ပထ၀ီနိုင်ငံရေးနှင့် ဗိုလ်ချုပ်ရုပ်တု ပြဿနာ - Eureka Myanmar

ပထ၀ီနိုင်ငံရေးနှင့် ဗိုလ်ချုပ်ရုပ်တု ပြဿနာ

Share This

By ခိုင်ကြည်သစ်

(၁)

ပထဝီနိုင်ငံရေး (Geopo -litics) ဟူသော ဝေါဟာရကို ၁၉၁၆ ခုနှစ်တွင် ဆွီဒင်နိုင်ငံသား ပထဝီဝင်ပညာရှင် ရှယ်လင် (Rudolf Kjellen)က စတင်ပြီး တီထွင်အသုံးပြုခဲ့သည်ဟု မှတ်သားဖူးသည်။ ရှယ်လင်က ပထဝီနိုင်ငံရေးပညာဆိုသည်မှာ ‘နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်’ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြောင်း ဆရာကြီးပါမောက္ခလှထွန်းအောင်၏ ‘ပထဝီဝင်နိုင်ငံရေး (ခေတ်ဟောင်းနှင့် ခေတ်ပြိုင်ပထဝီဝင် နိုင်ငံရေး အခရာများ)’စာတမ်းတွင် မှတ်သားခဲ့ရသည်။ ပထဝီနိုင်ငံရေးနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးရှိသည့်အနက် အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ‘ပထဝီဝင်နိုင်ငံရေးပညာဟူသည်သဘာဝဇာတ်စင်ကိုမူတည်၍ နိုင်ငံရေးရာ အရေးအခင်များ ဖြစ်ပေါ်သည်ကို လေ့လာသည့် သိပ္ပံပညာရပ်ဖြစ်သည်’ဟူ၍ ဖြစ်သည်။ နိုင်ငံရေး အခင်းအကျင်းများသည် ပထဝီအခြေအနေများပေါ်တွင် မူတည်၍ ဖြစ်ပေါ်ပြောင်းလဲနိုင် သည်ဟူ၍ နားလည်မိသည်။

(၂)

 ကယားပြည်နယ်အတွင်း ပထမဆုံးသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူမည့်အပေါ်  ဌာနေ တိုင်းရင်းသား လူငယ်များက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့က တားမြစ်ရာမှ နှစ်ဖက်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းများ ကြားသိရသည့်အတွက် စိတ်မ ကောင်း ဖြစ်မိသည်။ စိတ်မကောင်း ဖြစ်ရခြင်း အကြောင်းရင်းက ယင်းရုန်းရင်းဆန်ခတ်မှုကြောင့် အစိုးရမှာရော ဒေသခံပြည်သူ လူထုအတွက်မှာပါအရှုံးထွက်သွားရခြင်းကြောင့် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် အစိုးရအဖြစ် စတင်တာ ဝန်ယူစဉ်ကတည်းက ထောင်ချောက်မျိုးစုံ ပြည့်နှက်နေသည့် ဆူးခင်းလမ်းကို စတင်လျှောက် လှမ်းခဲ့ရခြင်း ဖြစ်သည်။ အချို့ထောင်ချောက်တွေက ထင်သာမြင်သာသော်လည်း အချို့ထောင် ချောက်တွေက ကွင်းရှောင်သွား နိုင်လောက်အောင် မမြင်သာလှ၊ မထင်ရှားလှ။ သည်အထဲတွင် ဗိုလ်ချုပ်ကြေးရုပ် ကိစ္စသည်လည်း ပါဝင်သည်။   သည်လိုထောင် ချောက်မျိုးကို မွန်ပြည်နယ် ချောင်းဆုံတံတားတွင်လည်း ကြုံခဲ့ရဖူးပြီ။ ကန့်ကွက်မှုများကြားက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကို မရရအောင် စိုက်ထူလျှင် လူနည်းစု တိုင်းရင်းသားများကို မလေးစားသော အစိုးရ၊ လူထုစကားကို နားမထောင်သော အစိုးရအဖြစ် ချောက်ကျမည်။ လူနည်းစု၏ဆန္ဒကို လိုက်လျောကာကြေးရုပ်တုစိုက်ထူမည့် အစီအစဉ်ကို ဆက်လက်မဆောင်ရွက် လျှင် ‘ဗိုလ်ချုပ်ကြေးရုပ်တောင် အဖြစ်ရှိအောင် မစိုက်ထူနိုင်တဲ့ အစိုးရ’အဖြစ် ချောက်တွန်းမည့် သူများလည်း ရှိနေသည်။ အခြားတစ်ဖက်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမည့် ကိစ္စကို ကန့်ကွက်သူများ အနေဖြင့်လည်း အမျိုးသားခေါင်းဆောင်ကြီးကို ဆန့်ကျင်သူများအ ဖြစ် ပုံဖော်ကာ အခြားသော တိုင်းရင်းသားများ (အထူးသဖြင့် ဗမာတိုင်းရင်းသားများ)နှင့် သွေးကွဲနိုင်သည့်  ပြဿနာရှိနိုင်သည်။ တစ်ချိန်တည်းတွင် မလိုလားအပ်သော ဖမ်းဆီးအရေးယူ ခံရမှုများ ရှိနိုင်သည်။

ဇူလိုင်လ ၃ ရက်က ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှု အခြေအနေကို ပြန်လည်သုံးသပ်ကြည့် လျှင် ရဲတပ်ဖွဲ့၏ အကြောင်းပြချက်မှာ ‘ချီတက်မည့်လမ်းကြောင်းသည် လုံခြုံရေးအရ ကန့်သတ်ထားသဖြင့် ရှေ့ဆက်ခွင့်မပြုခြင်း’ ဖြစ်သည်။ သို့ရာတွင် ယင်းရုန်းရင်းဆန်ခတ်မှုကို ‘ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကန့်ကွက်သည့်အတွက်’တားမြစ်သကဲ့သို့ ပုံဖော်ခံရနိုင်သည်။ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်သည့် ခွန်ဘားနဒ်ဘုတ်က ‘‘ဘယ်သူက ပိတ်ပင်တယ်၊ ဘယ်သူအမိန့်ပေးလဲ ဆိုတာမေးတော့ သူတို့ဘက်က ရေရေရာ ရာ ဖြေရှင်းပေးတာ မရှိဘူး’’ ဟု သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သတင်းစာများတွင်ဖတ်ရှုရသည်။ သည်အခြေအနေ မျိုးတွင် ပြည်နယ်အစိုးရအနေဖြင့်လည်းကောင်း၊  ပြည်ထောင်စုအစိုးရအနေဖြင့်လည်းကောင်း   ဖြစ်စဉ်ဖြစ်ရပ်များကို သေသေချာချာ လေ့လာသုံးသပ်ကာ ပြည်သူလူထုကို အသိပေးသင့်သည်ဟု ယူဆမိသည်။

တစ်ဖက်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူမည့်သူများ ဘက်ကရော ရုပ်တုစိုက်ထူရေးကို ကန့်ကွက်သူများ ဘက်ကပါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကယားပြည်နယ်၏ ဆက်စပ်မှု အတိတ်သမိုင်းကို ရှင်း ရှင်းလင်းလင်း သိမြင်ဖို့ လိုသည်။ နားလည်ကြဖို့ လိုသည်။ သို့မှသာ အချင်းချင်းကြား စိတ်ဝမ်းကွဲမှု နည်းမည်။ ကြားလူစားသည့် ထောင်ချောက်ကို ရှောင်ရှားနိုင် မည် ဖြစ်သည်။

(၃)

၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဂျပန်များ လက်နက်ချသွားပြီး နောက် ၁၉၄၆၊ ၁၉၄၇ ခုနှစ် ကာလများတွင်  မြန်မာနိုင်ငံအား ဗြိတိသျှတို့ လက်မှ လွတ်မြောက်နိုင် ရေးအတွက် အပြင်းအထန် ကြိုးစားနေကြရသည်။ ထိုကာလအတွင်း မြန်မာ့နိုင်ငံရေးကို ဖတပလ (ဖဆပလ) အဖွဲ့ချုပ်ကြီးက ဦးဆောင်ခဲ့သည်။ ယင်းအဖွဲ့ချုပ်ကြီး၏ ခေါင်းဆောင်များထဲမှ ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်း (နောင်အခါ ဦးအောင်ဆန်း) ဖြစ်သည်။ ဗြိတိသျှတို့အနေဖြင့်  တစ်ဖက်တွင် အဖွဲ့ချုပ်နှင့် လွတ်လပ်ရေးအတွက် ဆွေးနွေးမှုများ ရှိနေသော်လည်း တစ်ဖက်တွင်မူ အဖွဲ့ချုပ်ဝင်များကို နှိပ်ကွပ်နေသည်။အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကို ရာထူးကြီးကြီး၊ လခကောင်း ကောင်းပေးကာ နိုင်ငံရေးမှ ထွက်သွားစေချင်သကဲ့သို့ တစ်ဖက်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းအား ဝန်းရံထောက်ခံသူ နိုင်ငံရေးသ မားများကို မြို့နယ်အနှံ့အပြားတွင် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ကာ လွတ်လပ်ရေး စိတ်ဓာတ်ကျဆင်းသွားအောင် လုပ်နေချိန် ဖြစ်သည်။ 

တစ်ချိန်တည်းတွင် တောင်တန်းနှင့် ပြည်မ ခွဲခြားရေးအတွက် သွေးထိုးမှုများကို ပြင်းပြင်းထန်ထန်၊ အကွက်ကျကျ ဆောင်ရွက်နေချိန် ဖြစ်သည်။မဖြစ်မနေ လွတ်လပ်ရေးပေးရ မည့်အချိန်တွင် တောင်တန်းဒေသ များကို ချန်လှပ်ထားဖို့ သူတို့ရည် ရွယ်လုပ်ဆောင်ခဲ့ကြသည်။ ယင်း အခက်အခဲများ ကြားကပင် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းနှင့် ပြည်မ တပေါင်းတည်း လွတ်လပ်ရေးရယူနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ သည်လိုအခြေအနေတွင် ကရင်နီပြည်နယ် (ယခုကယားပြည်နယ်)မှ လူထုခေါင်းဆောင်များဖြစ်ကြသည့် ဦးစိန်၊သိုင်းဗဟန်နှင့် နယ်စား၊ မြို့စားလူငယ်လူရွယ် စော်ဘွားကလေးများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံရန် ရန်ကုန်သို့ ရောက်ရှိလာကြသည်။ ယခု ကယားပြည်နယ်ဟု ခေါ်တွင်သည့် ကရင်နီပြည်နယ်သည် ထိုစဉ်က ဗြိတိသျှ အစိုးရ လက်အောက်တွင် ရှိမနေပေ။ 

သို့ရာတွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုသာ မရောက်ရှိခြင်း ဖြစ်သည်။ စီးပွားရေးအရ ကုပ်သွေးစုပ်မှုကို ကရင်နီ ပြည်နယ်လူထု များ အပြင်းအထန် ခံစားခဲ့ကြရ သည်။ ကရင်နီပြည်နယ်ရှိ သတ္တုလုပ်ငန်းများအားလုံးကို ဗြိတိသျှကုမ္ပဏီများက အဓမ္မလာရောက် တူးဖော်နေကြခြင်း ဖြစ်သည်။ကရင်နီ ခေါင်းဆောင်များ ရန်ကုန်သို့ လာသည့်ကိစ္စကိုလည်း ဗြိတိသျှအရာရှိများက တားမြစ်ခဲ့ကြသည်။ ယင်းတားမြစ်မှုများကြား က ကရင်နီခေါင်းဆောင်တွေ ရန်ကုန်ရောက်လာခြင်းက ကရင်နီခေါင်းဆောင်များ၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးစားအားထားမှုကို ဖော်ပြနေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့က ကရင်နီ ခေါင်းဆောင်များအား ရန်ကုန် ဘုရားလမ်း ဆန်းကဖေးမှာ နံနက်စာ ထမင်းစားပွဲဖြင့် ဧည့်ခံပြုစုခဲ့သည်။ ယင်းတွေ့ဆုံမှုကို ထိုစဉ်က ဖဆပလ စည်းရုံးရေးမှူး သခင်ထွန်းတင်က အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

‘‘ကရင်နီ ခေါင်းဆောင်များ က အင်္ဂလိပ်လက်အောက်မှာ သူတို့ မနေလိုကြောင်း၊ ကရင်နီနယ် မှာရှိသော သတ္တုတွင်းများကို အင်္ဂလိပ် ကုမ္ပဏီကြီးများက မတရားအပိုင်းစီးထားပြီး အများဆုံး အကျိုးစီးပွားကို လက်ဝါးကြီးအုပ်ထား ခြင်းကို သူတို့မခံနိုင်ကြောင်း၊ မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း သတင်းကြားရတာ အလွန်ဝမ်းသာ အားတက်စရာကောင်း၍ လူကိုယ်တိုင် တွေ့ရအောင် အင်္ဂလိပ်အရာရှိကြီးတစ်ဦး အတင်းတားမြစ်သည့်ကြားမှ ပင် လာရောက်တွေ့ဆုံကြောင်း’’ထမင်းစားပွဲမှာ ပြောင်ပြောင်ပင် ဖွင့်ပြောကြပါတယ်။

‘‘ကရင်နီ ခေါင်းဆောင်များ ကို ဗိုလ်ချုပ်အောင်ဆန်းက ပြန်ပြောတာကို အတိုချုပ် ကျွန်တော်ရေးရမယ်ဆိုရင် ‘‘ကျွန်တော်က တော့ လွတ်လပ်ရေးကို မရရအောင်လုပ်မှာပဲ။ လွတ်လပ်ရေးရဖို့ အကြောင်းတွေကလည်း ရှိတယ်။ကျွန်တော်တို့ ပြည်မလွတ်လပ် ရေးရပြီးတော့ ခင်ဗျားတို့ တောင်

တန်းဒေသနဲ့ ပြည်နယ်တွေ လွတ်လပ် ရေးမရဘဲ ကျန်နေရင် ခင်ဗျားတို့ နယ်ထဲမှာ အင်္ဂလိပ်က အမြောက်ကြီးတွေလာပြီးထောင်နေ ရင် ကျွန်တော်တို့ရတဲ့ လွတ်လပ် ရေးဟာ အလကားဖြစ်မှာပဲ။ ဒါ ကြောင့် ကျွန်တော်တို့ကတော့ ခင်ဗျားတို့ တောင်တန်းဒေသ ပြည်နယ်သားတွေနဲ့ သိပ်ပြီး ပေါင်းချင်တာပါ။ ခင်ဗျားတို့ဆီက ဘာရအောင်၊ ညာရအောင်ဆိုပြီး ကျွန်တော်တို့ အကျိုးအတွက် ခင်ဗျားတို့ကို ပေါင်းချင်တာ မဟုတ်ပါဘူး။ ခင်ဗျားတို့နဲ့ သိပ်ပြီးပေါင်းချင်တာက ဒီအကြောင်းကြောင့် သာ ဖြစ်ပါတယ်။ ခင်ဗျားတို့ကကျွန်တော်တို့ကို မချစ်ချင်တောင်မှ အတင်းပဲ ချစ်မှာပါပဲ။ ခင်ဗျားတို့ကို ကျွန်တော်တို့ အတင်းပဲ (နယာဘားယား) ရမှာပဲ’’ ဟု ရယ်ပြုံးပြုံးကြီးနှင့်ပြောပြီး ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်ပါသည်။

 ‘‘ဗိုလ်ချုပ်အောင်ဆန်း၏ အပိုမပါ ရိုးရိုးကြီး တဲ့တိုးပြောချ လိုက်တာကို ကရင်နီ ခေါင်းဆောင်များ အတော်သဘောကျကြပါ သည်။ သူတို့၏ မျက်နှာများမှာ သိပ်ပြီး ရွှင်လန်းလာကြပါသည်။ ကွဲကွာနေသော ညီအစ်ကိုချင်း  ပြန်တွေ့ရသည့်အခါ အလွန်အ

မင်း ဝမ်းသာသလို ဝမ်းသာကြသည့် မျက်နှာများကို ကျွန်တော် မြင်ရပါသည်’’

(၄)

သခင်ထွန်းတင်၏ မှတ်တမ်းအရ ကယားပြည်နယ် (ထိုစဉ်ကကရင်နီနယ်)နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားတွင် ကြီးမားသော ယုံကြည်မှုရှိသည်ကို တွေ့ရနိုင် သည်။ တစ်ပြိုင်နက်တည်းတွင် ကရင်နီနယ်နှင့် မြန်မာပြည်မတို့ ၏ ပထဝီနိုင်ငံရေးအရ အပြန်အ လှန် အကျိုးရှိမှု၊ အကျိုးစီးပွားခြင်း ဆက်စပ်နေမှုကို တွေ့ရနိုင်သည်။  ရုပ်တုတစ်ခုအတွက် အငြင်းပွားနေမည့်အစား သမိုင်းထဲက ပထဝီနိုင်ငံရေးကို သင်ယူဖို့လိုပါသည်။ကရင်နီ  ခေါင်းဆောင်တွေနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က ပထ ဝီနိုင်ငံရေးကို အခြေပြုကာ မိမိတို့၏ ဘုံရန်သူအစစ်မှာ  ဗြိတိသျှတို့ဖြစ်ကြောင်း ရှာဖွေနိုင်ခဲ့ကြပါ သည်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ် တုအတွက် အငြင်းပွားမည့်အစား ကရင်နီ လူငယ်များ၊ ကယားပြည်နယ်သူ၊ ပြည်နယ်သားများအပါ အဝင် တိုင်းရင်းသား အားလုံးလို လားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု၏ အဓိကဘုံ ရန်သူ ကို ရှာဖွေနိုင်ကြပါစေ။   ။

(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)

Credit : 7 Days

Pages