ပျောက်ဆုံးနေသော န၀မတန်းကျောင်းသူနှစ်ဦး ပြန်တွေ့၊ လူကုန်ကူးခံရခြင်းမဟုတ်ဟုဆို - Eureka Myanmar

ပျောက်ဆုံးနေသော န၀မတန်းကျောင်းသူနှစ်ဦး ပြန်တွေ့၊ လူကုန်ကူးခံရခြင်းမဟုတ်ဟုဆို

Share This

ပျောက်ဆုံးနေသော အ သက်(၁၄)နှစ်အရွယ် နဝမတန်း ကျောင်းသူနှစ်ဦးကို ခြောက်ရက် အကြာတွင် ပြန်တွေ့ခဲ့ပြီး လူကုန်ကူးခံရခြင်းမဟုတ်ကြောင်း ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်နေ မမြသက်ကေခိုင်နှင့် အတန်းဖော်သူငယ်ချင်း မမြသော်သော်ဟန်သည် နေအိမ်မှ ထွက်သွားပြီး ဇူလိုင် ၂ ရက် ညနေက စတင်ပျောက်ဆုံးနေကာ ဇူလိုင် ၇ ရက်ညတွင် ပဲခူးမြို့ နန်းတော်ရာရပ်ကွက်ရှိ အိမ်တစ်အိမ်၌ ပြန်တွေ့ခဲ့သည်။

လူငယ်သဘာဝ စိတ်အခန့်မသင့်ဖြစ်ကာ အိမ်မှ ထွက်ခွာခြင်းဖြစ်ပြီး မမြသော်သော်ဟန်နှင့် သိကျွမ်းသည့် ပဲခူးမြို့ရှိ နေအိမ် တစ်အိမ်တွင် အတူနေထိုင်နေကြောင်း မိခင် ဒေါ်ဝါဝါမိုးက ပြောသည်။ ယင်းအိမ်မှ အမျိုးသမီးတစ်ဦးက ဆက်သွယ်အကြောင်း ကြား၍ အဖြစ်မှန်ကို သိရှိပြီးနောက် သွားရောက်ခေါ်ဆောင်ခဲ့သည်။ သမီးဖြစ်သူ ပျောက်ဆုံးနေသည့်ကာလအတွင်း မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ဟု ဒေါ်ဝါဝါမိုးက ပြောသည်။

သမီးပျောက်ဆုံးနေမှုကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ဒေါ်ဝါဝါမိုးက အကူအညီတောင်းခံရာ လူစိတ်ဝင်စားမှုများသော အကြောင်းအရာဖြစ်ခဲ့သည်။ မမြသက်ကေခိုင်နှင့်ဆင်တူသော မိန်းကလေးတစ်ဦးသည် မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခု၌ အမျိုးသမီးကြီးတစ်ဦးနှင့်အတူ တည်းခိုနေကြောင်း လူတစ်ဦးက ဆက်သွယ်အကြောင်းကြားသည့် အပေါ် စိုးရိမ်စိတ်လွန်ကဲနေသော ဒေါ်ဝါဝါမိုးက လူမှုကွန်ရက်တွင် ရေးသားခဲ့ရာ ယင်းအမျိုးသမီးအား ပြန်လည်တောင်းပန်ခဲ့ရသေးသည်။

အောင်​သစ်​လွင်
7Day News

Pages