ရန်ကုန်ဆေးရုံကြီး အနီး ပရဟိတအမည်ခံ လူနာတင်ယာဉ်လုပ်ငန်း များ ပျံ့နှံ့နေ - Eureka Myanmar

ရန်ကုန်ဆေးရုံကြီး အနီး ပရဟိတအမည်ခံ လူနာတင်ယာဉ်လုပ်ငန်း များ ပျံ့နှံ့နေ

Share This

ရန်ကုန်ဆေးရုံကြီး အတွင်း လူနာများ နှင့်သေဆုံးသူများကို သယ်ယူပို့ဆောင်သည့် ဆေးရုံဝင်းအနီးမှ ပရဟိတအမည်ခံ လူနာတင်ယာဉ်လုပ်ငန်းများ ပျံ့နှံ့နေလျက်ရှိနေကြောင်း ရန်ကုန်ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။

သေဆုံးခါနီးလူနာများ နှင့် သေဆုံးပြီးလူနာများအား သက်ဆိုင်ရာ နယ်မြို့ဒေသများသို့ ပြန်လည်သယ်ယူ ရာတွင် ဆေးရုံဝင်းထဲနှင့် ဆေးရုံဝင်အနီးပြင်ပ တွင်ရပ်နားထားသော ပရဟိတအမည်ခံ ကားများ က ဆေးရုံအောက်ခြေ၀န်ထမ်းအချို့နှင့်ပူးပေါင်းကာ အခကြေးငွေအမြောက်အများဖြင့် လူနာတင်ယာဉ်လုပ်ငန်း လုပ်ကိုင်စားနေကြောင်းသိရသည်။

"ငွေရေးကြေးရေးပါတဲ့အခါမှာ ကျွန်တော်တို့ဝန်ထမ်းတွေက အပြိုင်အဆိုင်ငွေကြေးနဲ့ ဖျက်စီးခံလိုက်ရတယ်။ အဲ့ဒီ့ဖျက်စီးတဲ့ပိုက်ဆံတွေကလည်း နောက်ဆုံးတော့လူနာရှင် တွေဆီကပဲတောင်းတာဖြစ်တယ်။ မဟုတ်မမှန်လုပ်တဲ့ ဒီအမည်ခံ လူနာတင်ယာဉ်တွေ ကို တိုင်တာတောတာတွေ ရှိသလိုပြသနာတွေဖြစ်တာတွေလည်းရှိပါတယ်။ တိုင်ခံရတဲ့ဝန်ထမ်းတွေကိုလည်း အလုပ်ထုတ်တဲ့အရေးယူမှုတွေရှိပါတယ်။"ဟု ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူကပြောသည်။

ရန်ကုန်ဆေးရုံကြီးဝန်းကျင်တွင် ရပ်နားထားသည့် လူနာတင်ယာဉ် အမျိုးအစားသည် ပုံသဏ္ဍာန်မျိုးစုံ ရှိကာ လိုင်စင်နံပါတ်အနက် အနီများ ပရဟိတတံဆိပ်တပ်ကားများ စသဖြင့် ၂၄နာရီ ရှိနေရာ နေ့စဉ်အစီးရေ ၂၀ မှ ၃၀ အထိ အဆင်သင့်စောင့်ဆိုင်းရပ်နားမှုများရှိနေကြောင်းသိရသည်။

အချို့ပရဟိတကားများ အနေဖြင့်အစစ်မှန်ဖြစ်သော်ငြားလည်း အချို့ လူနာတင်ယာဉ် များသည် လူနာရှင်များထံ မှငွေကြေးအမြောက်အများတောင်းကာ လုပ်ငန်းလုပ်စားနေသည့် ပရဟိတအယောင်ဆောင်များ ရှိနေကြောင်းသိရသည်။

"ဆေးရုံမှာ ရန်ကုန်ကမဟုတ်ပဲ လာတဲ့ ဆရာဝန်လက်လျော့လိုက်လို့ အိမ်ကိုပြန်သယ်တဲ့လူနာ နဲ့ သေဆုံးပြီး နေရပ်ကိုပြန်သယ်တဲ့ လူနာရှင်တွေ အတွက်ကပြသနာတွေဖြစ်ကြတာတွေ့တယ်။ ဆေးရုံကတော့လူနာရှင် ရဲ့သဘောဆန္ဒအစီအစဉ်အတိုင်းခွင့်ပြုပေးတယ်။"ဟုတာဝန်ရှိသူကဆက်လက်ပြောသည်။

လူနာသယ်ယူပို့ဆောင်သည့် လုပ်ငန်းဈေးကွက်သဖွယ် လုပ်ကိုင်စားနေသောပရဟိတအယောင်ဆောင်လူနာတင်ယာဉ်များ အနေဖြင့် သယ်ယူမည့်လူနာအတွက် တိကျသောငွေကြေးပမာဏ သတ်မှတ်ထားခြင်း မရှိသကဲ့သို့ အခြေအနေဆိုးသော အိမ်အမြန်ပြန်သယ်ချင်သော လူနာများအတွက် လူနာရှင်ထံ မှ ငွေကျပ်၂သိန်း ၂သိန်းခွဲ စသဖြင့် ငွေပိုတောင်းခံခြင်းများရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလူမှုကူညီရေး အသင်းအဖွဲ့ထောင်ချီ တွင် အသုံပြုနေသည့်လူနာတင်ယာဉ် အရေအတွက်မှာ၃၀၀၀ကျော်ခန့်ရှိကာ ပရဟိတအသင်းများ၏ လူနာတင်ယာဉ် များ၌ သုံးပုံနှစ်ပုံ ခန့်မှာ လိုင်စင်မဲ့များ ဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့် လူနာတင်ယာဉ် အစီး၂၅၀သာ ရှိကြောင်းသိရသည်။

FWN Media

Pages