ရန်ကုန်ဆေးရုံကြီးကို ကုစားပေးနိုင်ရန် အမတ်များ ဖိအားပေးမည်

Share it:

ရေးသားသူ - အောင်ငြိမ်းချမ်း / Myanmar Now 05/07/2018

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရသည့် ရန်ကုန်ပြည်သူ့ဆေးရုံအထွေထွေကုသဆောင် ၁ အရှေ့ ဆင်ဝင်အနီးမှ ဈေးသည်များ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

Share
(ရန်ကုန်) - ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းမှ ခွင့်ပြုချက်မဲ့ ပျံကျဈေးသည်များအရေး အမြန်ဆုံး ဖြေရှင်းပေးရန် အစိုးရကို ဖိအားပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီက ယနေ့(ဇူလိုင် ၅)တွင် ပြောလိုက်သည်။

ရန်ကုန်မြို့ လယ်ရှိ ကုတင်၂,ဝဝဝ ဆန့် ဆေးရုံအတွင်းမှ ပျံကျဈေးသည်အချို့ သည် လူနာများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပြသနာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ ဆေးရုံတွင်း အမှိုက် စည်းကမ်းမဲ့ ပစ်ခြင်း၊ တရားမဝင်နေထိုင်ခြင်းနှင့် လောင်းကစားဝိုင်းများ ဝိုင်းဖွဲ့ခြင်း တို့ကြောင့် ထိန်းချုပ်၍မရနိုင်တော့ကြောင်း ဆေးရုံအုပ်ချုပ်ရေးဘက်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတင်းထောက်များကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လွှတ်တော်ဘက်က ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များနှင့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ပျံကျဈေးသည်များအရေးကို ယနေ့(ဇူလိုင် ၅) တွင် ဆွေးနွေးခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော်မတီတစ်ခုက ၄င်းတို့ဆောင်ရွက်မည့် အခြေအနေကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဈေးသည်တွေအရေး ဖြေရှင်းပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့ စာကို အခုပဲ ရေးနေပါပြီ။ မနက်ဖြန် လွှတ်တော်ဥက္ကဋ္ဌဆီ တင်သွားမှာပါ” ဟု တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသာအောင်က ပြောသည်။

အဆိုပါဈေးသည်များအရေးနှင့် ပတ်သက်ပြီး လွန်ခဲ့သည့်လက ပထမအကြိမ် ဆွေးနွေးမှုများ ရှိခဲ့ပြီး တိုင်းအစိုးရက အဆိုပါပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့သေးသည်။

သို့သော် ဈေးသည်များအရေး ဖြေရှင်းနိုင်ခြင်း မရှိသေးသောကြောင့် တိုင်းအစိုးရအား အကြံပေးရေး၊ သက်ဆိုင်ရာဌာနများသို့ ဆက်လက် ညွှန်ကြားနိုင်ရေးအတွက် ထပ်မံ တိုက်တွန်းရခြင်းဖြစ်သည်ဟု ကော်မတီအတွင်းရေးမှူး၊ တောင်ဒဂုံ မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ဆွေးနွေးပွဲတွင် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီအပြင် လသာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ ထွေအုပ်တို့မှ တာဝန်ရှိသူများလည်း ပါဝင်သည်ဟု သိရသည်။

“ဈေးသည်တွေအရေး ဘယ်လိုဖြေရှင်းမလဲ ဆိုတာနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာပါပဲ။ ကော်မတီကလည်း အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ (ဆေးရုံအုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်ကြီးက ပြောသည်။

Credit  : Myanmar Now
Share it:

Article

Hospital

LocalNews

Myanmar

News

Post A Comment: