သွေးစွန်းသော နံနက်ခင်းအနိဋ္ဌာရုံ

Share it:

မောင်ခိုင်ခန့်(  အမျိုးသားစာပေဆု  )

““ သိန်းဝင်း ထ.ထ..ထ၊ မင်းတို့အဖွဲ့တွေ လာ နေပြီဟ””

ကိုသန်းအောင်က အောင်သိန်းဝင်းကိုနှိုးသည်။ မနေ့ ညက ရွှေတိဂုံဘုရားပေါ်မှအပြန် ညဥ့်နက်မှ ပြန်လာ သဖြင့် အိပ်ရာဝင်နောက်ကျသည်။ ယင်းအတွက် အောင် သိန်းဝင်း အိပ်ရာထ နောက်ကျသည်။ အောင်သိန်းဝင်း အိပ်ရာမှနိုးလာသည့်အခါ ဘောင်ဒရီလမ်းမ(ဓမ်္မစေတီ လမ်းမ)ပေါ်မှ ဆန်္ဒပြ တန်းစီလမ်းလျှောက်၍ ကြွေးကြော် လာသည့် အသံများကို အတိုင်းသား ကြားနေရသည်။

ကြွေးကြော်သံများကြောင့် အောင်သိန်းဝင်း ကမန်း ကတန်းထကာ မျက်နှာသစ်သည်။ သွားတိုက်သည်။ ပုဆိုး ဟောင်းတစ်ထည်နှင့် မျက်နှာသုတ်ကာ အင်္ကျီအ၀တ်အစား လဲသည်။ အောင်သိန်းဝင်းက စတစ်အင်္ကျီအဖြူနှင့် ကချင် ပုဆိုးကို ကျကျနန၀တ်ကာ လွယ်အိတ်တစ်လုံးလွယ်၍ ဘောင်ဒရီလမ်းမဘက် ထွက်သွားသည်။ ထိုစဉ် ကိုသန်း အောင်က လှမ်း၍သတိပေးသည်။

““အောင်သိန်းဝင်း..သတိထားဦးဟေ့””

““ဟုတ်..ကိုသန်းအောင်””

အောင်သိန်းဝင်းနှင့် ကိုသန်းအောင်မှာ ရပ်ဆွေရပ် မျိုးများ ဖြစ်သည်။ အိမ်ထောင်ကျပြီး မြိတ်တွင်နေသည်။ လေယာဉ်လက်မှတ် မရသဖြင့် ရန်ကုန်တွင် သောင်တင် နေခြင်း ဖြစ်သည်။ အောင်သိန်းဝင်းနှင့် အတူတူနေသည်။ ကိုသန်းအောင်က ဆန်္ဒပြပွဲများကို စိတ်မ၀င်စားသော် လည်း အားပေးသည်။ ရှစ်လေးလုံးဆန်္ဒပြပွဲကြီး မဖြစ်မီ ကပင် အောင်သိန်းဝင်းထံမှ ဆန်္ဒပြပွဲသတင်းများကို စိတ် ပါဝင်စားစွာ နားထောင်တတ်သူ ဖြစ်သည်။

ဘောင်ဒရီလမ်းပေါ်တွင် ဆန်္ဒပြသမားများနှင့်ပြည့် နှက်နေသည်။ ဘောင်ဒရီလမ်းနှင့် သံလွင်လမ်းထောင့် အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်းရှေ့သို့ အောင် သိန်းဝင်း ရောက်သည့်အခါ သံရုံးကားတစ်စီးကို ဆန်္ဒပြ သမားများက ဘောင်ဒရီလမ်းမီးပွိုင့်ဆီသို့ မောင်းခိုင်းနေ သည်။ အချို့ဆန်္ဒပြသမားများက သံရုံးကားကိုတွန်း၍ ၀ိဇယမီးပွိုင့်ဆီသို့ သွားခိုင်းသည်။ သံရုံးကားကလေးမှာ တရွေ့ရွေ့နှင့် ၀ိဇယမီးပွိုင်ဆီသို့ သွားနေသည်။

ဘောင်ဒရီလမ်းတစ်လျှောက် ဆန်္ဒပြသမားများနှင့် ပြည့်နှက်နေသည်။ အောင်သိန်းဝင်း စိတ်အထင် ငါးထောင် တစ်သောင်းထက် မနည်းရှိမည်ထင်သည်။ သို့သော် ယင်း လူအုပ်ကြီးက ရှေ့သို့ခရီးမဆက် ရပ်တန့်နေသည်။ သံရုံး ကားကလေးတစ်စီးသာ တရွေ့ရွေ့နှင့် ၀ိဇယမီးပွိုင့်ဆီသို့ ရွေ့လျားနေသည်။ ဆန်္ဒပြသူအားလုံး ကြွေးကြော်သံများ နှင့် အတိုင်အဖောက်အညီ အော်ဟစ်နေကြသည်။

အောင်သိန်းဝင်းက ဘောင်ဒရီလမ်းအတိုင်း လူအုပ် များအတွင်းသို့ တိုးဝှေ့၍ ၀ိဇယမီးပွိုင့်ဆီသို့ တရွေ့ရွေ့ နှင့် သွားသည်။ ဆန်္ဒပြသမားအားလုံးမှာမူ ရှေ့သို့မတိုး နိုင်ဘဲ ရပ်တန့်နေသော်လည်း ကြွေးကြော်သံများက ရပ် တန့်မနေ အဆက်မပြတ် သံပြိုင်အတိုင်အဖောက်ညီညီ အော်ဟစ်နေကြသည်။

အောင်သိန်းဝင်းမှာ တရွေ့ရွေ့နှင့် လူအုပ်များအကြား တိုးဝှေ့သွားရင်း ၀ိဇယမီးပွိုင့်အနီးသို့ ရောက်ရှိသွားသည်။ ဆန်္ဒပြသမားများ ရှေ့သို့ ခရီးမဆက်နိုင်ဘဲ ရပ်တန့်နေ ခြင်း အကြောင်းရင်းကို အောင်သိန်းဝင်း သိသွားသည်။ အကြောင်းမှာ ၀ိဇယရုပ်ရှင်ရုံမီးပွိုင့် ဘောင်ဒရီလမ်းထိပ်မှ တပ်မတော်က လမ်းပိတ်ထားသည်။ လမ်းမမီးပွိုင့်ထိပ် တွင် သွပ်ဆူးကြိုးအကာအရံများဖြင့် တားဆီးထားသည်။ တပ်မတော်သားများကလည်း ပစ်ခတ်ရန် အသင့်အနေ အထားနှင့် နေရာယူထားသည်။

ယင်းအတွက် အောင်သိန်းဝင်းလည်း ရှေ့ဆက်သွား မရ။ လမ်းတစ်ဖက်ခြမ်းရှိ လက်ဖက်ရည်ဆိုင်အနီးတွင် ဆန်္ဒပြသမားများနှင့် ကြွေးကြော်သံများကို လိုက်၍အော် သည်။ ထိုစဉ် ဆန်္ဒပြသမားများထဲမှ ကျောင်းသားလူငယ်  တစ်ဦးက လမ်းဖွင့်ပေးရန် တပ်မတော်သားများထံ သွား ရောက်တောင်းဆိုသည်၊ မရ။ လမ်းကို ပိတ်မြဲပိတ်ထား သည်။ ဘောင်ဒရီလမ်း၊ သံလွင်လမ်း၊ လင့်လမ်း၊ အင်း ယားမြိုင်လမ်းများတွင် ဆန်္ဒပြသူများမှာ များသထက် များ လာသည်။ တိုးမပေါက်အောင်ပင် ပြည့်နှက်ကျပ်သိပ်နေ သည်။ ထိုစဉ် အောင်သိန်းဝင်းအနီးသို့ လူငယ်တစ်ဦး ရောက်လာသည်။

““အစ်ကိုကြီး ညကရွှေတိဂုံဘုရားပေါ်လာပြီး ထမင်း ထုပ် လာပို့တယ်မဟုတ်လား””

““အေး ဟုတ်တယ်၊ ညီလေးက ညက ရွှေတိဂုံဘုရား ပေါ်မှာအိပ်တာလား””

““ဟုတ်တယ် အစ်ကိုကြီး၊ အခု ဒီရှေ့ဆုံးကအဖွဲ့တွေ က မနက်က ရွှေတိဂုံဘုရားပေါ်ကဆင်းလာတဲ့ အဖွဲ့ တွေပဲ။ အစ်ကိုကြီးရော...””

““အစ်ကို့အိမ်က ဒီနားမှာပဲ ညီလေးရ။ ဒါကြောင့် မင်းတို့ကို ညတွင်းချင်း ထမင်းထုပ်တွေစီစဉ်ပြီး ပို့ ပေးနိုင်တာပေါ့””

““ကျေးဇူးပဲ အစ်ကိုကြီး။ အစ်ကိုကြီးရေ ဒီနေ့ ဆန်္ဒ ပြမယ့်လူတွေ ပိုများမယ်ဗျ””

““ဟ ဘာလို့တုံး ညီလေးရ””

““ဒီနေ့ သြဂုတ် ၉ရက်နေ့ကစပြီး မူလတန်း၊ အလယ် တန်း၊ အထက်တန်းနဲ့ ဆရာအတတ်သင်ကျောင်း တွေ ပိတ်လိုက်ပြီလို့ ပညာရေးဒုဝန်ကြီးအမိန့်နဲ့ ကြေ ညာချက် ထုတ်ထားတယ်ဗျာ””

““ဟုတ်ရဲ့လား သေချာလို့လား””

““သေချာပါတယ် အစ်ကိုကြီးရ။ ရေဒီယိုကလဲ ကြေ ညာတယ်။ ဒီနေ့သတင်းစာတွေမှာလဲ ပါတယ်””

အောင်သိန်းဝင်းနှင့် ကျောင်းသားလူငယ်နှစ်ဦး စကား ပြောနေစဉ် သံရုံးကားကလေးမှာ အောင်သိန်းဝင်းအနီး ၀ိဇယမီးပွိုင့်ရှေ့သို့ရောက်လာသည်။ သံရုံးကားကို ကျောင်း သားလူငယ်များနှင့် ဆန်္ဒပြသမားများက တွန်းသည်။ ကား က မရွေ့။ ဘရိတ်နင်းထားဟန် တူသည်။ ဆန်္ဒပြသမား အားလုံးကလည်း ကြွေးကြော်သံများကို အတိုင်အဖောက် ညီညီ သံပြိုင်ဟစ်ကြွေးနေကြသည်။

ဆန်္ဒပြသမားများ အားလုံးနီးပါးမျှ ၀ိဇယမီးပွိုင့်ထိပ် တွင် တပ်မတော်မှ လမ်းပိတ်ထားသဖြင့် ဘောင်ဒရီလမ်းမ ပေါ်တွင်ထိုင်၍ ကြွေးကြော်နေသည်။ သံရုံးကားသည် လည်း ရှေ့ဆက်မတိုး၊ ရပ်တန့်နေသည်။ ခဏအကြာတွင် ထိပ်ဆုံးမှ ကျောင်းသားလူငယ် ဆန်္ဒပြသမားများ မတ် တပ်ရပ်လိုက်ကြသည်။ အလံကိုင်အဖွဲ့များက ရှေ့မှရပ် လိုက်ကြသည်။ သံရုံးကားကိုတွန်း၍ ရှေ့မှကာရံထားသည့် သွပ်ဆူးကြိုးကြီး အကာအရံများ ထိုးဖောက်ရန် ကြိုးစား သည်။

““ပစ်””

““ဒိုင်း..ဒိုင်း..ဖောင်း..ဒိုင်း””

အရာရှိ၏ ပစ်မိန့်ပေးသည့်အသံနှင့် တစ်ဆက်တည်း သေနတ်သံများဆူညံသွားသည်။

အောင်သိန်းဝင်းက သူ့အနီးရှိ ပျဉ်းမပင်ကို အကာအကွယ်ယူသည်။ သံရုံးကားလည်း ကျည်ဆန်ထိမှန်၍ ချက်ချင်းနောက်လှည့်ပြီး ပြန်မောင်းသွားသည်။ အောင်သိန်းဝင်းမှာ ပျဉ်းမပင်ဘေးတွင် တစ်ခဏအကြာ မှင် တက်နေမိသည်။ သတိရ၍ ပြန်ကြည့်သည့်အခါ ဘောင်ဒရီလမ်းပေါ်တွင် ဆန်္ဒပြသမား တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။ ဘောင်ဒရီလမ်း ကတ်္တရာလမ်းမပေါ်တွင် ဦးနှောက်ကဲ့သို့ ဖြူဖွေးနေသည့် အစိုင်အခဲနှင့် အရည် များ၊ သွေးကွက်များ၊ ရောင်စုံဖိနပ်များ ပြန့်ကျဲနေသည်ကို တွေ့ရသည်။ သေဆုံးသူ၊ ဒဏ်ရာရသူများ လမ်း ပေါ်တွင် မကျန်ခဲ့။ ခဏအကြာ မီးပွိုင့်ထိပ်ဘက်တွင် သေနတ်ကျည်ဆန်ရာနှင့် သံရုံးကားရောက်လာပြီး အင်္ဂ လိပ်လို ဆဲသည်။ တပ်မတော်မှ အရာရှိကလည်း ပြန်ဆဲသည်။ ယင်းသံရုံးကားမှာ အမေရိကန်သံရုံးကားဖြစ် ကြောင်း သတင်းပို့နေသဖြင့် အောင်သိန်းဝင်း သိလိုက်သည်။

““ဟေ့ကောင် ထွက်ခဲ့””

တပ်မတော်သားစစ်သည်တစ်ဦးက ပျဉ်းမပင်အကွယ်တွင် ရပ်နေသည့် အောင်သိန်းဝင်းကို တွေ့သွား သဖြင့် လမ်းမပေါ်သို့ ထွက်ခိုင်းသည်။ အောင်သိန်းဝင်းလည်း အော်သံကြောင့် ဘောင်ဒရီလမ်းမပေါ်သို့ လက် နှစ်ဖက်မြှောက်၍ ထွက်လာသည်။

““မင်း ဘာလုပ်နေတာလဲ””

““လက်ဖက်ရည်သောက်မလို့ ထွက်လာတာ လမ်းပိတ်နေလို့ပါ””

““အေး..ကိုယ့်လမ်းကိုယ်သွား မဆိုင်တာမလုပ်နဲ့””

အောင်သိန်းဝင်းကို တပ်မတော်အရာရှိတစ်ဦးက စစ်မေး၍ ပြန်လွှတ်လိုက်သည်။ အောင်သိန်းဝင်း အဖမ်း မခံရ၊ ကံကောင်းလေစွဟု ဆိုရမည်။ အောင်သိန်းဝင်းမှာ တပ်မတော်အရာရှိက ပြန်လွှတ်သဖြင့် ၀ိဇယရုပ်ရှင် ရုံနှင့် မျက်စောင်းထိုးရှိ လက်ဖက်ရည်ဆိုင်သို့ ၀င်ထိုင်သည်။ လက်ဖက်ရည်တစ်ခွက်နှင့် အီကြာကွေးတစ်ခု အား ကတိုက်ကရိုက်စား၍ ပြန်ထွက်သည်။ အိမ်သို့မပြန် မြေနီကုန်းဘက် ထွက်လာသည်။ ဆန်္ဒပြသူများအား တပ်မတော်က ပစ်ခတ်နှိမ်နင်းထားသဖြင့် လမ်းများပေါ်တွင် လူရှင်းနေသည်။ အောင်သိန်းဝင်းက ရုံးဝန်ထမ်း ဖြစ်သဖြင့် ရုံးတက်ရန် လိုင်းကားဖြင့် မြို့ထဲသို့ထွက်လာသည်။ ရုံးတွင် လူမရှိသဖြင့် ရုံးမှပြန်ထွက်လာသည်။ မြို့ထဲတွင် ဟိုနေရာ သည်နေရာ ကြိုကြားကြိုကြား ဆန်္ဒပြသူများ ရှိနေသည်။

အောင်သိန်းဝင်း အိမ်ပြန်ရောက်သည့်အခါ ညီအစ်ကို မသိတသိအချိန် ညနေစောင်းနေပြီ ဖြစ်သည်။ မြို့ထဲမှ လင့်လမ်းအထိ လမ်းလျှောက်ပြန်လာရသဖြင့် မောနေသည်။ အိမ်ပေါက်ဝ အောင်သိန်းဝင်း ၀င်လာ သည်နှင့် ကိုသန်းအောင်က ဆီး၍နောက်သည်။

““ဟေ့ကောင် အောင်သိန်းဝင်း ငါက မင်းအဖမ်းခံရပြီ၊ ဒါမှမဟုတ် သေပြီထင်နေတာကွ၊ မနက်က ၀ိဇယ မီးပွိုင့်မှာ စစ်တပ်ကပစ်တဲ့အထဲ ပါသွားပြီထင်နေတာ””

““ကံကောင်းလို့ပေါ့ ကိုသန်းအောင်ရာ ပစ်ခံရတဲ့အထဲတော့ ပါတယ်၊ မထိပါဘူးဗျ””

အောင်သိန်းဝင်းလည်း လွယ်အိတ်ထဲမှ သတင်းစာကိုထုတ်၍ဖတ်သည်။ ကိုသန်းအောင်က ကျွန်တော့် အနား လာထိုင်သည်။ အောင်သိန်းဝင်းက သတင်းစာကိုကြည့်သည်။  

““ကိုသန်းအောင်ရေ ကျောင်းတွေတော့ ပိတ်လိုက်ပြီဗျ။ နောက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးညွန့်အမိန့်နဲ့ ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးဒေသထဲမှာ ည ၈နာရီကနေ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီ””

““မနေ့က သတင်းလေး ပြောပါဦးဟ အောင်သိန်းဝင်း၊ ဘီဘီစီက မနေ့က စစ်တပ်က သေနတ်နဲ့ပစ်လို့ လူသုံးထောင်လောက်သေဆိုကွ””

““အဲဒါတော့မသိပါဘူး ကိုသန်းအောင်ရာ၊ ဒီသတင်းစာမှာတော့ သြဂုတ် ၈ရက်နေ့က လူစုခွဲတဲ့ လေး နေရာမှာ ငါးဦးသေ ၅၅ ဦး ဒဏ်ရာရပြီး ဖမ်းထားတာ ၁၄၅၁ယောက် ရှိတယ်””

အောင်သိန်းဝင်း သတင်းစာကိုဖတ်၍ပြောနေသည်ကို အားမရသဖြင့် ကိုသန်းအောင်က သတင်းစာကို ဆွဲယူဖတ်သည်။ အောင်သိန်းဝင်းက ကိုသန်းအောင်အနီးမှထ၍ အင်္ကျီချွတ် ရေချိုးရန်ပြင်ဆင်သည်။

““အောင်သိန်းဝင်း မင်းတို့တော့ ပွပြီကွ၊ ဒီမှာ ၀န်ထမ်းတွေ လစာတိုးဆိုပါလားကွ၊ ၀န်ထမ်းတွေကို အပို လုပ်ခလစာ တိုးမြှင့်ပြီး နေ့စားလုပ်ခနှုန်း ၆ကျပ် ပြား၅၀ ကနေ ၈ကျပ် ပြား ၅၀ တိုးလိုက်ပြီဟ””

““အလကားပါ ကိုသန်းအောင်ရာ။ အဲဒါက ၀န်ထမ်းတွေနဲ့ အလုပ်သမားတွေ ဆန်္ဒပြပွဲတွေ မပါအောင် စည်းရုံးတဲ့ အစိုးရနည်းဗျူဟာပါ””

““စစ်ကိုင်းမှာတော့ လူတွေ အများကြီး သေတာပဲဟ၊ ဆန်္ဒပြတဲ့သူ ၃၁ယောက်သေပြီး ၃၇ဦး ဒဏ်ရာရ တယ်ကွ””

““ကတောင်ကပါ့မလားဗျာ၊ အဲဒီမှာ ဟိုကောင်ဝင်းဆောင်က ဒုရဲအုပ်မဟုတ်လား၊ ရဲမှူးခင်မောင်ထွန်းတို့ လက်ချက်နေမှာပေါ့ဗျာ””

ကိုသန်းအောင်က အောင်သိန်းဝင်းစကားနားထောင် သတင်းစာ ဆက်ဖတ်နေသည်။ အောင်သိန်းဝင်း ရေချိုးကန်သို့ဆင်း၍ ရေချိုးသည်။ မိုးကအုံ့နေသဖြင့် ရာသီဥတုက အေးသည်။ အောင်သိန်းဝင်း ရေတစ်ခွက် ခပ်၍လောင်းလိုက်စဉ် ကျောချမ်းရုံမျှမက အသည်းပါ ချမ်းသည်။ ယင်းမှာ ရေကြောင့်မဟုတ် မနက်က ဆန်္ဒ ပြသမားများအား တပ်မတော်သားများ၏ ပစ်ခတ်နှိမ်နင်းမှုကို ကိုယ်တိုင်ကြုံတွေ့ခံစားရသဖြင့် နံနက်ခင်း အနိဋ္ဌာရုံမြင်ကွင်းကို ပြန်လည်ခံစားရင်း ကျောချမ်းသွားခြင်းသာ ဖြစ်ပေသည်။

Credit : Yangon Media Group
Share it:

8888

Article

Featured

History

Memories

Myanmar

Post A Comment: