အချိန်မတန်ခင် ကြွေလွင့်ခဲ့ရသော အဖိုးတန် လူငယ်လေးတစ်ယောက်အကြောင်း

Share it:


ဘတ်စကတ်ဘောကွင်းမှာ ဘတ်စကတ်ဘောကစားရင်း
ဓါတ်လိုက်သေဆုံးခဲ့ရတဲ့ ဆေးကျောင်းသားလေးအကြောင်းသတင်းကို ကြားမိကြမယ် ထင်ပါတယ်။

ဒီကလေးဟာ နယ်ကကျောင်းလာတက်နေရတဲ့ကလေးဖြစ်ကြောင်း သူ့ရပ်ရွာ သူ့ဒေသရဲ့မျှော်လင့်ချက်ကလေးဖြစ်ကြောင်း ကြားရတာနဲ့ သူ့ရွာက သိကျွမ်းသူတွေဆီ မေးမြန်းစုံစမ်းဖြစ်ခဲ့ပါတယ်။

သေဆုံးသွားသူ ကလေးရဲ့နာမည်က ထွဋ်မျိုးလွင် ပါ။ ဆေးတက္ကသိုလ် ၂ရဲ့ Final Part 2 Junior ကျောင်းသားလေးဖြစ်ပြီး မကြာခင် ဆရာဝန်ဘဝကို ရောက်ရှိတော့မယ့်သူပေါ့။

သူဟာ ဒိုက်ဦးမြို့နယ် ကျိုက်စကောရွာ ဇာတိဖြစ်ပြီး လယ်ယာလုပ်ငန်းနဲ့ အသက်မွေးသူ ဦးကျော်တိုးနဲ့ ဒေါ်စန္ဒာတို့ရဲ့ သားဦးရတနာဖြစ်ပါတယ်။

အရင်တုန်းက အလက အဆင့်ပဲရှိသေးတဲ့ ကျိုက်စကောရွာကျောင်းမှာ အတန်းစဉ် ဆုတွေ အလီလီရခဲ့တဲ့ မောင်ထွဋ်မျိုးလွင်ရဲ့အိမ်မှာ ဆုတံဆိပ်တွေ အများအပြား ပြည့်နှက်လျက်ရှိကြောင်း ဒေသခံတွေက ပြောပြပါတယ်။

ကျိုက်စကောရွာကနေ ဆရာဝန်ရယ်လို့ (ဆေးကျောင်းတက်ခွင့်ရသူ) အနည်းငယ်သာ ပေါ်ထွက်ခဲ့ရာမှာ အခုမောင် ထွဋ်မျိုးလွင်ဟာ ရှားပါးတစ်ယောက်ပေါ့။

ဆယ်တန်းမှာ ၄ဘာသာ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပြီး အမှတ်ကောင်းတာကြောင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့် ရရှိခဲ့တယ်။

ကျိုက်စကောရွာရဲ့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးမှာရှိတဲ့ သူတို့အိမ်ကလေးကနေ ရန်ကုန်ဆေးကျောင်းဆီ လာတက်ရတဲ့ မောင်ထွဋ်မျိုးလွင်ဟာ မြောက်ဥက္ကလာဆေး၂၊ ဥက္ကလာကျောင်းသားဆောင်မှာ အဆောင်နေရင်း တက်ရောက်နေသူဖြစ်ပါတယ်။

သူ့သူငယ်ချင်းတစ်ယောက်က သူ့အကြောင်းရေးရာမှာ … ငါ့မောင်လေးကိုလဲ စာသင်ပေးတယ်။ ပိုက်ဆံပေးပါ့မယ်ဆိုတာတောင် နင်လုံးဝမယူလို့ နင့်အတွက် လိုအပ်မယ်ထင်တာ ဝယ်ပေးလိုက်ရတယ် … တဲ့။

ဆေးကျောင်းသားဆိုပေမယ့် စာတင်တော်တာမဟုတ်ပဲ အားကစားပါထူးချွန်သူ မောင်ထွဋ်မျိုးလွင်ဟာ ဘောလုံး၊ ဘတ်စကတ်ဘော ကစားခြင်းများကိုပါ ဝါသနာပါပြီး စွဲမြဲကစားလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလို အားကစားဝါသနာပါခြင်းကပဲ သူ့ကို အသက်ဆုံးစေဖို့ ဖြစ်ခဲ့ရတယ်။ ဘတ်စကတ်ဘောကွင်းမှာ ကစားနေရင်း အမောပြေနားမိတဲ့အခိုက် အနီးရှိသံဇကာကို ကိုင်မိရာမှာ အဲ့ဒီသံဇကာဟာ လျှပ်စစ်ဓါတ်စီးနေတဲ့သံဇကာဖြစ်တာကြောင့် ဓါတ်လိုက်သေဆုံးခဲ့ရရှာတယ်။

ဒီအကြောင်း ကိုယ်တွေ့ကြုံခဲ့သူတစ်ယောက်က ရေးပြရာမှာ … လူခွဲပြီး ဘတ်စကတ်ဘောကစားကြအပြီး မောလို့နားနေချိန် ရေငတ်ကြတာကြောင့် မောင်ထွဋ်မျိုးလွင်ဟာ သံဗန်းတံခါးအပြင်က ရေသန့်စက်မှာ ရေသွားဖြည့်ပေးခဲ့ကြောင်း။

ခဏနေတော့ ကစားကွင်းမှာ ကင်းခြေများတစ်ကောင်တွေ့လို့ ပြေးသူပြေး ကင်းခြေများကို ရိုက်သတ်သူသတ်နဲ့ ပွက်လောရိုက်နေချိန် မောင်ထွဋ်မျိုးလွင်ဟာ လျှပ်စစ်စီးနေတဲ့ သံဗန်းတံခါးကို ကိုင်မိရာက ဓါတ်လိုက်ခဲ့ရကြောင်း၊

ကျန်သူတွေက ထီးတွေနဲ့ သံဗန်းတံခါးကလွတ်အောင် ဝိုင်းတွန်းပေးကြပေမယ့် မောင်ထွဋ်မျိုးလွင်ရဲ့လက်ဟာ သံတံခါးမှာ ချိတ်မိနေတာကြောင့် တွန်းမရခဲ့ကြောင်း၊

နောက်ဆုံး Main ခလုပ်ကို ပြေးပိတ်လိုက်နိုင်ချိန်မှာတော့ မောင်ထွဋ်မျိုးလွင်တစ်ယောက် ကြမ်းပေါ်လဲကျမေ့မျောသွားခဲ့ကြောင်း … သိခဲ့ရပါတယ်။

ဟိုတလောလေးကတင် အိမ်နီးချင်းနိုင်ငံမှာ ကလေး၁၃ယောက် မြေအောက်ဂူထဲဝင်ရင်း လမ်းပျောက်သွားတာကို တစ်ယောက်မှ အသက်မဆုံးရအောင် လိုက်ကယ်နိုင်ခဲ့တာကို ကျနော်တို့ဝမ်းပန်းတသာ မြင်တွေ့ခဲ့ရပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အားကစားကွင်းမှာ အားကစားလုပ်ရင်း ဆေးကျောင်းသားလေးတစ်ယောက် မသေသင့်ပဲ အသက်ဆုံးရှုံးခဲ့ရပါပြီ။

"ကျနော် အရင်ကတော့ သူနဲ့ မပြောဖြစ်ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် ဟိုတစ်နှစ်ကမှ စကားပြောဖြစ်တယ်။ အင်မတန်မွန်မွန်ရည်ရည်ရှိပြီး လိမ္မာရေးခြားရှိတယ်' လို့ ကျိုက်စကောရွာသား ကိုသူရထွန်းက ပြောပြပါတယ်။

"ကျနော့်ထက် ငယ်ပေမယ့် အရာရာကိုယ့်ထက် သာတာမို့ သူ့ကို အားကျနေတာ၊ ကျနော်တို့ရွာမှာ တခြားသောဘွဲ့ရတွေ ပေါပေမယ့် ဆေးကျောင်းတက်ခွင့်ရတဲ့ ဆရာဝန်လောင်းကတော့ ရှားလှတာမို့ သူ့ကို ရွာအတွက် အများကြီးမျှော်လင့် ထားခဲ့တာ" တဲ့

ကိုသူရထွန်းရဲ့ အဖျားခတ်တုန်ရီနေတဲ့ စကားသံမှာကို မချိတင်ကဲဟန် သိသာနေလေရဲ့

တကယ်တော့ ဒီလို လူ့အဖိုးတန်လေးတစ်ယောက် အချိန်မတန်ခင် မကြွေသင့်ပဲ ကြွေလွင့်သွားခဲ့ရတာဟာ ကျိုက်စကောရွာကလေးအတွက်သာမက မြန်မာနိုင်ငံအတွက်လည်း ဆုံးရှုံးမှု တစ်ခုဖြစ်ပါကြောင်း။

Credit : Thorn Nay Soe
Share it:

Crime

Life

LocalNews

News

Post A Comment: