လမ်းတွေဖျောက်ပြီး မြောင်းတွေဖောက်ပါ. . . (သ​ရော်​စာ)

Share it:


မနေ့က ကိုဖြိုး နှင့် တွေ့ခဲ့သည်။တကယ်တော့ ကိုဖြိုး နှင့် တွေ့ဖို့က မလွယ်ပါ။ပြီးတော့ လူတိုင်း လူတိုင်းကိုတော့ လက်ခံတွေ့တာမဟုတ်။ဒီဇိုင်းကာလာအနေအထားကို ကြည့်ပြီးမှ လက်ခံတွေ့ဆုံတာ ဖြစ်သည်။

အခုလည်း ကိုဖြိုး နှင့် တွေ့တော့ အကြံတစ်ခု ပေးခဲ့သည်။ရန်ကုန်မှာ လမ်းတွေကိုဖျောက်ပြီး မြောင်းတွေဖောက်ဖို့ပေါ့။အခုလည်း လမ်းတွေက ပျက်နေတာ မဟုတ်လား။အချိန်ကုန် ခံ ငွေကုန်ခံပြီး မပြင်စေချင်တော့....။တစ်​ခါထဲသာ မြောင်းတွေတူးလိုက်။မြစ်ရေတက်ချိန် မိုးကြီးချိန်တွေမှာလည်း လမ်းရေလျှံနေတာပဲဟာကို....။ကိုဖြိုး လုပ်၊ မလုပ်တော့ မသိသေး။ လုပ်ရင်တော့ ရှယ်ဖြစ်ပြီ။ ဗင်းနစ်လိုလို အင်းလေးလိုလိုပေါ့။လမ်းတွေပေါ်မှာ ကားတွေစီးနေ ရတာပျင်းစရာကောင်းလာပြီ။မြောင်းတွေဖောက်ပြီး လှေတွေပဲ ပေးသွားလိုက်ရင်ကားပိတ်စရာ လည်း မရှိတော့။အဲ ... လှေတွေတော့ ပိတ်ချင်ပိတ်နိုင်သည်။ 

ဥရောပနိုင်ငံတွေကို ခဏခဏအလည်သွားသည့် ကိုဖြိုး အနေဖြင့် လုပ်မည်ဟု ထင်မိသည်။အဲ့နိုင်ငံတွေမှာလည်း မြောင်းတွေထဲမှာ လှေစီးတာတွေ ရှိတာကိုး။ပြီးတော့ ကိုဖြိုး က ပြောထားဖူးသည်။ရန်ကုန်မြစ်ကို မြို့လယ်ကောင် ရွှေ့မယ်ဆိုလား။ဒါဆိုရင်တော့ ကွက်တိပေါ့။ပြီးတော့ အခုဆို လမ်းတွေ ခဏခဏပျက်သည်။မိုးတွေကလည်း ကောင်းတာကိုး။

လမ်းပျက်တွေတော့ ကိုဖြိုး လည်း မေမေဆူတာ ခံလိုက်ရသည်။တကယ်တော့ လမ်းတွေပျက်တာ ကိုဖြိုး အပြစ်တော့ မဟုတ်။သူ လိုက်ဖျက်နေတာမှ မဟုတ်တာ။ခေတ်အဆက်ဆက်ကွာလတီမမီသည့် ကတ္တရာတွေ သုံးတာကိုး။သိတဲ့အတိုင်း တစ်ခါထဲကောင်းအောင် လုပ်လိုက်ရင် နောက်ထပ် ဘက်ဂျက်တောင်းလို့ မရနိုင်။စကားပုံတောင်ရှိသေး။ ရေကြီးရင် အေအီးပျော်တယ် ဆိုလားပဲ။ဒီတော့လည်း နှစ်တိုင်းပျက်။နှစ်တိုင်းပြင်။ အဲ့တော့မှလည်း အခြေခံလုပ်သားတွေ အလုပ်အကိုင်ရမှာ မဟုတ်လား။မပျက်တော့ ရင် အလုပ်သမားတွေဘာသွားလုပ်ကြမလဲ။ဒါကလည်းတာဝန်ရှိသူတွေရဲ့ စေတနာတစ်မျိုးပင်။ ဘယ်လိုပင် စေတနာထားသော်ညား ... ခရီးသွားတွေကတော့ ဒုက္ခရောက်ရသည်။

အလုပ်သမားတွေကလည်း အိမ်ရေးအပျက်မခံချင်။ဒီတော့ နေ့ခင်းဘက်ပဲ အလုပ်လုပ်ကြ သည်။နေ့ခင်းဘက်ဆိုတော့ ကားတွေကြပ်၊ လူတွေစိတ်ညစ်ပေါ့။အဲ့တော့ လမ်းတွေရှိနေတာ အဆင်မပြေလှ။ခဏခဏပျက်တော့ ဘက်ဂျက်လည်း ကုန်သည်။ခရီးသွားတွေလည်း စိတ်ညစ်ကြသည်။ကိုဖြိုး လည်း အဆူခံရသည်။

ဒါကြောင့် ကိုဖြိုး လည်း အဆူမခံရအောင် ရန်ကုန်မြို့အနှံ့ မြောင်းတွေတူးဖို့ အကြံပေးခဲ့ခြင်း ဖြစ်သည်။အဲ့လို မြောင်းတွေတူးလိုက်လျှင် တိုင်းပြည်လည်း တော်တော်လေး အကျိုးရှိသွားမည်။ပထမဆုံး ကတ္တရာတွေ မကုန်တော့......။ကားတွေမပိတ်တော့....။ပြီးတော့ ရန်ကုန် ရေလျှံတာတွေလည်း လျှော့နည်းသွားမည်။အခု ရေလျှံတာတွေက မြောင်းတွေပိတ်တာလည်း ပါတာကိုး။ပြီးတော့ ဒလမှာ သမ္ဗာန်ခတ်သူတွေလည်း တံတားထိုးမှာကို ပူစရာမလိုတော့။ဒလကိုတံတားထိုးရင်သူတို့အလုပ်တွေ ပျောက်မှာမဟုတ်လား။ရန်ကုန်မြို့ထဲတင် သမ္ဗာန်တွေ ခတ်လို့ရမည်။ဒါတင်မကသေး.....။

နောက်ဖေးလမ်းကြားတွေကိုပါ လှေတွေသွားလို့ရအောင် မြောင်းတွေဖောက်ပေးလိုက်ရင် ပြီးပြီ။နောက်ဖေးလမ်းကြားလည်း မညစ်ပတ်တော့....။ပြီးတော့ အရင်လို အမှိုက်ကားလည်း ပတ်စရာမလို။ကိုယ့်အိမ်ရှေ့၊ ကိုယ့်အိမ်နောက်က မြောင်းထဲကို အမှိုက်ထုတ်လေး ပစ်ချလိုက်ရုံသာ။အခုလည်း မြောင်းဆိုတာ အမှိုက်ပစ်ဖို့ထားတာ မဟုတ်လား။မိလ္လာတွင်းတွေလည်း လျှံမှာမပူရတော့။စည်ပင်ကိုခေါ်ပြီး မိလ္လာစုတ်ခိုင်းစရာလည်း မလိုတော့....။အိမ်သာပိုက်ကို မြောင်းထဲ ထည့်လိုက်ရုံသာ။ဒါတင်မကသေး....။ကလေးတွေလည်း ရေကူးကန်တွေမှာ ပိုက်ဆံပေးပြီး သွားကူးစရာမလိုတော့....။

ကိုယ့်အိမ်ရှေ့မှာလည်း စိတ်ချလက်ချ ကူးနိုင်မည်။ပြီးတော့......။အခုဆို ရန်ကုန်မှာ ငါးမျှား အားကစားကို လူတွေ စိတ်ဝင်စားလာကြပြီ။ဒါပေမဲ့ ငါးမျှား ၀ါသနာရှင်တွေအတွက် မျှားစရာ ကန်တွေက ရှားလွန်းလှသည်။

အခုလို ရန်ကုန်မြို့ အနှံ့က လမ်းတွေဟာ မြောင်းတွေဖြစ်သွားပြီ ဆိုရင်တော့ .... အိမ်ရှေ့မှာ ထိုင်မျှားရုံပင်။တိုက်ခန်းအပေါ်ထပ်မှာ နေသူတွေလည်း အေးဆေးမျှားလို့ရပြီ။ဓါတ်ကြိုးကိုတော့ ဂရုစိုက်ရမှာပေါ့လေ။

ကိုဖြိုး ကလည်း အမြဲ ဆန်းဆန်းပြားပြားတွေကို လုပ်ချင်သူဆိုတော့ လုပ်မှာသေချာလောက် သည်။လုပ်မယ်ဆိုတာ သေချာရင် စိုပြေ လည်း ကိုဖြိုး နဲ့ ပေါင်းပြီး လှေတွေရောင်းဖို့ လုပ်မည်။ဒါမှမဟုတ်လည်း အခု YBS လိုမျိုး လိုင်းလှေတွေ ပြေးဆွဲမည်။ အဲ့လိုင်းလှေ ဟာလည်း ကိုဖြိုး နာမည်ပေးခဲ့သလို YBS ပဲ ဖြစ်မှာ။Yangon Boat System ပေါ့။ပြီးတော့ ကမ္ဘာလှည့် ခရီးသွားတွေကလည်းစိတ်ဝင်စားမည်။ခရီးသွားနှုန်းကျဆင်းလာသည့် မြန်မာပြည် ကို ရန်ကုန်က မြောင်းတွေနှင့် ဆွဲဆောင်ရမည်။ဒါဆို ရန်ကုန်လည်း ၀င်ငွေသောက်သောက်လဲရမည်။

တစ်ခုတော့ရှိသည်။ဓါတ်ကြိုးတွေ ပျက်မကျအောင် ဂရုစိုက်ရမည်။တစ်မြို့လုံး မြောင်းတွေ ချည်း ပဲဆိုတော့ ဓါတ်ကြိုးပျက်ကျရင် အကုန်မသာပေါ်ကုန်မှာ။ကမ္ဘာလှည့် တစ်မြို့လုံး အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်သွားရင် မကောင်း။အဲ့တော့ ရန်ကုန် တစ်မြို့လုံးကို လျှပ်စစ်ဓါတ်အား မပေးတာ အကောင်းဆုံးဖြစ်မည် ထင်သည်။အကုန်လုံး ဖယောင်းတိုင်လေးတွေနှင့် နေကြပေါ့။ပိုပြီးတော့တောင် ရိုမန်တစ် ဖြစ်သေးသည်။နောက်တစ်ခုက အမှိုက်ပစ်သူတွေပေါ့။အောက်မှာ မြောင်းရှိနေပြီဆိုပြီး လက်လွတ်စပယ် ပစ်လို့တော့ မဖြစ်။ကမ္ဘာလှည့် ခရီးသည်တွေ ခေါင်းပေါ်ကို ကျသွားရင် ပြဿ နာ။ကိုယ့်လူမျိုး အချင်းချင်း ကတော့ အမှိုက်ထုပ် ခေါင်းပေါ်ကျတာက ကိစ္စမရှိ။ 

စို​ပြေ
Credit : Opinion Leaders

Share it:

Article

Myanmar

News

Opinion

Satire

Post A Comment: