စည်ပင် ဥပဒေအသစ် ထောင်ဒဏ်ပါသည်

Share it:

ရန်ကုန်၊ ဇူလိုင် ၃၁

အသစ်ပြဋ္ဌာန်းလိုက်သည့် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဥပဒေသစ်တွင် ထောင်ဒဏ်နှင့် ငွေဒဏ်များ ပါဝင်ကြောင်း အများသိရှိရန် အသိပေးလက်ကမ်းစာရွက် လေးသိန်းကျော် ဖြန့်ဝေနေကြောင်း အဆိုပါဌာနက သိရသည်။

အသိပေး လက်ကမ်းစာရွက်များကို YCDC ၏ လုပ်ငန်းဌာန တစ်ခုစီတွင် အရွက်ရေ နှစ်သောင်းဖြင့် ဌာန ၂၀ အတွက် အသိပေးစာရွက် လေးသိန်းကို ယင်းဌာနသို့ လာရောက်သူများအား ဖြန့်ဝေပေးနေကြောင်း ဇူလိုင်လ ၃၀ ရက်နေ့မှ စ၍ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

လက်ကမ်းစာရွက်များ ပေးရခြင်းမှာ ၂၀၁၈ ခုနှစ် YCDC ဥပဒေအသစ်တွင် ထောင်ဒဏ် တစ်နှစ်မှ ဒဏ်ငွေကျပ် သိန်း ၅၀ အထိပါဝင်သောကြောင့် ဥပဒေကိုမသိဘဲ ပြစ်မှုကျူးလွန်မှု မဖြစ်စေရန် အသိပေးနေကြောင်း အင်ဂျင်နီယာ ဌာနာ (အဆောက်အအုံ) တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

"ကျွန်တော်က နိုင်ငံခြားမှာနေတာ ဒီရောက်တာမကြာသေးတော့ မသိဘူး။ ခြံစည်းရိုးခတ်ဖို့ စည်ပင်တင်ရင် နှစ်လ သုံးလလောက်ကြာမယ်ပြောလို့ မတင်ဘဲ ခတ်လိုက်တာ အခုတရားစွဲခံနေရတယ်။ အခုမှ ဌာနကို လာတင်မှ ထောင်ဒဏ်တွေပါမှန်း သိတာ" ဟု ခွင်ပြုချက်မဲ့ ခြံစည်းရိုးခတ်သောကြောင့် တရားစွဲခံထားရသည့် မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကဆိုသည်။

၂၀၁၈ ခုနှစ် YCDC ဥပဒေအရ စည်ပင်ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ်ရပ်နားခ ကောက်ခံလျှင် ထောင် ခြောက်လ၊ ရေမြောင်းအတွင်းသို့ အမှိုက်ပစ်လျှင် ထောင်ဒဏ် သုံးလ၊ ပတ်ဝန်းကျင် ညစ်ညမ်းစေသည့် ဓာတု အဆိပ်အတောက်ပစ္စည်းများ ဓာတ်ရောင်ခြည်သင့်စေသော ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ သီးခြားသက်မှတ်ထားသည့် နေရာတွင် မစွန့်ပစ်လျှင် ထောင်တစ်နှစ် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

ထိုပြင် အရည်အသွေးမပြည့်မီသည့် စားသုံးရန်မသင့်သော သား၊ ငါး၊ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်များ ရောင်းချ၊ သိုလှောင်လျှင် ဒဏ်ငွေ ကျပ်ငါးသိန်း ၊ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးလျှင်ဒဏ်ငွေ ကျပ် သုံးသောင်း ပေးဆောင်ရမည်ဖြစ်သည်။

Credit : The Voice
Share it:

Crime

Featured

LocalNews

News

YCDC

Post A Comment: