အိမ်ဖော်အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသော သရုပ်ဆောင်သီဟတင်စိုး အမှုဖွင့်ခံရ

Share it:


------ နိုင်မင်းလွင်(အကုန်သိ သတင်းဌာန) ------

သရုပ်ဆောင်သီဟတင်စိုးသည် ၄င်း၏အိမ်တွင် ယောက္ခမဖြစ်သူအား အနီးကပ်နေ၍ ပြုစုပေးရန် ခေါ်ထားသည့် အသက် ၄၀ နှစ်ရှိ အိမ်ဖော်အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည်ဆိုခြင်းကြောင့် ရဲစခန်းတွင် ဇူလိုင်လ ၁၄ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က အမှုဖွင့်ထားကြောင်း သိရသည်။

"အမှုဖွင့်ခံထားရတဲ့သူက သရုပ်ဆောင်သီဟတင်စိုးပါ။ ညက သူ့ကို အဓမ္မပြုကျင့်မှုနဲ့ အမှုလာဖွင့်ထားပါတယ်။ လက်ရှိမှာတော့ စုံစမ်းဆဲ၊ စိစစ်ဆဲမို့ သူ့ကိုဖမ်းထားတာမျိုး မရှိပါဘူး" ဟု သုဝဏ္ဏနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ယာ၊ အသောကလမ်းရှိ သရုပ်ဆောင်သီဟတင်စိုး၏နေအိမ်တွင် တရားလိုမ.....(၄၀)နှစ်သည် ဇွန်လ ၅ ရက်မှစ၍ အိမ်အကူအဖြစ် တစ်လလျှင် ငွေကျပ် ၁၅၀၀၀၀ ကျပ်ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး မြေညီထပ်အိမ်ခန်းရှိ ဒေါ်ဇင်မာဦး၏မိခင် အမည်မသိ၊ (၇၅)နှစ်(မှတ်ဉာဏ်မကောင်း၊ နားမကြား)အား အနီးကပ်နေထိုင်လျက် လိုအပ်သည်များ ပြုစုရသည့်အလုပ်ကို အဓိကထား လုပ်ကိုင်ရကြောင်း သုဝဏ္ဏနယ်မြေရဲစခန်းမှ သိရသည်။

ထို့နောက် ဇွန်လ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် သီဟတင်စိုး အပြင်သို့ထွက်သွားပြီးနောက် နေ့လယ် ၁ နာရီခန့်၌ ဒေါ်ဇင်မာဦးနှင့် သားဖြစ်သူတို့မှာလည်း အပြင်သို့ထွက်သွားသဖြင့် နေအိမ်၌ ၄င်းနှင့် ဒေါ်ဇင်မာဦး၏မိခင်ဖြစ်သူတို့သာ ကျန်ရှိခဲ့ပြီး အိပ်ခန်းအတွင်း အဖွား(ဒေါ်ဇင်မာဦး၏မိခင်)အား လိုအပ်သည်များ ပြုစုပေးလျက်ရှိစဉ် ည ၇ နာရီကျော်ခန့်တွင် သီဟတင်စိုး နေအိမ်သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရကြောင်း သိရသည်။

ယင်းနောက် ည ၈ နာရီခန့်တွင် ၄င်းမှ ဒေါ်ဇင်မာဦး၏မိခင်အား လိုအပ်သည်များ ပြုလုပ်ပေးပြီး အဆိုပါအခန်းအတွင်းရှိ ၄င်းအိပ်သည့် ကုတင်ပေါ်၌ ထိုင်နေစဉ် သီဟတင်စိုးမှာ အင်္ကျီမပါ ပုဆိုးအပြာရောင်ဝတ်ဆင်လျက် အခန်းအတွင်းသို့ ဝင်ရောက်လာကာ ၄င်းအား နောက်သို့အတင်းတွန်းလှဲ၍ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်နေစဉ် ၄င်းမှ အော်ဟစ်အကူအညီတောင်းခံသော်လည်း မိုးများရွာနေသဖြင့် မည်သူမျှမကြားခဲ့ကြောင်း၊ ထို့နောက် သီဟတင်စိုးမှ အခြားသူများအား ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး အခန်းအပြင်သို့ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

ည ၉ နာရီခွဲခန့်တွင် ဒေါ်ဇင်မာဦးတို့သားအမိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး အိမ်ဖော်အမျိုးသမီးမှ ခြိမ်းခြောက်ခံထားရ၍ ဖြစ်စဉ်အားမပြောပြဘဲ အိပ်ယာဝင်ခဲ့ပြီး ဇူလိုင်လ ၁၄ ရက်၊ နံနက် ၈ နာရီခန့်တွင် နေအိမ်ရှိလူများမနိုးခင် ၄င်းတစ်ဦးတည်းထွက်ခဲ့၍ ကျောက်မြောင်းတွင် တည်းခိုနေထိုင်သော အဒေါ်နှစ်ဝမ်းကွဲတော်စပ်သူ ဒေါ်.... ထံသို့ သွားရောက်၍ ဖြစ်စဉ်အား ပြောပြခဲ့ပြီး တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သီဟတင်စိုး(စိစစ်ဆဲ)၊ လိပ်စာ(စုံစမ်းဆဲ)ကို သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Photo Crd: Burma Today

Share it:

Crime

LocalNews

News

RAPE

Post A Comment: