ဂူထဲပိတ်မိကြတဲ့အခါ - Eureka Myanmar

ဂူထဲပိတ်မိကြတဲ့အခါ

Share This


Byမင်းကိုနိုင်

ဘ၀တစ်ကွေ့မှာ ကျွန်တော်ဟာ ဂူအောင်းဘဝနဲ့ ကာလအတန်ကြာ နေခဲ့ဖူးပါတယ်။ ဘေးကဂူတွေမှာ လူရှိတဲ့အခါရှိ၊ မရှိတဲ့အခါ မရှိပေါ့။ ရှိရင်တောင်မျက်နှာမြင်ဖူးတာမျိုး မဟုတ်ဘဲသိနေတာမျိုးပါ။ တစ်ဦးနဲ့တစ်ဦး အဖော်လုပ် အပြန်အလှန်အားပေးရင်း၊ ပျင်းရိခြင်းကို တွန်းလှန်ဖို့ အားထုတ်ကြရပါတယ်။ ငုတ်တုတ်ထိုင်စောင့်ရင်း နေဝင်နေထွက် ရေတွက်နေမယ့်အစား အချိန်ကုန်လွယ် အကျိုးလည်းရှိရာ ကစားနည်းတွေ စဉ်းစားရင်း အင်္ဂလိပ်စာလုံးဆက်တဲ့ Scribble ကစားနည်းကို သဘောတူကြပါ တယ်။ အောက်ခံ ဘုတ်ပြားနဲ့ စာလုံးဖော်ဒိုးပြားတွေ မရှိလည်း ဖြစ်အောင်လုပ်ရင် ရတာပေါ့။ နှီးပြားလေးတွေ စတုရန်းပုံချိုးဖဲ့ ပြီး အေဘီစီဒီတွေ ရေးမှတ်လိုက် ရင်ရတာပဲ။ ကိုယ့်နံရံမှာကိုယ် ဘုတ်ပြားဆွဲပေါ့။


တစ်ဂူနဲ့တစ်ဂူ ဆက်သွယ်ဖို့ အိတ်ရှုံ့လေးတစ်လုံးချုပ်ပြီးတော့ မျက်နှာကြက်နားရောက်အောင် ကုတ်ကတ်တက်၊ ကြိုးလေးနဲ့ အပို့ အယူလုပ်။ ဒိုးပြားလေးတွေ နှိုက်ပြီး ဆော့ကြရတာပါ။ တစ် ယောက်နဲ့တစ်ယောက် မမြင်ရဘဲ ဘယ်လိုကစားမလဲ၊ ဘယ်သူက ဘာဆက်သလဲ ဘယ်လိုသိမလဲ ဆိုရင် လှမ်းအော်ပြောလိုက်ရ တာပေါ့။ သူဆက်တဲ့ စာလုံးကို ကိုယ်က ကိုယ့်နံရံဇယားကွက်ပေါ် ရေးချလိုက်ရုံပဲ။ နှစ်ဆ၊ သုံးဆ အမှတ်ရတဲ့အကွက်တွေလည်း အပြင်မှာ ကစားဖူးကြသူတွေ သိ ပြီးသားမို့ ပြဿနာမရှိပါ။ ဒီအခါ မျိုးမှာ တစ်ယောက်ထည့်တဲ့ စာ လုံးကို မသင်္ကာလို့မရှိဘူးထင်ရင် အန္တရာယ်ကြားက ခိုးကြောင်ခိုး ဝှက်သွင်းယူထားတဲ့ Dictionary (အင်္ဂလိပ်အဘိဓာန်)လှန် အဖြေ တိုက်လိုက်ကြပေါ့။

ဒါတော့ မေးစရာရှိပြန် တယ်။ လက်ထဲ အဘိဓာန်စာအုပ် ရှိနေတာ ခိုးမကြည့်ကြဘူးလား လို့။ အဖြေကတော့ ဟင့်အင်းပါ။ အဲသလို စောင့်ထိန်းမှုမျိုးကို ကျင့် ဝတ်မြတ်နိုးသူများအနေနဲ့ ထိန်း သိမ်းကြရမယ်ဆိုတာ တိုင်ပင် စရာ၊ စည်းကမ်းသတ်မှတ်စရာ မလိုဘဲ ကိုယ်စီသဘောညီထား ကြလို့ပါ။ အထူးသဖြင့် ဂူအောင်း ဘဝတူအချင်းချင်း ဖျံမကျသင့် ဘူး။ အဲဒီနည်းနဲ့ အနိုင်ရရင်လည်း ပျော်စရာမကောင်းသလို လိပ်ပြာ မလုံတာကြီးက အိပ်မရ၊ စားမရ အလွန်အရှက်ရစေတယ်လို့ တူ ညီခံစားရလို့ပါ။

ဒီတော့ ရှုံးခါမှရှုံးရော အမှတ်ကွာဟချက်အတိုင်း သတ် မှတ်ထားတဲ့ ဆေးပေါ့လိပ်လေး တွေ အိတ်ရှုံ့ထဲထည့်ပေးလိုက်ရုံ ပါပဲ။ ကျေကျေနပ်နပ်နဲ့ ရလဒ်ကို  သဘောတူခဲ့ကြပါတယ်။ အခုပွဲ ရှုံးပေမယ့် သန့်ရှင်းစွာ အရှုံးခံ မယ်။ စကားလုံးကြွယ်ဝအောင် အမှတ်များများရမယ့် စာလုံးတွေ ပိုကျက်မယ်။ ဘဝတူချင်းတော့ လူလည်ကျအနိုင်မယူဘူးလို့ စိတ် ညီကြပါတယ်။

ဒီကစားနည်းကို သိသူတိုင်း ဒီပွဲတွေမှာ ဖြစ်တတ်တဲ့ သဘာဝ တွေကို သတိရကြမှာပါ။ ပွဲကပြီး ခါနီးပြီ လက်ထဲမှာ ‘Q’ကြီးကို ကိုင်ထားတယ်။ ‘U’ဆိုတဲ့ စာလုံး ကလည်း ရှားပါးစာလုံးလောက် ကျန်တဲ့အခါမျိုး (ဘယ်သူ့ဆီမှာရှိ နေမှန်းမသိတဲ့အခါမျိုး) ဘယ် လောက်ကသိကအောက် နိုင်လဲ ဆိုတာ။ ဒီအခါမျိုးမှာ စာလုံးလဲ မယ်ဗျို့လို့ အော်ရင် ကျန်သူတွေ က ရယ်မောပြီး ‘‘ကျူကြီးလဲတော့ မယ်’’လို့ အတပ်ဟောကြတာကို ဝန်ခံတဲ့အသံကြီးနဲ့ အရှက်ပြေ ရယ်ရတာလည်း မွန်းကျပ်တဲ့ အခြေအနေထဲက လှပတဲ့ ထွက် ပေါက်တစ်ခုပါပဲ။

× × ×

စာလုံးဆက် (Scribble) ကစားရင်း အင်္ဂလိပ်စာတိုးတက် အောင် ကြံကြရာမှာ လက်ထဲ နှိုက်မိသမျှ အဆင်မပြေရင် စာလုံးတွေ ပြန်လဲတဲ့အခါ သုံးလုံး ပဲလဲရမယ်လို့ ကိုယ့်ဘာသာ သတ်မှတ်သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့ လက်တွေ့ကျတော့ အတော်ခွတီးခွကျ မကြာခဏ ကြုံရပါတယ်။ လက်ထဲကစာလုံး တွေက ဆက်မရလောက်အောင် ကြံကြံဖန်ဖန် ဖြစ်နေတာမျိုး ဥပမာ aeiou သရတွေချည်း ခုနစ် လုံးစလုံး နှိုက်မိတာမျိုး၊ ဗျည်း တွေချည်း ရှိတာမျိုး စသဖြင့် ကြုံ ရရင်တော့ သောကအပေါ် ဒုက္ခ ဆင့်တော့တာပါပဲ။ အမှတ်က လည်း နည်းနေချိန်ဆို ပိုဆိုးပြီ။ ဒီအခါတိုင်း တစ်လှည့်အနာခံပြီး  စာလုံးလဲနှိုက်ကြရပါတယ်။ မူလ ကတော့ စည်းမျဉ်းအတိုင်း သုံး လုံးလဲကြတာပါပဲ။ အဲဒီအခါ မျိုးမှာ အဆင်ပြေသွားကြတာ များပါတယ်။

ဒါပေမဲ့ လောကလူ့ဘဝရဲ့ သဘောက ခြွင်းချက်တွေ ရှိစမြဲ မဟုတ်လား။ ကိုယ့်အလှည့် အနာခံပြီးလဲလိုက်တဲ့စာလုံးက လိုချင်တာ မရ၊ မလိုချင်တာပဲ ထပ်ရတာမျိုး ကြုံရစမြဲပါ။ အဲဒီ အခါ သတ်မှတ်ထားတဲ့ စည်း မျဉ်းကို ကျွန်တော်တို့ ဂူအောင်း တွေပြင်ဖို့ ကြိုးစားကြပါတော့ တယ်။

‘‘သုံးလုံးထဲတော့ အဆင် မပြေဘူးဗျာ၊ လေး၊ ငါးလုံးလောက် တော့ လဲကြေးချကြရအောင်’’

တစ်ယောက်က အဲသလို အဆိုပြုတာနဲ့ ကျန်သူတွေက သဘောတူပေး ကြပါတယ်။ ဟုတ်တယ်လေ။ ကိုယ့်အလှည့် ဆိုလည်း ဘယ်လောက်အခံရခက် မွန်းကျပ်မလဲဆိုတာ သိနေတာ ကိုး။

ဒါလည်း အမြဲအဆင်ပြေပြီ တော့ မဟုတ်ပါဘူး။ လေးငါးလုံး လဲတာတောင် ကိုးရိုးကားရားတွေ နှိုက်မိတာ မကြာခဏ ကြုံရပြန် ပါရော။

 တစ်ခါတစ်ရံ မှာတော့ အခြေအနေဆိုးဆိုတာ မျှော်လင့် ထားတာထက် ဆိုးတတ်စမြဲ မဟုတ်လား။ လက်ထဲရှိတာထက်  တစ်ဝက်ကျော် လဲပစ်တာတောင် ပိုမကောင်းလာဘဲ ဆိုးပြီးရင်းဆိုး၊ နောက်ပုံစံတစ်မျိုးနဲ့ဆိုး၊ ရှိတာ ထက်ပိုဆိုး ဆိုတာမျိုး ဘဝမှာ ကြုံ ဖူးကြမှာပေါ့။

အဲဒီအခါ မရှူနိုင်မကယ်နိုင် ဖြစ်နေသူကို ရယ်ရမယ့်အစား ဂူ အောင်းတွေဟာ စာနာစိတ်ယို ဖိတ်ပြီး အစွမ်းကုန် ကြင်နာကြပါ တော့တယ်။

‘‘စိတ်မပျက်နဲ့ဗျ၊ ဒီလောက် တောင် အဆင်မပြေဖြစ်နေရင် ရှိသမျှစာလုံး အကုန်လဲပစ်လိုက်’’

ပြိုင်ဘက်ဖြစ်သူ၊ အသာစီးရနေသူရဲ့ စာနာစိတ်ကဖြစ်လာတဲ့ စည်းမျဉ်းအသစ်ပါ။ အကျပ် အတည်းတွေ့နေတဲ့ အရှုံးသမား ဟာ အံ့အားသင့်သွားပါတယ်။

‘‘ဒီမှာဗျ ပါဝင်ပတ်သက်သူ တွေအားလုံး သဘောတူပေးရင် ရတယ်။ ကျွန်တော်တို့နိုင်ဖို့ထက် ခင်ဗျား ဒုက္ခကလွတ်မြောက်ဖို့က ပိုအရေးကြီးတယ်။ မယုံရင် ကျန် တဲ့လူတွေ မေးကြည့်လိုက်’’

သူတောင် မမေးလိုက်ရပါ ဘူး။ အားလုံးက ပေါ့ပေါ့ပါးပါး ပဲ။ ရတယ်၊ ရတယ် ပျော်ပျော် ဆက်ရဖို့ပဲအရေးကြီးတယ်လို့ ဖြေခဲ့ကြပါတယ်။

ဒီအကြောင်းတွေ ခုပြန်စဉ်း စားမိတိုင်း ကျွန်တော်တို့ဟာ မူလ ရည်ရွယ်ချက်နဲ့ သတ်မှတ်ထားတဲ့ ကစားပွဲစည်းမျဉ်းကို ဘာကြောင့် ပြင်ဆင်ခဲ့ကြတာလဲလို့ တွေးမိပါ တယ်။

ဟုတ်တယ်။ ကျွန်တော်တို့ ပြင်ခဲ့ကြတယ်။ ဘာလို့ပြင်ခဲ့ကြ လဲ။ အခြေအနေကြောင့်ပေါ့။ ဘယ်လို အခြေအနေလဲ။ အပြင် လောကက လူတွေလို ကိုယ်စိတ် နှစ်ပါး လွတ်လပ်နေသူတွေ မဟုတ်ဘူး။ ဂူထဲပိတ်မိနေသူတွေ လေ။

ဂူအောင်းတွေစိတ်ထဲမှာ ယုံ ကြည်တာတစ်ခုရှိတယ်။ ဘယ်သူ ကိုမှ မထိခိုက်စေဘူးဆိုရင် စည်း မျဉ်းတွေကို ပြင်လို့ရတယ်။ ပိတ် မိနေသူအချင်းချင်း စိတ်ထဲရှိတာ က အနိုင်ယူဖို့ထက် တစ်ဖက် သားရဲ့ ထွက်ပေါက်အတွက် အလေးသာတဲ့ စိတ်ပါပဲ။

× × ×

 နောက်နေ့များမှာတော့ ကျွန်တော်တို့ ဂူထဲပိတ်မိနေသူ တွေဟာ ဒီကစားနည်းအတွက် ဘယ်တော့မှ စိတ်ဒုက္ခထဲ ပိတ် မမိနေတော့ပါဘူး။ အဆိုးဆုံး အခြေအနေလို့ ယူဆစရာရှိရင် တောင် ထွက်ပေါက်ရှိနေပြီလေ။ ဆိုပါတော့ တစ်ယောက်ယောက် က စိတ်တိုတိုနဲ့ ခုလိုအော်လိုက် တယ်ဆိုပါတော့။

‘‘ရှုပ်တယ်ဗျာ။ စာလုံးခုနစ် လုံးစလုံး လဲတယ်ဗျို့’’

အဲဒါဆိုရင် အားလုံးကိုယ်စီ ဖိစီးမှုတွေမေ့သွားတဲ့အထိ ရယ် လိုက်ကြစမြဲပါ။

ဒါဟာ တစ်ဖက်သားရဲ့ အကျပ်အတည်းကို လှောင်ရယ် ခြင်းမဟုတ်တာ သေချာပါတယ်။ အားလုံးရဲ့ မွန်းကျပ်နေတဲ့ အခြေ အနေဆိုးက ထွက်ပေါက်ရသွား တဲ့အပေါ် ရယ်တဲ့အသံတွေပါ။ ဒုက္ခကို ရယ်ပစ်လိုက်တာပါ။ ကိုယ်တိုင်လည်း အချိန်မရွေး အဲဒီအခြေအနေဆိုး ကြုံနိုင်တာ ကို မမေ့ကြောင်း၊ ယခုကြုံနေသူ ကို စာနာကြောင်း သိမှတ်ပြုတဲ့ ရယ်သံတွေပါ။

× × ×

တကယ့်ဂူထဲ ပိတ်မိတာ မဟုတ်တောင် ဘဝမှာ ကျပ် တည်း၊ ဘယ်လိုမှ ရှေ့ဆက်မရ တိုင်း ရှိသမျှအကုန် လဲပစ်ချင် စိတ်ပေါက်တဲ့ အခြေအနေမျိုး ကြုံဖူးပါသလား၊ ကျွန်တော်တော့ အပြင်မှာလည်း ကြုံဖူးပါရဲ့။

အဲဒီအခါတိုင်း တစ်ခါက ဂူထဲပိတ်မိသူတွေ အချင်းချင်း ပေးခဲ့ကြတဲ့ အခွင့်အရေးကို ကျွန်တော် အမြဲသတိရလျက်ပါ။

ခုနေ တစ်ယောက်ယောက် က စိတ်တိုတိုနဲ့ ‘‘လက်ထဲရှိသမျှ အကုန်လဲမယ်ဗျို့’’လို့အော်ရင် ကျွန်တော်တို့ ရယ်ပေးကြဦးမှာ ပါ။

အဲဒါဟာ ဂူထဲပိတ်မိနေသူ အချင်းချင်း စာနာမှုနဲ့ဆိုတာ သေ ချာကြောင်းလည်း အာမခံပါ တယ်။။

(ဆောင်းပါးရှင် မင်းကိုနိုင်သည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်ဖြစ်ပြီး ရသနှင့် အတွေးအ မြင် ဆောင်းပါးများ ရေးသားနေ သူဖြစ်သည်။)

Credit : 7 Days

Pages