နိုင်ငံတကာနှင့် အထီးကျန်ဖယ်ကြဉ်နေထိုင်ခြင်းက အဖြေမဟုတ်ဟု ဒေါက်တာသန့်မြင့်ဦးပြော၊

Share it:

တွေဝေဆိုင်းငံ့ပြီး အတိတ်ကကဲ့သို့ နေထိုင်ပါက၊ ကြီးကျယ်စွာနှင့် ဖန်တီးမှုရှိစွာ မတွေးခေါ်ပါက လူ့သက်တမ်းအတွင်း နိုင်ငံပျောက်ကွယ်ကောင်း ပျောက်ကွယ်နိုင်ဟု သတိပေး

နိုင်ငံတကာနှင့် အထီးကျန်ဖယ်ကြဉ်နေထိုင်ခြင်းက အဖြေမဟုတ်ကြောင်းနှင့် တွေဝေ ဆိုင်းငံ့မနေဘဲ ပြင်ပက ဗဟုသုတများကို လက်ခံသင့်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

‘အနာဂတ်မြန်မာနိုင်ငံ ၂၀၅၀’ ခေါင်းစဉ်ဖြင့် ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၈ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ရာ သမိုင်းပညာရှင်၊ စာရေးဆရာ ဒေါက်တာသန့်မြင့်ဦးက ဗီဒီယိုရုပ်သံမှတစ်ဆင့် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

‘‘လုံးဝသေချာရှင်းလင်းတဲ့ အချက်က နိုင်ငံတကာနဲ့ အထီးကျန်ဖယ်ကြဉ်နေထိုင်တာက အဖြေမဟုတ်ပါဘူး။ ဟိုးရှေးအတိတ်ကြေးခေတ်က လယ်သမားတွေနဲ့ နှစ်ထောင်ချီကြာပြီဖြစ်တဲ့ ပုဂံကာလကလို မြန်မာတွေက တွေဝေဆိုင်းငံ့မနေဘဲ ပြင်ပက ဗဟုသုတတွေကို လက်ခံသင့်ပါတယ်။ ပိုလို့ကြီးကျယ်စွာ၊ တီထွင် ဖန်တီးမှုရှိစွာ တွေးခေါ်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် လူတွေရဲ့ သက်တမ်းအတွင်းမှာပဲ နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဒေါက်တာသန့်မြင့်ဦးက ‘‘မြန်မာနိုင်ငံက ပြင်ပကို ထိတွေ့ပြီး ကမ္ဘာကြီးကို တံခါးဖွင့် ကြိုဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံက အသိဉာဏ်ပိုင်းဆိုင်ရာရော၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရပါ ကြွယ်ဝဖွံ့ဖြိုးခဲ့ပါတယ်။ မြန်မာနိုင်ငံက ကြောက်ရွံ့တဲ့စိတ်နဲ့သော်လည်းကောင်း၊ ယုံကြည်မှုကင်းမဲ့စွာဖြင့်သော်လည်းကောင်း ကိုယ့်ပြည်တွင်းကိုသာ အလေးပေးကြည့်တဲ့အခါတိုင်း နိုင်ငံက ဆင်းရဲမွဲတေမှု၊ ပြည်ပကျူးကျော်သိမ်းပိုက်မှု တွေ ကြုံတွေ့ခဲ့ရပါတယ်’’ဟု ပြောကြားသည်။

အထက်ပါ စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုဒ် (ISP-Myanmar) က စီစဉ်ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များအား ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။

လာမည့် ၂၀၅၀ တွင် မြန်မာနိုင်ငံ၌ ခေါင်းဆောင်ကို အားကိုးသည့် အနေအထားမှ ခေါင်းဆောင်မှု အားပြုသည်ကို မြင်လိုကြောင်း ISP-Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်က ပြောသည်။

‘‘ကျွန်တော်တို့နိုင်ငံမှာ ၂၀၅၀ မှာ တကယ်လိုနေတာ ဘာလဲဆိုရင် ငါတစ်ကော ကောတတ်တဲ့ ခေါင်းဆောင်ကြီးများကို ထိန်းချုပ်ကြပ်မတ်ပြီးတော့ ခေါင်းဆောင်ကောင်းအရည်အချင်းများ နဲ့ မြှင့်တင်နိုင်မယ်ဆိုရင် တိုင်းပြည်မှာ အလားအလာရှိမယ်လို့ ကျွန်တော်သုံးသပ်ပါတယ်’’ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်အရေးအပါအဝင် အဘက်ဘက်မှ ဖိအားများစွာ ရင်ဆိုင်နေရချိန်တွင် ထင်ရှားသည့် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်၏ ‘ဖိအားများလေ ပြုပြင်ပြောင်းလဲမှု (Reform) လုပ်ရန် လိုအပ်လေ’ အဆိုအမိန့်ကို နမူနာယူသည့်အကြောင်း ဦးမင်းဇင် က တိုက်တွန်းပြောကြားသည်။

ပထမဆုံး ပြုလုပ်သည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲတွင် စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းအုပ်ကြီး အရှင်သောဘိတ၊ နည်းပညာရှင် ဒေါက်တာထွန်းသူရသက်၊ မြန်မာ့ဆန်စပါးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ ဝါရင့်သတင်းစာဆရာမ ဒေါ်အေးအေးဝင်း၊ ISP-Myanmar ဆက်ဆံဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းတို့ ပါဝင်ဆွေးနွေးခဲ့သည်။ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ စာရေးဆရာမဂျူး၊ ISP-Myan-mar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်၊ Ecodev Myanmar အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူ၊ ရုပ်ရှင်ဒါရိုက်တာ ခရစ်(စ)တီးနားခီတို့လည်း ပါဝင်ဆွေးနွေးခဲ့သည်။

7Day News
Share it:

Article

LocalNews

Myanmar

News

Political

Post A Comment: