စေတနာ သဒ္ဓါတရားတွေ ခေါင်းပါးလာလေသလား

Share it:


ခင်မောင်ဌေး( ပညာရေး )

သတင်းကြားရတော့ စိတ်ထဲ အတော်ပဲ ထိခိုက်မိပါတယ်။ ပညာရေးလောကမှာ နှစ်ပေါင်း ၄ဝ ကျော်လုပ်ခဲ့တဲ့ အတွေ့အကြုံ ထဲမှာ အတော်ကို ရှားရှားပါးပါးပါပဲလို့ ဆိုရ မှာပါ။ ပြီးတော့ ကျေးလက်တောရွာတွေမှာ ဆိုဒါမျိုးတွေက ကြားရဖို့တောင် မရှိလောက် ဖူးလို့ တွေးမိပါတယ်။

သတင်းက ကျေးလက်က ဆရာမလေး နှစ်ဦး ပြောင်းတော့ ကလေးတွေ ငွေစုကောက် ပြီး ဆရာမနှစ်ယောက်ကို ကန်တော့ကြသတဲ့။ ကျောင်းမှာရှိတဲ့ကလေးတွေ စုပြီးကောက်လိုက် တာ ကျပ်ငွေနှစ်သောင်းကျော် ရပါသတဲ့။ ဘာ ပဲပြောပြော ကလေးတွေက ဆရာမနှစ်ယောက် အပေါ် ထားခဲ့တဲ့စေတနာမေတ္တာနဲ့ မြန်မာ့ အစဉ်အလာ နှုတ်ဆက်ကန်တော့တဲ့ငွေက များများစားစားမဟုတ်ပေမယ့်လည်း ဒါဟာ တန်ဖိုးထားရမယ့်ကိစ္စအဖြစ် မှတ်ယူကြရမှာ ပါ။ ဒါပေမဲ့ ဆက်ပြီးဖတ်လိုက်ရတဲ့သတင်း ကြောင့် စိတ်ပျက်မိသွားပါတယ်။ သတင်းက ဆရာမနှစ်ယောက်အတွက် ကန်တော့ဖို့ ငွေစု ကြတာကို ပညာရေးမှူးရုံး တိုင်စာပို့ပါသတဲ့။ ကဲ ကြားလို့ ကောင်းကြပါသေးရဲ့လား။ ဒီ တော့လည်း ကန်တော့ထားတဲ့ ကျပ်ငွေနှစ် သောင်းလည်း ပြန်ပေးပါမယ်ပေါ့။ ရှိခိုးဦးတင် များ ပြန်ပြီးတောင်းပန်ရသေးလားတော့ မသိ တော့ပါဘူးဗျာ။

တကယ်တော့ ကျေးလက်မှာ တာဝန်ထမ်း ကြရတဲ့ ဆရာမလေးတွေရဲ့ဘဝက စိန်ခေါ် မှုတွေ များလှပါတယ်။ တချို့နေရာတွေက မြို့နဲ့ အလှမ်းဝေးကြသလို ဝေးလံသီခေါင်လှ တဲ့နေရာတွေမှာလည်း တာဝန်ကျလို့ သွားပြီး အမှုထမ်းရပါတယ်။ တချို့ရွာတွေက စက်ဘီး နဲ့ ဆိုင်ကယ်ရှိပေမယ်လို့ စီးဖို့မလွယ်ပါဘူး။ ခုလို မိုးရာသီဆိုရင် ရွှံ့တွေ ဗွက်တွေနဲ့။ တချို့ ဆို ရေစီးသန်တဲ့ ချောင်းတွေ၊ မြောင်းတွေကို ဖြတ်ကြရတယ်။ဘယ်လောက်ပဲ ပင်ပန်းနွမ်းလျ နေပါစေ ကျောင်းရောက်လို့ တပည့်လေးတွေ ရဲ့ မျက်နှာလေးတွေ မြင်ရရင် အပန်းတွေ ပြေလို့ မေတ္တာရနံ့တွေ ဝေနေတတ်ကြစမြဲပါ။ ရံဖန်ရံခါမှာတော့လည်း ကလေးတွေရဲ့ စာသင် ခန်းထဲ အရောက်မလှမ်းနိုင်ဘဲ ချောင်းရေ၊ မြောင်းရေနဲ့ မျောပါသွားလို့ အသက်စွန့်လွှတ် ခဲ့ရတဲ့ ဆရာမလေးတွေရဲ့  ရင်နင့်ဖွယ်ဇာတ် လမ်းတွေလည်း မကြာခဏ ကြားခဲ့ဖူးပါတယ်။

တကယ်တမ်း ပြောရရင်တော့ မြန်မာ့ ကျေးလက်နေသူတွေရဲ့ ပကတိဘဝတွေဟာ  ရိုးရှင်းလွန်းလှပါတယ်။ ရွာဦးကျောင်းမှာရှိတဲ့ ဆရာတော်ဘုရားကလွဲရင် ရပ်ရွာမှာ စာလာ သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အိမ် ပေါက်စေ့ လာပြီးဖိတ်ကြတယ်။ တစ်အိမ်မပြီး သေးဘူး နောက်တစ်အိမ်ကခေါ်ဖို့ စောင့်နေ ကြပြီး ဒီလိုနဲ့ တပည့်ရှိတဲ့အိမ်တိုင်းက မုန့်ဆီ ကြော်တွေ ထည့်ပေးကြတယ်။ ညနေစောင်းလို့ ပြန်ပြီဆိုရင် ဆရာ၊ ဆရာမ တစ်ဦးကို ခြင်းကြီး ငယ်နဲ့ အပြည့်စီပါပဲ။ အဲဒီလိုချစ်စရာကောင်း တဲ့ ကျေးလက်နေမိသားစုတွေရဲ့ ချစ်စရာစရိုက် သဘာဝလေးတွေပါပဲ။

ခေတ်တွေ စနစ်တွေကလည်း တဖြည်း ဖြည်း တရွေ့ရွေ့ ပြောင်းလာနေပါတယ်။ မူလ တန်းကျောင်းကနေ အလယ်တန်းကျောင်း၊ အဲဒီကနေ တွဲဖက်အထက်တန်းကျောင်း၊ တွဲ ဖက်ကျောင်းကနေ အထက်တန်းကျောင်းတွေ အထိ တိုးမြှင့်ဖွင့်ခွင့်ရလာကြပါပြီ။ ကျေးရွာ ချင်းဆက် ခရိုင်ချင်းဆက် လမ်းတွေဖောက်၊ ပညာသင်ကြားမှု အခွင့်အလမ်းတွေလည်း အရင်ကထက်တော့ ပိုပြီးရလာကြတယ်။ ရွာနီး ချုပ်စပ်ကျောင်းတွေသာမက တတ်နိုင်တဲ့မိဘ တွေကလည်း မြို့ပေါ်တက်ပြီး ထားလာကြသလို တချို့ဆို ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင်ကျောင်း တွေအထိ ကျောင်းထားလာကြတာတွေ တွေ့ လာရပါတယ်။ ဘာပဲပြောပြော ကျေးလက်တွေ မှာလည်း ပညာတတ်တွေ တဖြည်းဖြည်း တိုး တက်များပြားလာတာပါပဲ။

တကယ်တော့ ကျေးလက်တွေမှာ ပညာ တတ်တွေ များလာတာ နိုင်ငံအတွက် အကျိုး ရှိလှပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျေးလက် တွေမှာ ဦးစီးဦးဆောင်ပြုနိုင်မယ့် လူလတ်ပိုင်း တွေရှိလာတာနဲ့ အဲဒီရွာရဲ့ ပညာရေးနဲ့ ကျန်းမာ ရေးအသိပညာတွေကို ပိုပြီးမြင့်မားလာနိုင်စေ လို့ပါပဲ။ ပညာတတ်တွေ ဖြစ်လာပြီးတဲ့နောက် မှာ ကိုယ်ဒေသ ကိုယ်ရပ်ရွာအကျိုးကို ပိုပြီးအမြင် ကျယ်ကျယ်နဲ့ ဆောင်ရွက်လာနိုင်ကြလို့ပါပဲ။

ဒါကြောင့်လည်း ကျေးလက်ဒေသတွေ တစ်စစ ဖွံ့ဖြိုးတိုးတက်လာတာ တွေ့ရမှာပါ။ အရင်က လမ်းပန်းဆက်သွယ်ရေး မကောင်း တဲ့နေရာတွေမှာ လမ်းတွေ ကောင်းလာတယ်။ ခရိုင်ချင်းဆက်လမ်းတွေ ပွင့်လာအောင် ကြိုး ပမ်းလာကြတယ်။ ရပ်ရွာမှာရှိတဲ့ မူလတန်း အဆင့်ကနေ အလယ်တန်းကျောင်းအဆင့် တွေရအောင် ကြိုးပမ်းလာကြတယ်။ ကျေးလက် ဆေးပေးခန်းကနေ တိုက်နယ်ဆေးရုံတွေဖြစ် အောင် ကြိုးပမ်းလာကြတယ်။ တချို့ရွာကြီး တွေဆိုရင် လျှပ်စီးမီးတောင် ထိန်ထိန်လင်းနေ ပါပြီ။ ပိုပြီးကြည်နူးစရာကောင်းတာက ဆရာ၊ ဆရာမတွေရဲ့ ကျေးဇူးတရားကို သိမြင်လာပြီး အာစရိယပူဇော်ပွဲအခမ်းအနားတွေကို စည် ကားသိုက်မြိုက်စွာ နှစ်စဉ် မပျက် ကျင်းပလာ နိုင်ကြတာကိုလည်း တွေ့ကြရပါတယ်။ ဒါတွေ က ကျေးလက်ဒေသမှာ ပညာတတ် လူကြီး လူလတ်ပိုင်းတွေ ဝင်ရောက်လာပြီးတဲ့နောက် ပိုင်းမှာ တွေ့မြင်ရတာတွေပါပဲ။ 

လောကမှာ အကောင်းအဆိုး အကြောင်း အကျိုးဆိုတာ ဒွန်တွဲနေကြတာပါပဲ။ တစ်ဖက် က ရပ်ကျိုးရွာကျိုး ထမ်းပိုးနေကြသလို မင်း သားကြီး မလုပ်ရလို့ ပတ်မဖောက်ကြသူတွေ လည်း ရှိသေးတယ်။ ပညာရှိယောင်ယောင် တတ်ယောင်ကားတွေကလည်း ပေါမှပေါ။ လူ တွင်ကျယ်လုပ်ချင်တဲ့သူတွေကလည်း မရှားလှ။ တစ်ဖွဲ့က ကောင်းတာလုပ်ရင် တစ်ယောက်စ၊ နှစ်ယောက်စက ကန့်လန့်တိုက်ချင်ကြတယ်။ အဲဒီလိုလုပ်လိုက်ရင် ဘာပြောပြော လူသိသွား တာပေါ့။ ဒါကြောင့်လည်း တချို့ရပ်ရွာတွေမှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးကြဘူး။ တိုးတက် သင့်သလောက် မတိုးတက်ကြတာပေါ့။ 

တကယ်တမ်းပြောရရင် ကလေးတိုင်းဟာ မိမိတို့ကို သင်ကြားပြသပေးတဲ့ ဆရာ၊ ဆရာမ တွေကို ရိုသေလေးစား၊ ချစ်ခင်မြတ်နိုးကြတာ ဟာ မြို့ပေါ်ကလူတွေထက် ပိုလို့တောင် သာ ပါသေးတယ်။ 

ဆရာ၊ ဆရာမတွေကို ပေးချင်ကမ်းချင် တဲ့နေရာမှာလည်း ပိုပါတယ်။ ကလေးတွေလို ပါပဲ။ မိဘတွေကလည်း ဆရာ၊ ဆရာမတွေ ဆိုရင် တရိုတသေနဲ့ ဆက်ဆံကြ။ တချို့ရွာ တွေမှာဆိုရင် နေ့ခင်း နေ့လယ်ပိုင်းတွေမှာ ကျောင်းအထိလာပြီး ရေနွေးကြမ်းပို့ကြ စားစရာ ပို့ကြနဲ့။ မိဘနဲ့ဆရာဆိုတာ တရင်းတနှီးပါပဲ။

ဒါပေမဲ့ အစကဖော်ပြခဲ့တဲ့ သတင်းမျိုး ကတော့ မြန်မာတွေရဲ့ ရိုးသားဖြူစင်လှတဲ့ ကျေးလက်ရဲ့ စရိုက်သဘာဝကို ရိုက်ချိုးဖျက်ဆီး လိုက်သလိုပါပဲ။ ကလေးတွေရဲ့ ဆရာ၊ ဆရာမ တွေအပေါ် ထားရှိတဲ့ ဖြူစင်မေတ္တာ၊ သန့်စင် တဲ့ စေတနာသဒ္ဓါတရားကိုလည်း အရောင်ဆိုး လိုက်ကြတာပါပဲ။ သိန်းဂဏန်း၊ သောင်းဂဏန်း များစွာမဟုတ်ပါဘဲ မဖြစ်စလောက်ငွေကြေး ပမာဏနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာ ကို ညှိုးနွမ်းအောင် လုပ်ကြပေမယ့်လည်း ဆရာ၊ ဆရာမတွေရဲ့ တပည့်တွေအပေါ် ထားရှိတဲ့ စေတနာမေတ္တာဟာ ဘယ်လိုမှ ယုတ်လျော့ မသွားဘူးဆိုတာ သိစေချင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ သြော် ကိုယ့်သားသမီးတွေကို အသိပညာ အတတ် ပညာပေးနေတဲ့ ဆရာ၊ ဆရာမတွေအပေါ်မှာ မဖြစ်လောက်တဲ့ ကန်တော့ငွေလေးတောင် စေတနာမပါကြတော့တာလား။ စေတနာတွေ၊ သဒ္ဓါတရားတွေ အဲဒီလောက်တောင် ခေါင်းပါး ကုန်ကြပြီလားရယ်လို့။                 

Share it:

Article

Education

Knowledge

Life

Teacher

Post A Comment: