အန်ကယ်တို့ ပြည်ခိုင်ဖြိုးကတော့ ထည့်တာကို သဘောတူပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုမှာ တပ်မတော်က မြန်မာနိုင်ငံထည့်ချင်တာ။ အန်ကယ်တို့အနေနဲ့ ဘာမှ ကန့်ကွက်စရာ မရှိဘူး ပြည်ခိုင်ဖြိုးက။ ကျန်တဲ့ဟာတွေကြတော့လည်း အဲဒီမှာ မြန်မာနိုင်ငံကို မထည့်နဲ့၊ ဘယ်လိုနိုင်ငံမျိုး ဖြစ်လာမယ်ဆိုတာ ပြောလို့မရသေးတဲ့အတွက်ကြောင့်၊ ဒါပေမယ့် တစ်ခုသတိထားဖို့က ဥပဒေဆိုတဲ့ဟာမှာ အမြဲတမ်း အစားထိုးပြုပြင်လို့ ရတာချည်းပဲ။ နိုင်ငံသားအားလုံးက သဘောတူရင်၊ တကယ်လို့ ပြောင်းချင်ရင် အစားထိုးပြုပြင်လို့ရတာပဲ။ ဒါပေမယ့် လက်ရှိတည်ရှိနေတဲ့ နိုင်ငံသည် မြန်မာနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် အန်ကယ်တို့အနေနဲ့ မြန်မာနိုင်ငံထည့်တာသည် သင့်တော်တယ် လို့တော့ထင်တယ်။
.
စိုင်းကျော်ညွှန့်
( ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ
တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂)၊
UPDJC - အတွင်းရေးမှူးအဖွဲ့ဝင်)
.
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာက ဘာမှမထည့်ထားဘူးလေ။ UPDJC မှာ သဘောတူထားတဲ့ဟာက အားလုံးအတွက် အဆင်အပြေဆုံး ဆိုပြီးတော့ပဲ နားလည်ထားတယ်ပေါ့ဗျာ။ အဲတော့ တစ်ခုခုထည့်လိုက်တာနဲ့ စကားလုံးတစ်လုံးရဲ့ နောက်ကွယ်မှာ ဆွေးနွေးစရာ concept အကြီးကြီးတွေ ရှိတယ်။ တပ်မတော်က ထည့်တဲ့အချက်လိုပဲ EAO ဘက်ကလည်း တခြားတခြားသော အချက်တွေ ထည့်တယ်။ ဥပမာနိုင်ငံသားတို့ နေထိုင်သူတိုင်းတို့၊ ၀ိဝါဒကွဲစရာတွေ အများကြီးရှိတယ်။ အဲဒါကြောင့်မို့လို့ UPDJC ရောက်လာတယ် ဆိုတာလည်း လုပ်ငန်းကော်မတီမှာ အဆင့်ဆင့်ဆွေးနွေးပြီးမှ ရောက်လာတယ်ဆိုတော့ ဒါက အကောင်းဆုံး အဖြေဖြစ်မယ်၊ ရှေ့ဆက်သွားနိုင်ဖို့ အကောင်းဆုံးအဖြေဖြစ်တယ်လို့ ကျွန်တော်တို့ အနေနဲ့ ဒီလိုပဲ သွားတာလေ။ ဒီဟာ ထည့်ချင်းမထည့်ချင်း အပေါ်အမှာတော့ ကျွန်တော်ကတော့ ဘာမှမပြောချင်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃၇ ချက်ကိုလည်း ဒုတိယအစည်းအဝေးမှာ အတည်ပြုတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း တစ်မှာလည်း ဖေါ်ပြထားခြင်း မရှိဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံသော ပြည်ထောင်စုလို့ပဲ ဖေါ်ပြထားတယ်။ နံပါတ် တစ်မှာ ကတည်းက နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းသည်လိုပဲ ဒီလိုပဲရေးထားတယ် ဆိုတော့က ဒါက ရှေ့ဆက်သွားနိုင်တဲ့ အကောင်းဆုံး စကားလုံး ဖြစ်နေတာပေါ့ဗျာ။ တစ်ခုခုထည့်လိုက်တယ် ဆိုရင်တော့ သူက ထည့်တဲ့အပေါ်မှာ concept တွေက တစ်ဖက်နဲ့ တစ်ဖက် ကွဲပြီးတော့ ရှေ့ဆက်သွားနိုင်ဖို့ မဖြစ်ဘူးဖြစ်လာနိုင်တယ်။ တစ်ချိန်ချိန်ကြရင်တော့ ဒါကလည်း ဆွေးနွေးရမှာပဲလေ။ ဆွေးနွေးပြီးတဲ့အချိန်မှာ အားလုံး သဘောတူ တယ်ဆိုရင် ထိပ်ဆုံးမှာ တစ်ခါတည်း တပ်ထားလိုက်ပြီးသွားတာပဲ။ ဒီအသေးစိတ် အောက်တွေမှာ ထည့်နေရင် တော်ကြာအပိုဒ်တိုင်း အပိုဒ်တိုင်းတွေ လာထည့်နေရင်လည်း အလကားပဲ။ တစ်ချိန်ချိန်ကြရင် သဘောတူစာချုပ် အားလုံးရဲ့ ထိပ်စီးပေါ်မှာ အားလုံး သဘောတူတယ်ဆိုရင် ထည့်လိုက်ရင် အဲအချိန်ကြရင် ပြီးသွားတာပဲပေါ့လေ။ အဲဒီတော့ ရှေ့ဆက်သွားနိုင်ဖို့ ရေရှည်ကို မျှော်လင့်တယ်၊ အဖုအထစ်မရှိရင်ဘူးဆိုရင် အားလုံး သဘောတူလက်ခံထားတဲ့ ပုံစံနဲ့ သွားတာ ပိုကောင်းတယ်လို့ ဒီလိုပဲပြောချင်တယ်။
.
ရဲဘော်မျိုးဝင်း
(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ)
.
ဆွေးနွေးရမယ့် အကြောင်းအရာ တစ်ခုပဲဖြစ်မှာပေါ့နော်။ NCA စာချုပ်ပေါ်မှာ အခြေခံပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနေတာရှိတာကို NCA စာချုပ်အရ ဆိုရင်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု။ တစ်ဖက်မှာလည်းပဲ NCA စာချုပ်အရ ပြောမယ်ဆိုပြန်ရင်လည်း NCA စာချုပ်ရဲ့ အခြေခံမူထဲမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုတာ ဝေါဟာရပါပြီးသား ဖြစ်နေတယ်။ အဲဒီ NCA စာချုပ်မှာ ဝေါဟာရတွေ အမျိုးမျိုးဖြစ်နေတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့ တည်ဆောက်ရန် ဆိုတာ၊ ဒါလည်းတစ်ခု။ တစ်ဖက်မှာလည်းပဲ ပြည်ထောင်စုသမ္မတ နိုင်ငံတော်ဆိုတဲ့ ဝေါဟာရ ကလည်းပဲ NCA စာချုပ်မှာပါပြီးသား ဖြစ်နေတယ်။ ဒါနိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စ။ ဒါ NCA စာချုပ်ပါ ပြဋ္ဌာန်း ဖေါ်ပြချက်တွေ၊ အဘောတူချက်တွေဟာ ၀ိဝါဒကွဲပြာစရာတွေ ဖြစ်နေတယ်တော့ ဆက်လက်ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။ အဖွဲ့အစည်း အသီးသီမှာတော့ အဆိုပြုချက်တွေ ရှိနိုင်ပါတယ်။ တပ်မတော် အဆိုပြုချက် မှန်၏၊ မှား၏ ဆိုတာထက်ကို ဘယ်လိုညှိနှိုင်း ဆောင်ရွက်သွားမလဲ ဆိုတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းရမယ်ထင်ပါတယ်။ EAO အဆိုပြုချက် ရှိမယ်။ နိုင်ငံရေးပါတီက အဆိုပြုချက်ရှိမယ်။ အဲဒီအဆိုပြုချက် အားလုံးကို ဘယ်လိုနည်းနဲ့ ဖြေရှင်းကြမလဲပေါ့။ အခုဖြေရှင်းနေတာတော့ ခုနကပြောသလိုပဲ NCA စာချုပ်ပါ ပြဋ္ဌာန်းချက်တွေ၊ ကြားထဲမှာ ၀ိဝါဒကွဲပြားမှုတွေကို ပြန်လည်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

အောင်ရဲနောင်
The Ladies News
Share it:

Article

Interview

LocalNews

Myanmar

News

Political

Post A Comment: