အမျိုးသားလုံခြုံရေး အန္တရယ်ဇုံနဲ့ မြုံနေတဲ့ ကာလုံ

Share it:

(Bullet Journal အတွဲ၃ အမှတ်၁)

လူတစ်ဦးချင်းစီမှာ အရေးကြီးကိစ္စတွေ အများကြီးရှိပါတယ်။အရေးကြီးကိစ္စတွေချင်းယှဉ်လာတဲ့အခါအဓိက အကျဆုံး နံပတ်တစ်ဦးစား ပေးက အသက်ရှင်သန်မှုပဲ။
အိမ်ထောင်စုတစ်စုမှာလည်း အရေးကြီးကိစ္စတွေ အများကြီးပဲ။အရေးကြီးကိစ္စတွေ ယှဉ်လာတဲ့အခါ နံပတ်တစ် ဦးစားပေးက အိမ်ထောင်စု မပြိုကွဲရေး၊တည်မြဲရေးပဲ။
တိုင်းပြည်တစ်ခု ဆိုရင်တော့ အရေးကြီးကိစ္စတွေမှိုလိုပေါက်နေတာ ပေါ့။နံပတ်တစ် ဦးစားပေးကတော့ အမျိုးသား လုံခြုံရေးပဲ။
နိုင်ငံတိုင်းမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ဆိုတဲ့အမြင့်ဆုံး ကောင်စီ ဖွဲ့စည်းပြီး နံပတ်တစ် ဦးစားပေး လုပ်ကြတယ်။အမျိုးသားလုံခြုံရေးနဲ့ ယှဉ်လာရင်ဘာမှ လာ အရေးကြီးနေလို့ မရတော့ဘူး။(ဥပမာ.....ဆေးရုံဆောက်မယ်၊စာသင်ကျောင်းဆောက်မယ်၊အဲဒီငွေတွေ အမျိုးသားလုံခြုံရေးကိစ္စ သုံးရတော့မယ်ဆိုရင်နောက်ဆုတ် ထား၊လူသားချင်းစာနာမှု လူ့အခွင့်အရေး ဆိုတာတွေ နောက်ဆုတ်ထား)
လူတစ်ယောက် အသက်ရှင်မှ ၊အိမ်ထောင်စု တည်မြဲနေမှ ဆိုတာထက် ပိုအရေးကြီးတာ မရှိသလို နိုင်ငံတစ်ခုမှာလည်းအမျိုးသားလုံခြုံ ရေး ထက်အရေးကြီးတာ မရှိဘူး။
ဒီယန္တယားကို မောင်းနှင်မယ့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကိုယ်တိုင် ယိုင်နဲ့နဲ့ နာမကျန်းဖြစ်နေတဲ့ တိုင်းပြည်မှာ ရှင်သန်ဖို့၊မပြိုကွဲဖို့ ဘာတွေ မျှော်လင့် နေလို့ ရမှာလဲ။

အမျိုးသားလုံခြုံရေးတာဝန်ထမ်းဆောင်ရာမှာ လူ့အခွင့်အရေး ဆိုတာမရှိဘူး။
အမေရိကန်က သူ့နိုင်ငံသား တပ်မတော်သားတွေအသေအပျောက်နဲပါးစေဖို့ အတွက် ဟီရိုးရှီးမား နာဂာစကီးမြိုတွေကအပြစ်မဲ့အရပ်သား တွေသိန်းချီသေ စေတဲ့ အနုမြူဗုံးကြဲချခဲ့တယ်။ခုချိန်ထိ အရေးယူဖို့ မပြောကြဘူး။
ဂါဇာဒေသ မှာဆန္ဒပြတဲ့ ပါလက်စတိုင်း အရပ်သား တစ်ရာကျော် ကို အစ္စရေးစစ်တပ်က ပစ်သတ်တယ်။အစ္စရေးနိုင်ငံခေါင်းဆောင်တွေက တာဝန်ယူတယ်။
ပေါင်သထုံနယ် ကုလားသူကြီးဆိုးကို သတ်မှုနဲ့ဗိုလ်ချုပ်အောင်ဆန်းကိုတရားစွဲ့ဖို့သခင်ထွန်းအုပ်ကသက်သေလုပ်ပြီးဆာဒေါ်မန်စမစ်ကဖမ်းဖို့ပြင်တယ်။ဗိုလ်ချုပ်အောင်ဆန်းက သူ့တာဝန်အရ သတ်တယ်။ရင်ဆိုင်ဖိုအသင့်ပဲ ပြောတော့ ဆက်မလုပ်ရဲတော့ဘူး။
လူ့အခွင့်အရေး လူသားချင်းစာနာမှု ဆိုတာ ကောင်းပါတယ်။ဒါပေမယ့် နိုင်ငံတော်အရေးနဲ့ယှဉ်လာရင်တော့ ဦးစားပေးလို့ မရဘူး ဆိုတာ က နိုင်ငံတော် အစိုးရတိုင်းရဲ့ တာဝန်ပဲ။နိုင်ငံတော် အစိုးရ ဆိုတာ နိုင်ငံတကာ လူ့အခွင့်အရေးအစိုးရ မဟုတ်ဘူး။နိုင်ငံတော်နဲ့ နိုင်ငံသားတွေဘက်က ရပ်တည်ရတဲ့ အစိုးရဖြစ်တယ်။

တပ်မတော်မှာ စစ်ရေးသုံးသပ်ချက် လုပ်တဲ့အခါ"ဒီတော့ဘာဖြစ်လဲ"ဆိုတဲ့ မေးခွန်းတွေ ဆက်တိုက်ထုတ်ပြီး အကောင်းဆုံးဖြစ်မယ့် နည်းလမ်း အဖြေတစ်ခုကိုရအောင် ရှာလုပ်ရ တယ်။
ခြံစီးရိုးဘေး မိမိပိုင်နယ်အတွင်း လူမနေရသတ်မှတ်ထားတဲ့ နယ်ခြားဇုံထဲမှာဥပဒေချိုးဖောက်ပြီးလာနေကြတယ်။အချုပ်အခြာအာဏာကိုစော်ကားပြီး ဥပဒေချိုးဖောက်တယ်။ဥပဒေအရ ရှင်းလင်းဖယ်ရှားရင် တဖက်က အကြမ်းဖက်နှိမ်နှင်းတယ် လို့စွပ်စွဲဖိုပြင်ဆင်ထားတဲ့ အတွက် ကိုယ့်ဖက်က မရှင်းလင်းရဲဘူး။
ဒီတော့ဘာဖြစ်လဲ....ဘာဆက်လုပ်မလဲ။ဘယ်နည်းလမ်းနဲ့ ရှင်းထုတ်မလဲ။
အဖြေတစ်ခုခုတော့ထုတ်ပြီး လုပ်သင့်တာကို ဆုံးဖြတ်လုပ်ရမယ်။မရှင်းရဲလို့ဆိုပြီးဒီအတိုင်းထိုင်ကြည့်နေ ရတော့မှာလား။
အသံချဲ့စက်နဲ့အော်တာပဲ၊သူတို့ထွက်မသွားတာတော့မတတ်နိုင်ဘူးဆိုရင်တော့မှန်ကန်တဲ့အဖြေတစ်ခုမဟုတ်ဘူး။လူမနေရသတ်မှတ်ထားတဲ့ နေရာမှာ လာနေတာဘယ်လောက် တောင်ကြာနေပြီလဲ။
အကြမ်းဖက်ဝင်မရှင်းရင်လည်း တခြားနည်းလမ်းနဲ့ ဖယ်ရှားလို့ မရနိုင်တော့ဘူးလား။ဒီလိုနေဖို့ စီမံပေးနေတဲ့အဓိက ဒါရိုက်တာက ဘင်္ဂလားဒေ့အစိုးရ ဆိုတာ ထင်ရှား ပေါ်လွင်နေတာပဲ။
အချုပ်အခြာအာဏာပိုင်တန်းတူ နိုင်ငံ ခြင်း အတူတူ မဟုတ်တာ လုပ်တာ ခံနေရတာ စော်ကားခံနေရတာ ဘာကြောင့် လဲ။

စော်ကားလို့ရမှန်းသိလာတော့တဖြေး ဖြေးလက်ရဲဇက်ရဲပြောချင်တိုင်းပြောလာကြတယ်။ဘက်ပေါင်းစုံက အကွက်ကျကျ ထိုးနှက်လာတယ်။UNSCကရက်သုံးဆယ်ရာဇသံပေး တယ်။
EUက တပ်မတော်အရာရှိကြီးတွေကို တဆင့်ပြီးတဆင့်ပိတ်ဆို့မှုလုပ်တယ်။
AIကတပ်ချုပ်အပါအဝင်တပ်အကြီး အကဲတွေကို အရေးယူဖို့တင်တယ်။
UNက ဘင်္ဂလားဒေ့ရ်က ခွင့်ပြုရင်နယ်စပ်မှာ UNတပ်တွေ ထားလို့ရတယ်ပြောတယ်။ဘင်္ဂလားဒေ့ရ်တပ်မတော်က မြန်မာ့တပ်မတော်နဲ့ ရင်ဆိုင်ဖို့အသင့် ရှိတယ် ပြောတယ်။ဒီလိုဘက်စုံထိုးနှက်လာချိန်မှာ နိုင်ငံပိုင်သတင်းစာတွေမှာက "မြန်မာအစိုးရရဲ့UNDP,UNHCR တို့နဲ့ MOUထိုးခြင်း၊စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်းတို့ကို EUကထောက်ခံတဲ့ကြေငြာချက် ထုတ်ပြန်ချက်ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရ၏ရခိုင်ပြည်နယ်အရေးဆိုင်ရာကိုင်တွယ်ဆောင်ရွက်မှုတွေဟာမှန်ကန်ရုံသာမကထောက်ခံမှုပါရရှိနေကြောင်းပေါ်လွင်ထင်ရှားနေပြီ"လို့ EUဘုန်းတော်ဘွဲ့ရေးကောင်းတုံးရှိနေ သေးတယ်။EUကထောက်ခံရင်မှန် တယ်လို့သာမှတ်နေတော့EUကအုပ် ချုပ်နေတဲ့ တိုင်းပြည်လား။အချုပ်အခြာအာဏာအမျိုးသားလုံခြုံ ရေးဆိုတာဘယ် ရောက်သွားပြီလဲ။

မြန်မာနိုင်ငံသားဥပဒေရှိတယ်။ဒီဥပဒေနဲ့မညီတဲ့သူတွေကို လူသားချင်းစာနာမှု၊လူ့အခွင့်အရေးအရ လက်ခံတယ်။အရေးမယူတဲ့အပြင်ရေမီးအစုံနေစရာစားစရာ၊အလုပ်အကိုင်တွေပါ စီစဉ်ပေးအုံးမယ်။
အစိုးရကမလုပ်နိုင်လို့မြို့နယ်အစီ အစဉ်တွေနဲ့နာရေးကိစ္စတွေအဆင်ပြေ အောင် ပရဟိတ နာရေးကူညီရေး အသင်းတွေဖွဲ့ပြီး ပြည်သူလူထု ကို အစိုးရကိုယ်စား လုပ်ပေးတယ်။ဥပဒေနဲ့မညီတဲ့ လိုင်စင်မဲ့ကားတွေ အသုံးပြုတယ်။
ဥပဒေနဲ့မညီတာချင်းအတူတူ နိုင်ငံသားမဟုတ်သူတွေကိုတောင် အရေးမယူဘဲ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ 
လုပ်ပေးနေနိုင်ပြီး နိုင်ငံသားတွေက ကိုယ်ထူကိုယ်ထ ပရဟိတ နာရေး ကူညီမှုလုပ်နေတဲ့ ကားတွေ ကို ဘာကြောင့်ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းချင်ရတာလဲ။
နိုင်ငံသားတွေမှာကောလူသားချင်းစာနာစိတ်တွေ၊လူ့အခွင့်အရေးတွေ ခံစားခွင့် မရှိရတော့ဘူးလား။ဥပဒေနဲ့မညီတိုင်းသာအရေးယူမယ် ဆိုရင် အခု နယ်စပ်မျဉ်းမှာနေနေတဲ့ ဘင်္ဂါလီတွေကိုဘာကြောင့်မရှင်းကြတာလဲ။
ဘာဥပဒေနဲ့ နေနေကြတာလဲ။တကယ်တော့ဘူးသီးတောင်မောင် တောမှာ တရားဥပဒေစိုးမိုးရေး ဆိုတာကွယ်ပျောက်နေပါပြီ။အစကတည်းကနိုင်ငံသားဥပဒေနဲ့မညီသူတွေကိုတရားဥပဒေအရအရေးယူဖို့အစား နေရာပေးဖို့လုပ်လာတယ်။အကြမ်းဖက်ဆူပူမှုတွေဖန်တီး၊ကိုယ့်ရွာကိုယ်မီးရှို့ ထွက်ပြေးသူတွေကို ဂုဏ်သိက္ခာ ရှိရှိပြန်လက်ခံဖို့ လုပ်တယ်။ဒီလူတွေကပဲ ဂုဏ်သိက္ခာမရှိ ဥပဒေချိုးဖောက် ပြန်ခိုးဝင်တယ်။ဒါကိုလည်း ဥပဒေအရအရေးမယူဘဲလွတ်ငြိမ်းခွင့် ပြုပြီးကြိုဆိုလက်ခံရေးစခန်းတွေက တဆင့်နေခဲ့ဖူးတယ်ဆိုတဲ့ရွာတွေဆီပြန်ပို့တယ်။ရွာလုံးကျွတ် ဆူပူအကြမ်းဖက်ခဲ့တဲ့ရွာက အာဏာပိုင်အဖွဲ့ရဲ့ခွင့်ပြုချက်မရဘဲမီး လောင်ပြင်ရွာမှာမိမိသဘောအလျောက်အိမ်လာပြန်ဆောက်တယ်။လူမနေရ ဥပဒေသတ်မှတ်ထားတဲ့ မိမိပိုင်နက်နယ်မြေ နယ်စပ်မျဉ်းမှာ လူနေတဲတွေ လာထိုးနေတယ်။ဒါတွေအားလုံးကိုဘာတရားဥပဒေနဲ့မှ အရေးမယူနိုင်ဘဲ ချောမော့ နေရတယ်။
တရားဥပဒေ စိုးမိုးမှုပျက်ပြားနေချိန်မှာ အမျိုးသားလုံချြုံရေးအမြင် နဲ့မကြည့်ဘဲ အလျှော့ပေးရင်အဆင်ပြေနိုးနဲ့ လျှော့ရင်းလျှော့ရင်းတဖြေးဖြေးလည်မျိုအထိ ဖိနင်းခံနေရပြီ။တရားဥပဒေစိုးမိုးရေးကို လူသားချင်းစာနာမှု မျက်နှာဖုံးစွပ် က အနိုင်ယူသွားပြီ။နောက်တဆင့် အမျိုးသားလုံခြုံရေး ကို ရိုက်ချိုး ဖျက်ဆီးဖို့ပဲကျန်တော့တယ်။

အမျိုးသားလုံခြုံရေးကို ဖျက်ဆီးဖို့အဓိက မဟာ တံတိုင်းကြီးက တပ်မတော်ဖြစ်နေတယ်။ဒါကြောင့်တပ်မတော်အင်အားချိနဲ့ရေး၊ပြိုကွဲရေးကိုအစဉ်တစိုက်တစိုက်မတ် မတ်လုပ်ခဲ့ကြတယ်။အခုလို အစိုးရနဲ့တပ်မတော် နောက်ကျောမလုံဖြစ်နေကြချိန်ဟာ အကောင်းဆုံးအခွင့်အရေးဖြစ်လို့ ဒီအချိန်ကို အမိအရ အလုအယက် အသုံးချလာကြတယ်။OICက အစ္စလာမ်မိုက်ဇေးရှင်းရည်မှန်းချက်၊USကတရုပ်အနောက်ထွက်ပေါက်ပိတ်ဆို့်ရေးအင်အားချိန်ခွင်လျှာထိန်းချုပ်နိုင်ရေး၊UNက ထမင်းရှင်ကျေးဇူးရှင် OICအလိုကျရေး၊EUက သူတို့ဘက်လှည့်လာမယ့် အမှိုက်တွေ ပြန်ပို့ရေးစတဲ့ရည်မှန်းချက်ကိုယ်စီတွေနဲ့ တပ်မတော်ကို ဝိုင်းတွယ်ကြတယ်။
ISတွေအင်အားနည်းပါးလာခြင်း၊ဆီးရီးယားအီရတ်စတဲ့အရှေ့အလယ် ပိုင်းဒေသတွေမှာစစ်မီးတွေလျော့ကျလာခြင်းကြောင့် လိုအပ်နေတဲ့စစ်လက် နက်ရောင်းချရေးဈေးကွက်အသစ်တစ်ခုဖော်ထုတ်ဖို့လျာထားနေရာဟာမြန်မာနိုင်ငံဖြစ်လာတယ်။လက်နက်ရောင်းချမှုကြောင့် စီးပွားအကောင်းဆုံးဖြစ်နေတဲ့ အမေရိကန်၊တရုပ်၊ရုရှား နဲ့ EUနိုင်ငံတွေ အတွက် ကမ္ဘာ့ တစ်နေရာရာမှာ ရေရှည်စစ်ပွဲကြီးတစ်ခု မဟုတ်တစ်ခုဖန်တီးနေနိုင်ဖို့လိုတယ် ဆိုတာသဘောပေါက်ထားကြပြီးသား ဖြစ်တယ်။INGOတွေကလည်း တသက်လုံးလုပ်စားလာခဲ့တဲ့ထိုင်းမြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေ ပိတ်ကုန်လို့ စားခွက်ပျောက်မလိုဖြစ်နေတော့ အခု မြန်မာနိုင်ငံဘင်္ဂါလီပြဿနာဟာ ဆယ်စုနှစ်ချီ လုပ်စားလို့ရမယ့် ဂွင်ကြီးအဖြစ် အင်တိုက်အားတိုက် ပြင်ဆင်အားထည့်နေကြတယ်။သဘာဝဘေးဒုက္ခ၊လူလုပ်ဒုက္ခ မျိုးစုံနဲ့ ဒေါ်လာရှာစားရာမှာအထာကျလှပြီး ဂုရုကြီးဖြစ်နေတဲ့ဘင်္ဂလားဒေ့ရ်အဖို့်က တော့ဆည်ဝကဗျိုင်းလိုအဆင်သင့် ကောက်စားနေရုံပဲ။အားလုံးကိုယ်စီကိုယ်စီ ကိုယ်ကျိုးစီးပွားတွေ အတွက် အသုံးချခံလာနေရတဲ့ မြန်မာနိုင်ငံဟာ တာဝန်ရှိသူတွေညဏ်လွှာမသုံးနိုင်ရင် တော့ သီပေါပါတော်မူတာထက် ဆိုးမယ့်အခြေအနေဆီကို ဦးတည်နေပြီ ဆိုရမှာပါပဲ။

လက်ရှိတိုင်းပြည်အခြေအနေကလည်း သီပေါမင်းလက်ထက်နဲ့တော်တော် လေးဆင်တူနေတယ်လို့ပြောလို့ရမယ်ထင်တယ်။ဘုရင်ကအရုပ်ဖြစ်နေပြီးနန်းတွင်းမှာ မာန်မာနကြီးပြီးဝါးလုံးခေါင်းထဲလသာ နေတဲ့ စုဖုရားလတ်ကချယ်လှယ်တယ်။
ယောအတွင်းဝန်လိုအမြှော်အမြင်ရှိသူ တွေချောင်ထိုးခံထားရပြီးရနောင်မောင်မောင်တုတ်လိုမိုက်ဂုဏ်ပြည့်သူတွေကဘုရင်ထက် အာဏာစပ်ပြင်းနေ တယ်။နန်းတွင်းမှာအင်္ဂလိပ်ပြင်သစ် နိုင်ငံခြားသားတွေခြေချင်းလိမ်နေကြတယ်။ တရားဥပဒေစိုးမိုးမှုကပျက်ပြား၊စီးပွားရေးကမကောင်း၊အခွန်အတုပ်တွေကနှိပ်စက်တော့အင်္ဂလိပ်လက်အောက်အောက်ပြည်အောက်ရွာဆီ လူတွေပြောင်းရွှေ့ကုန်တယ်။
စီးပွားရေးတက်အောင် ဘာမှ မလုပ်တတ်တော့ အခွန်တွေ တိုးကောက်၊ထီရုံတွေ တိုးချဲ့ဖွင့်။ဘုရင် အရည်အချင်းမရှိမှန်းသိ တော့ အခွန်တိုးကောက်တာတွေ ကိုမခံနိုင်တဲ့ရှမ်းစော်ဘွားတွေက ပုန်ကန်ကြလို့မငြိမ်မသက်ဖြစ်လာ တယ်။အရှေ့တောင်အာရှတခွင် ဧကရာဇ်နိုင်ငံ ထူထောင်နိုင်ခဲ့တဲ့အပြင် ဘယ်သူမှမလှန်နိုင်တဲ့မန်ချူးမင်း ဆက်ကျူးကျော်လာမှုကိုလေးကြိမ်တိုင်တိုင်အနိုင်တိုက်နိုင်ခဲ့လို့လက်ဖျားခါခဲ့ရတဲ့ အစဉ်အလာကြီးမားလှတဲ့ ကုန်းဘောင် မင်းဆက် တပ်မတော်ဟာ ကင်းဝန်လိုဗောင်းတော်ညှိတ်စိတ်တော်သိသေနတ်ဝန်ရဲ့"ခုခံလျင်သူပုန်"ဆိုတဲ့ အမိန့်တစ်ခုကြောင့် ကျည်တစ်တောင့် မဖောက်လိုက်ရဘဲကျွန်ဘဝရောက်ခဲ့ရတော့တယ်။(ဒီတစ်ချက်တော့ လွဲပါစေ ဆုတောင်းရတာပါပဲ)

ဗိုလ်ချုပ်ကိုဘုရားလိုကိုးကွယ် တယ်ဆိုပြီး ဗိုလ်ချုပ်နဲ့မတူတဲ့ ရုပ်တုတွေအပြိုင်ထုနေကြသူတွေ ဗိုလ်ချုပ်လုပ်ခဲ့တဲ့အမျိုးသားတပ်ပေါင်းစုနမူနာလေးတော့ ယူသင့်တယ် ထင်ပါတယ်။၁၃၀၀ပြည့်အရေးတော်ပုံ(၁၉၃၈-၃၉)မှာရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တဲ့ နန်းရင်းဝန်ဒေါက်တာဘမော်ကိုဗမာ့ ထွက်ရပ်ဂိုဏ်း(၁၉၃၉စက်တင်ဘာ) အဖြစ်အမျိုးသားတပ်ပေါင်းစုဖွဲ့စည်းချိန်မှာ ဥက္ကဋ္ဌတင်ပြီးသခင်အောင်ဆန်းက အတွင်းရေးမှုးဆိုတော့သူ့ရဲဘော်တွေက "ကိုအောင်ကျော်သွေးတွေ၊ကျောင်းသားတွေ သွေးတွေ မခြောက်သေးပါဘူးကွာ၊ ဘာကြောင့်ဒီလိုလူကို ဥက္ကဋ္ဌခန့်ရသလဲ" ဆိုပြီး သခင်အောင်ဆန်းကို ကောင်းကောင်းဝိုင်း သမကြတာပေါ့။သခင်အောင်ဆန်းကစိတ်ရှည်လက် ရှည်နဲ့အမျိုးသားတပ်ပေါင်းစုညီညွတ် ရေးအရေးကြီးကြောင်းနားလည်လက်ခံ အောင်ရှင်းပြပြီးသခင်အောင်ဆန်းအပါအဝင်၁၃၀၀ပြည့်အရေးတော်ပုံမှာပါဝင်ခဲ့တဲ့တို့ဗမာအစည်းအရုံးအဖွဲ့တွေကို ထောင်ချခဲ့တာ လပိုင်းပဲရှိသေးတဲ့ ဒေါက်တာဘမော်ကိုဥက္ကဋ္ဌခန့်ရေးသ ဘောတူအောင် လုပ်နိုင်ခဲ့တယ်။ဒီဗမာ့ ထွက်ရပ်ဂိုဏ်းအမျိုးသားတပ်ပေါင်းစုအခြေခံကနေရဲဘော်သုံးကျိပ်ပေါက်ဖွားလာပြီးလွတ်လပ်ရေးအရယူပေးနိုင်ခဲ့တယ်။အသက်၂၄နှစ်အရွယ် သခင်အောင်ဆန်းရဲ့အမျိုးသား ညီညွတ်ရေးအတွက်ပုဂ္ဂိုလ်ရေးအာ ဃာတနဲ့စည်းလုံးညီညွတ်ရေးတကန့်စီခွဲခြားမြင်တတ်တဲ့အမြှော်အမြင်မျိုးကိုအခု အသက် ၇၀ကျော်အရွယ်နိုင်ငံ ရေးသမားကြီး တွေ နမူနာယူဖို့ မစဉ်းစားကြတော့ ဘူးလား။ဗိုလ်အောင်ကျော်သေတာ၊ကျောင်းသားတွေကိုနံပတ်တုတ်နဲ့ရိုက်လို့ သွေးမြေကျခဲ့ရတာ၊သူတို့ကိုထောင်ချခဲ့တာပူပူနွေးနွေး လပိုင်းပဲရှိသေးတဲ့ ပဲ့ကိုင်ရှင် နန်းရင်းဝန်ဒေါက်တာဘမော်ကို ဘာကြောင့်ဥက္ကဋ္ဌခန့်ပြီးသူ့အောက်မှာအတွင်းရေးမှုးဝင်လုပ်သလဲ။လေ့လာပြီး နမူနာယူသင့်တယ်။ရုပ်တုတွေထုရုပ်ရှင်အလှူငွေတွေ ကောက်၊တံတားအမည်တွေ ပေးနေရုံနဲ့ လမ်းဆုံးမနေသင့်ဘူး ထင်ပါတယ်။

အမျိုးသားလုံခြုံရေးဟာ အရေးကြီးဆုံးဖြစ်လို့ နိုင်ငံတကာလိုပဲ မြန်မာနိုင်ငံမှာလည်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းဖွဲ့စည်း ပေးခဲ့တယ်။နိုင်ငံတော်အစိုးရရဲ့ နိုင်ငံရေးမူဝါဒနဲ့ တပ်မတော်ရဲ့ ကာကွယ်ရေး မူဝါဒတွေ ပေါင်းစပ်ညှိနှိုင်းပြီးအရေးကြီးဆုံးဖြစ်တဲ့ အမျိုးသားလုံခြုံရေးမူဝါဒတွေ ဆုံးဖြတ်ချမှတ် လုပ်ကိုင်ကြရမှာ ဖြစ်ပေမယ့်လက်တွေ့မှာဒီအဖွဲ့စနစ်ကြီးကလုံးဝအသက်မဝင်သလောက်ဖြစ်နေတာ မြင် တွေ့နေရပါတယ်။ဒီလောက်အရေးကြီးတဲ့အရေးကြီးဆုံး ကိစ္စမှာတာဝန်အရှိဆုံးလူတွေအားလုံးပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်တာမလုပ် ကြဘဲတစ်ဦးတစ်ယောက်ထဲစိတ်ကြိုက်လုပ်နေရင်တော့ ကောင်းကျိုးထက်ဆိုးကျိုးသာ များဖို့ရှိပါလိမ့်မယ် ဆိုတာ ဗေဒင်မေးစရာ မလိုတဲ့ကိစ္စပါ။
"သမ္မတကဦးဆောင်၍"လို့အတိအကျ ရေးထားပါရက်နဲ့အမျိုးသားကာကွယ် ရေးနဲ့လုံခြုံရေးကောင်စီဟာ တပ်ဘက်က ၆ယောက်အစိုးရဘက်က ၅ယောက်ဖြစ်နေလို့မဲခွဲရင်တပ်က အသာစီးရမှာပဲ လို့ ပြောတဲ့ မဟာပညာရှိတွေကလည်းရှိသေး တယ်။ကာလုံဟာသမ္မတကြီးလဲတစ်မဲ၊နယ်လုံဝန်ကြီးလဲတစ်မဲဆိုပြီးမဲခွဲဆုံး ဖြတ်တဲ့အဖွဲ့လို့ထင် နေကြပုံရတယ်။
အာဏာရပါတီဥက္ကဋ္ဌက တပ်မတော်ရဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို အစိုးရက ပါဝင်အမိန့်ပေးလို့မရဘူးပြောနေသလို တပ်မတော်အကြီးအကဲဘက်က တပ်မတော်ဟာအစိုးရ ရဲ့ ညွှန်ကြားချက်အောက်မှာသာ လိုက်နာလုပ်ကိုင်နေတယ် ပြောနေကြတဲ့ အောက်မှာ တိုင်းပြည်ရဲ့အမျိုးသားလုံခြုံရေးကို အဆုံးအဖြတ်ပေးမယ့်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ဆိုတဲ့အဖွဲ့စနစ်က အသက်မဝင် ဖြစ်နေတော့ဘယ်လိုအားကောင်း မောင်းသန်တဲ့အမျိုးသားလုံခြုံရေးစနစ်စီမံချက်တွေ ထွက်လာနိုင်တော့မှာလဲ။တိုင်းပြည်ရဲ့အမျိုးသားလုံခြုံရေး အနာ ဂတ်ဟာ ဘာတွေ ဖြစ်လာမလဲ။

နိုင်ငံတကာမျက်နှာဖုံးစွပ် လူ့အခွင့်အရေးအရေခြုံ ဘက်ပေါင်းစုံက အကွက်ကျကျ ထိုးနှက်လာမှုတွေဟာလက်ရှိအခြေအနေမှာအမျိုးသားလုံခြုံရေးအန္တရယ်ဇုံထဲကိုရောက်နေပြီဆိုတာငြင်းလို့မရ တော့ဘူး။တိုင်းပြည်အတွက်အရေး ကြီးတာတွေအများကြီးထဲကအရေးကြီးတကာ့အရေးကြီးဆုံးဆိုတဲ့အရာကို အန္တရယ်ဇုံထဲကဘယ်လိုခုန်ကျော်ကြမှာလဲ။ကာလုံကိုအသက်သွင်းပြီးဗိုလ်ချုပ် အောင်ဆန်းရဲ့အမျိုးသားညီညွတ်ရေးမူအတိုင်းညီညွတ်အောင်လုပ်ပြီး အတူ ရုန်းကြမှာလား၊သီပေါမင်းရဲ့ ကိုယ်ထင်ရာကိုယ်လုပ် တစ်ယောက် တစ်မျိုးအမျိုးမျိုးအဖုံဖုံနဲ့အချုပ်အခြာအာဏာပုံအပ်လိုက် ကြတော့မှာလား ဆိုတာကတော့ စာအုပ်ထဲက ကာလုံကို ဦးဆောင်မောင်းနှင်ဖို့ တာဝန် အရှိဆုံး ဆိုသူနဲ့တာဝန်အရှိဆုံးဆိုသူကို လက် တွေ့ ဦးဆောင်နေတဲ့ သူ တွေ တိတိကျကျ ဆုံးဖြတ်ကြရတော့မယ့် အရေးကြီးဆုံးအချိန်ကိုရောက် နေပြီဖြစ်ကြောင်း၊တိုင်းပြည်အကျိုး မျှော်၊နှိုးဆော်သတိပေးတင်ပြလိုက်ရပါ ကြောင်း။

သောင်းလွင်ဟိန်း
၂၉.၆.၂၀၁၈
Bullet Journal

Share it:

Article

Daw Aung San Suu Kyi

Myanmar

Opinion

Political

Post A Comment: