မမေ့နိုင်သော နေ့တစ်နေ့

Share it:

( ရှစ်လေးလုံး  ဒီမိုကရေစီအရေးတော်ပုံ  နှစ် ၃ဝ ပြည့်  အမှတ်တရ )

မောင်ခိုင်ခန့်(အမျိုးသားစာပေဆု)

ကုန်မြို့၏ နံနက်ခင်းက သာယာ လှပနေသည်။ နေမပူ မိုးမရွာနှင့် အုံ့ဆိုင်းနေသည်။ ယခင်ရက်များ က ရန်ကုန်မြို့ထဲတွင် ရုံးတက်ရန်၊ 
အလုပ်သွားရန် အရောင်းအဝယ်ကိစ္စလုပ်ရန်၊ ခရီးသွားရန် လူများနှင့် စည်ကားလှသည်။ ယနေ့တွင်မူ နံနက်မိုးလင်းကတည်းကပင် လူသွားလူလာ ကျဲနေသည်။ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဟိုနားတစ်ယောက်၊ သည်နားတစ်ယောက် နှင့် ဟိုကြည့်သည်ကြည့် ကြည့်နေသည်။
အောင်သိန်းဝင်း မြို့ထဲရောက်သည့်အခါ ရှစ်နာရီစွန်းစွန်းမျှသာ ရှိသေးသည်။ အောင် သိန်းဝင်း စိတ်အထင် အသံလွှင့်ဌာနတွေက ကြေညာသလို ဆန္ဒပြမှပြဖြစ်ပါ့မလားဟု သံ သယ ဝင်လာသည်။ ကုန်သည်လမ်းနှင့် မဟာ ဗန္ဓုလပန်းခြံလမ်းအနီး အမေရိကန်သံရုံးရှေ့ ရောက်လာသည့်တိုင် ဆန္ဒပြမည့် အရိပ်အ ယောင် မတွေ့ရ။ သံရုံးလည်း ပိတ်ထားသည်။ လူစုလူဝေး မတွေ့ရ။ ဟိုနားတစ်ယောက် သည်နား တစ်ယောက်သာ ဟိုကြည့်သည် ကြည့် လမ်းလျှောက်နေသည့် ကိုယ်လိုသူလို လူများသာ တွေ့ရသည်။
နံနက် ၉ နာရီကျော်ကျော်အထိ လူစု လူဝေးမရှိ၊ ရုံးစုရုံးစုလုပ်နေသူများပင် မတွေ့ ရသဖြင့် အောင်သိန်းဝင်း စိတ်ဓာတ်ကျလာ သည်။ ရုံးဝန်ထမ်းဖြစ်သဖြင့် ဆန္ဒပြပွဲမဖြစ်လျှင် ရုံးတက်ရဦးမည်။ သူ့စိတ်ထဲတွင် အင်း ရှစ် လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးတော့ မဖြစ်တော့ဘူးဟု သံသယစိတ်ဝင်လာသည်။ ဆန္ဒပြပွဲ ဖြစ်မှဖြစ်ပါ့မလားဆိုသည့် သံသယ စိတ်နှင့် ကုန်သည်လမ်းရှိ အမေရိကန်သံရုံး ရှေ့မှ ပန်းဆိုးတန်း တရားရုံးချုပ်ဘက်သို့ လျှောက်ကြည့်သည်။ ဘာမျှ မထူးခြား။
အောင်သိန်းဝင်း စိတ်ဓာတ်ကျသွားသည်။ ကုန်သည်လမ်းအတိုင်း လမ်းလျှောက်၍ လမ်း ၅ဝ ရှိ သူ့ရုံးကို ရုံးသွားတက်သည်။ နိုင်ငံရေး ဝါသနာပါသည့် လက်နှိပ်စက်စာရေးလေးက အောင်သိန်းဝင်း အနားသို့ ကပ်လာသည်။
''အစ်ကိုကြီး မြို့ထဲမှာ ဆန္ဒပြပွဲ လုပ်ဖြစ် လား''
''အေးကွာ ဖြစ်မှဖြစ်ပါ့မလားတောင် မသိဘူး။ ဘီဘီစီကတော့ ဆန္ဒပြပွဲ လုပ်မယ် ဆိုတာ အသံလွှင့်နေတာပဲကွ။ ဒါပေမဲ့ ၃ရက် နေ့ကမှ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးညွန့်က စစ်အုပ်ချုပ်ရေးဥပဒေ နဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့ဖွဲ့တာတွေ ကြေညာ ချက်ထုတ်ပြန်ထားတော့ မလုပ်ဖြစ်မှာစိုးတာ ပဲကွ။ အရင်ရက်တွေကလဲ အဖမ်းအဆီးတွေ ရှိတယ်လေကွာ''
''ကျွန်တော်တော့ ဒီနေ့ ဆန္ဒပြပွဲဖြစ်မယ် ထင်တာပဲဗျ''
''အစ်ကိုလဲ ဆန္ဒပြပွဲ ဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်တယ်ကွာ၊ ရုံးမှာလဲ လူမရှိပါလားဟ''
''ဆန္ဒပြပွဲဖြစ်မှာကြောင့် မလာတာနဲ့တူ တယ်ဗျ''
''အေး..အစ်ကို ခဏနေ မြို့ထဲပြန်ထွက် မယ်၊ ညီလေးလိုက်ဦးမလား''
အောင်သိန်းဝင်းနှင့် လက်နှိပ်စက်စာ ရေး ဝင်းကြိုင်တို့ ဆန္ဒပြပွဲအကြောင်း တီးတိုး စကားဆိုနေသည်။ တိုင်းမန်နေဂျာ လူယုံက အောင်သိန်းဝင်းတို့အနား ရောက်လာသဖြင့်  စကားဖြတ်လိုက်သည်။ ကိုယ့်အခန်းကိုယ် ပြန် သွားသည့်တိုင် အောင်သိန်းဝင်းနှင့်ဝင်းကြိုင် တို့အနီး ရစ်သီရစ်သီနှင့် လုပ်နေသည်။ အောင် သိန်းဝင်းက ရုံးမှတ်တမ်းတွင် လက်မှတ်ထိုး၍ မြို့ထဲသို့ ပြန်သွားသည်။ ကုန်သည်လမ်းတစ် လျှောက်တွင် လူစုလူဝေး မတွေ့ရသေး။
နံနက် ၁ဝ နာရီခန့်တွင် ဗိုလ်ချုပ်လမ်းရှိ ခုံးကျော်တံတားဘက်ဆီမှ ဆူညံဆူညံအသံ များ ကြားရသည်။ လူကူးခုံးကျော်တံတားပေါ် မှ လူငယ်တစ်ဦး အလံထောင်လိုက်သည်ကို အဝေးမှ လှမ်းမြင်ရသည်။ တစ်ဦးချင်းစီ လမ်း လျှောက်နေသူများအားလုံး ဗိုလ်ချုပ်လမ်း ကုန် တိုက်အနီးမှ လူကူးခုံးကျော် တံတားဆီသို့ ဟေးခနဲအော်ကာ အပြေးအလွှား သွားကြ သည်။ ခုံးကျော်တံတားပေါ် ကျောင်းသား တစ်ဦးက အလံကို ဝှေ့ယမ်းပြ၍ အချက်ပေး နေသည်။ တဖြည်းဖြည်းနှင့် လူစုလူဝေး ဖြစ် လာသည်။ လူစုလူဝေးရှိရာသို့ အောင်သိန်း ဝင်း ရောက်သွားသည်။ တဖြည်းဖြည်း အင် အား များလာသည်။
မဆလပါတီပြုတ်ကျရေး တို့အရေး       တို့အရေး
တစ်ပါတီစနစ် အလိုမရှိ        အလိုမရှိ
အရေးတော်ပုံ အောင်ရမည်  အောင်ရမည်
ကျောင်းသားတစ်ဦးက တိုင်ပေးသည်။  အများက တို့အရေး၊ အလိုမရှိ၊ အောင်ရမည် ဟု အတိုင်အဖောက်ညီညီ ဆိုကြ အော်ကြ သည်။ တဖြည်းဖြည်း အသံက ပို၍ကျယ် လောင်လာသည်။ ဆန္ဒပြသူများလည်း ပိုမို စုရုံးမိလာသည်။ ဆန္ဒပြသူအားလုံး စည်းကိုက် ဝါးကိုက် အော်တတ်နေပြီဖြစ်သည်။ ဆန္ဒပြ ရန် စုဝေးလာသူအားလုံး လက်သီးလက်မောင်း တန်း၍ အော်နေကြသည်။ သူ့မသိ ကိုယ့် မသိ၊ ရှေ့က တိုင်ပေးသည့်သူကိုပင် မသိကြ။ ထို့အတူ အလံဝှေ့ယမ်းခဲ့သူကိုပင် မသိပေ။
အောင်သိန်းဝင်းလည်း တစ်ကိုယ်တော် ပင်။ တစ်ဦးချင်းစီမှ လူများစုဖြစ်လာသည်မှာ  အံ့သြစရာပင်။ သို့သော် ဆန္ဒပြပွဲကိုဦးဆောင် သူများမှာ ကျောင်းသားဖြစ်သည်ကို နား လည်သဘောပေါက်ကြသည်။ ဆန္ဒပြသူအ များအပြား စုစည်းမိလာသည့်အခါ စုရပ်အ သီးသီးမှ ဆန္ဒပြသူများအားစုစည်း၍ မြို့တွင်း လှည့်လည်ဆန္ဒပြရန် တာစူကြတော့သည်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များမှလည်း မြို့ထဲသို့ စုစည်းချီတက် လာကြောင်း သတင်းများ ကြားနေရသည်။
နေ့လယ်ပိုင်းအချိန် ရောက်ရှိသည့်အခါ မြို့လယ်တွင် ဆန္ဒပြသူများနှင့် မြို့နယ်များမှ ရောက်လာသည့် ဆန္ဒပြသူများ စုစည်းကာ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်ချုပ်လမ်း၊ မြို့တော်ခန်းမရှေ့၊ မြေနီကုန်း၊ ကမာရွတ်၊ အင်း စိန်မှ ဆန္ဒပြသူများနှင့် စုစည်းကာ ဗဟန်း၊ တာမွေမှတစ်ဆင့် မြို့တော်ခန်းမဆီသို့ ပြန် လည်ချီတက် ဆန္ဒပြကြသည်။
ဆန္ဒပြရာလမ်းတစ်လျှောက် ရေတိုက် သူ၊ ပန်းသီးကျွေးသူ၊ ချွေးထွက်မှုအတွက် ဆား စသည်တို့ကို လမ်းဘေးဝဲယာတစ်လျှောက်မှ ပေးကြကမ်းကြသည်။ အောင်သိန်းဝင်းအဖို့ မနက်စာပင် မစားရသေးသော်လည်း ဆန္ဒပြ ရင်း အားအင်များပြည့်ဖြိုးနေသည်။ ဆန္ဒပြ သူများအားလုံး၊ အဖွဲ့များအားလုံး ညနေ စောင်းချိန်တွင် မြို့တော်ခန်းမရှေ့တွင် ပြန် လည်စုစည်းမိကြသည်။ ဆန္ဒပြသူတစ်ယောက် ကား အောင်သိန်းဝင်းကို စကားပြောလာ သည်။
''လူအင်အားတော့ တော်တော်များလာ ပြီဗျ၊ ဘယ်လောက်လောက်ရှိမလဲ မသိဘူးဗျ''
''အင်း တစ်သိန်းတော့ ကျော်မယ်။ ဒါ စုရပ်ပဲဗျ''
''ဒီလူအင်အားနဲ့ ဘယ်သူ ဘယ်လိုထိန်း မလဲ မသိဘူး''
''အေးဗျ၊ ဘယ်လိုလုပ်မလဲ မသိဘူး။ ကိုယ့်အဖွဲ့ သူ့အဖွဲ့တော့ ထိန်းလို့ရမယ်၊ အား လုံးကို ဘယ်လိုထိန်းမလဲ၊ ဘာဆက်လုပ်မလဲ မသိဘူးဗျ၊ အခြေအနေ စောင့်ကြည့်ရမှာပဲ''
အောင်သိန်းဝင်း ပြောသည့်စကားကို သူ လက်ခံသည်။ ယင်းအချိန်တွင် ထမင်းစား ရန်ပင် ဝေးစွ၊ ရေသောက်ရန်ပင် အခက်အခဲ ရှိသည်။ အောင်သိန်းဝင်း အပါအဝင် ဆန္ဒပြ သူအားလုံး အစားအသောက်ကိစ္စကို မေ့နေ သည်။ ထမင်းမေ့ဟင်းမေ့ပင်။
ညဦးပိုင်းရောက်လာသောအခါ ဆန္ဒပြ သူများ စုဝေးနေသည့် မြို့တော်ခန်းမရှေ့သို့ ခြေလျင်တပ်ရင်း နှစ်ရင်း၊ ကင်းထောက်ယာဉ် ၁၃ စီးနှင့် ရောက်လာသည်။ တပ်မတော်မှ အသံချဲ့စက်နှင့် လူစုခွဲရန် အော်နေသည်။ သို့တိုင် လူစုမကွဲဘဲ ဆန္ဒပြသူများ ပို၍ပို၍ များလာသည်။ ကင်းထောက်ယာဉ် သံချပ်ကာ ကားရှေ့တွင် ပိတ်ဆို့၍ အလံများထောင်ကာ ဆက်လက်ဆန္ဒပြကြသည်။ တပ်မတော်က အသံချဲ့စက်နှင့်အော်၍ လူစုခွဲရန်တောင်းဆို နေသည်။ ည ၉နာရီ၊ ၁ဝနာရီခန့်တွင် သေ နတ်နှင့် မိုးပေါ်ထောင်ပစ်သည်။ အတွဲလိုက် ကတ်လိုက်ဖြင့်ပစ်သဖြင့် သေနတ်သံများ ဆူ ညံသွားသည်။
ဒိုင်း...ဒိုင်း...ဖောင်း...ဖောင်း
ဆန္ဒပြသူအတော်များများက ကစဥ့်က လျား ထွက်ပြေးကြရသည်။ ပါးစပ်မှလည်း ပြေးပြေးဟု အော်ဟစ်ကြသကဲ့သို့ အော်ဟစ် ဆဲဆိုသူများလည်း ရှိသည်။ အောင်သိန်းဝင်း လည်း မြို့တော်ခန်းမရှေ့မှ ထွက်ပြေး၍ ရွှေ တိဂုံဘုရားဘက် ဆန္ဒပြသူများနှင့်ရော၍ လိုက် သွားသည်။ အောင်သိန်းဝင်း ရွှေတိဂုံဘုရား ပေါ်သို့ လိုက်သွားပြီး သူနေထိုင်ရာ လင့်လမ်း သို့ ပြန်သည်။ အိမ်အနီးရှိ မိတ်ဆွေများအား ဘုရားပေါ်တွင် ဆန္ဒပြသူများ ရောက်ရှိနေ ကြောင်း သတင်းပေးလိုက်သည်။ ရသမျှထမင်း ထုပ်များကို စုစည်း၍ ရွှေတိဂုံဘုရားသို့ မြောက် ဘက်စောင်းတန်းမှတက်၍ ထမင်းထုပ်များ ဝေငှပေးသည်။
လူများသဖြင့် ထမင်းထုပ်များမလောက် မငှ ဖြစ်သည်။ အောင်သိန်းဝင်းနည်းတူ အခြား ရပ်ကွက်များမှလည်း ထမင်းထုပ်များ လာ ရောက်ဝေငှကြသည်။ သို့သော် အောင်သိန်း ဝင်းမှာ အိမ်ပြန်ရောက်မှ အိမ်နီးချင်းဆွေမျိုး အိမ်မှ ထမင်းတောင်းစားရသည်။ ထိုနေ့မှာ အောင်သိန်းဝင်းဘဝတာ တစ်ခုလုံးအတွက် မနေနိုင်သော နေ့တစ်နေ့ပင်။    

Share it:

8888

Article

Featured

Myanmar

Political

Post A Comment: