ရှေ့မှာဟောတာက ပါးစပ်၊ နောက်ကျောမှာက သေနတ်

Share it:


မောင်ခိုင်ခန့်(အမျိုးသားစာပေဆု)

''ကို အောင်သိန်းဝင်း ... ကိုအောင် သိန်းဝင်း ... ကိုအောင်သိန်းဝင်း ထပါဦးဗျ''

အိမ်ရှေ့မှာ နာမည်အော်ခေါ်နေသော်လည်း အောင်သိန်းဝင်း အိပ်ရာမှမနိုး။ ကိုသန်းအောင်က ကြားသဖြင့် အောင်သိန်းဝင်းကို တစ်ဆင့်ပြန်နှိုးနေရသည်။ ညဥ့်သန်းခေါင်ယံ မတိုင်သေးသော်လည်း သက်ကြီးခေါင်းချချိန် ရောက်ပြီဖြစ်သည်။ အောင်သိန်းဝင်းမှာ ရုံးသွားရ၊ လူထုဟောပြောပွဲများသွားရ၊ အိမ်အပြန် မြို့ထဲမှ လမ်းလျှောက်ပြန်လာရသဖြင့် ပင်ပန်းကာ အိပ်မောကျနေသည်။ ကိုသန်း အောင်က လှုပ်နှိုးနေသဖြင့် အိပ်ရာမှ နိုးထလာသည်။ အိမ်ရှေ့တံခါးဖွင့်၍ထွက်ကြည့်မှ ဆန်းဝင်းမှန်းသိသည်။

''ဆန်းဝင်း ဘာကိစ္စရှိလို့တုံးဟ ညဥ့် နက်နေပြီ''

''အရေးကြီးလို့ဗျ။ မထီအောင် ဗိုက်နာ နေလို့ ဒပ်ဖရင်ကို အရေးပေါ်ပို့မှရမယ်။ အဲဒါ ကိုအောင်သိန်းဝင်း ကူညီမှရမယ်။ သူ့ယောက်ျား ကိုညိုမောင်ကလဲ နယ် သွားနေတာ''

''ညကြီးမင်းကြီးကွာ။ အခုဟာက စစ် အုပ်ချုပ်ရေးဥပဒေက မရုပ်သိမ်းသေး ဘူးဟ။ ည ၈နာရီကနေ မနက် ၄နာရီ အထိ ညမထွက်ရအမိန့် ထုတ်ထားတာ လေကွာ''

''အဲဒါကြောင့် ကိုအောင်သိန်းဝင်းကို လာပြောတာပေါ့။ အခုဟာက မထီ အောင်က မွေးတော့မယ့်ဆဲဆဲဗျ။ ဆေး ရုံကို မဖြစ်မနေပို့မှရမှာ''

''အေးကွာ မဖြစ်မနေဆိုတော့လဲ ကူ ညီရမှာပေါ့။ ဒါနဲ့ ဆန်းဝင်း မင်းမှာ နိုင်ငံတော်အလံ ရှိတယ်မဟုတ်လား။ မတတ်နိုင်ဘူး၊ မွေးလူနာပို့တာပဲ ဖမ်း ချင်လဲ ဖမ်းပေါ့ကွာ''

အောင်သိန်းဝင်းက ပြောပြောဆိုဆိုနှင့် ပင်တီတိုက်ပုံကို ကောက်ဝတ်ပြီး ဆန်းဝင်းနှင့် လိုက်သွားသည်။ ဆန်းဝင်းက သူ့အိမ်မှ အလံ ပြန်ယူလာသည်။ ဆန်းဝင်းပေးသည့်အလံကို အိမ်ရှေ့မှ ဝါးလုံးတိုတစ်ချောင်းတွင် အောင် သိန်းဝင်း ချည်သည်။ ယင်းနောက် မထီအောင် အိမ်ရှေ့တွင် ဆန်းဝင်းက သူ့လေးဘီးကားကို ရပ်၍ မွေးလူနာကိုတင်သည်။ ကားမထွက်မီ ဆန်းဝင်းကို အောင်သိန်းဝင်းက ကားဖြည်း ဖြည်းမောင်းရန် ပြောသည်။

''ဆန်းဝင်း ငါတို့က တော်လှန်ရေးပန်း ခြံရှေ့က ဖြတ်ရမှာ။ အဲဒီမှာ စစ်တပ် ရှိတယ်။ ကင်းရှိတယ်ကွ။ တားရင်ရပ် ပေး၊ မောင်းမပြေးနဲ့ ကျန်တာ ငါကြည့် ပြောမယ်''

''ဟုတ် ကိုအောင်သိန်းဝင်း''

အောင်သိန်းဝင်းက မွေးလူနာတင်ပြီးသည်နှင့် ကားစထွက်သည်။ အောင်သိန်းဝင်းက လေးဘီးနောက်မှ အလံထောင်ကာ မတ်တပ်ရပ်၍လိုက်သည်။ ထင်သည့်အတိုင်းပင် ဝိဇယမီးပွိုင့်လွန်သည်နှင့် စစ်တပ်ကင်းက ခရာသံတရွှီရွှီမှုတ်၍ တားတော့သည်။ ဆန်းဝင်းက မှာထားသည့်အတိုင်း ကားရပ်ပေးသည်။ အောင်သိန်းဝင်းက နိုင်ငံတော်အလံကို ကိုင်ကာ ကင်းအဖွဲ့ထံသွားသည်။

''ခင်ဗျားတို့ ညမထွက်ရအမိန့် ထုတ် ထားတာ မသိဘူးလား။ ဒီအလံက ဘာလုပ်တာလဲ''

''အလံက ကျွန်တော်တို့ ဒီနိုင်ငံသားမှန်း သိအောင်ပါ။ မွေးလူနာ သွားပို့မလို့ပါ''

အောင်သိန်းဝင်း ရှင်းပြသဖြင့် လုံခြုံရေး အရာရှိက ကားနောက်ခန်းသို့သွား၍ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်သည်။ မွေးလူနာ မထီအောင်၏ ညည်းသံကြားသဖြင့် လုံခြုံ ရေးအရာရှိက သွားခွင့်ပြုသည်။ ရဲဘော် ကလေးတစ်ယောက်က ကားနံပါတ်ကို အော် ပြောနေသည်။ အောင်သိန်းဝင်းက ကားပေါ် ပြန်မတက်မီ လုံခြုံရေးအရာရှိကို ကျေးဇူး စကား ဆိုသည်။

''ကျေးဇူးပါ ဗိုလ်ကြီး။ ကျွန်တော်တို့ မွေးလူနာပို့ပြီးရင် ဒီလမ်းကပဲ ပြန်ရမှာ ပါ။ ခွင့်ပြုပါ''

''ရတယ် ပြန်လာပါ''

မွေးလူနာ တင်လာသည့် ကားပေါ်သို့ အောင်သိန်းဝင်း ပြန်တက်သည်။ အောင်သိန်းဝင်းက သူ့လက်ထဲက နိုင်ငံတော်အလံကိုပြန် ထောင်ကာ မွေးလူနာတင်လာသည့် လေး ဘီးကားကလေးကို တဖြည်းဖြည်း မောင်းစေသည်။ မကြာမီ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ရောက်သည်။ ညဥ့်နက်နေသဖြင့် လူနာများရှင်းနေသည်။ မွေးလူနာပါကြောင်း အောင် သိန်းဝင်း လှမ်းအော်ပြောလိုက်သဖြင့် ဆေးရုံ ဝန်ထမ်းအချို့ တွန်းလှည်းနှင့်ရောက်လာကာ မွေးလူနာအား လာခေါ်သွားသည်။ အောင်သိန်းဝင်းက တာဝန်ကျေပြီဖြစ်သဖြင့် မထီ အောင်အား နှုတ်ဆက်၍ပြန်ခဲ့သည်။ အောင် သိန်းဝင်း ပြန်ရောက်သည့်အခါ ညဥ့်အတော် နက်နေပြီ ဖြစ်သည်။ အိပ်ပျော်အောင် အိပ်လိုက်သည်။

ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများ မရှိသော် လည်း နေရာအနှံ့၊ မြို့နယ် အနှံ့အပြားတွင် လူထုဟောပြောပွဲများ ကျင်းပနေသည်။ ရန် ကုန်မြို့ထဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းထဲတွင် ကျင်းပသည့် လူထုဟောပြောပွဲနှင့် အမေရိကန်သံရုံးရှေ့တွင် ပြုလုပ်သည့် လူထု ဟောပြောပွဲမှာ အစည်ကားဆုံး ဖြစ်သည်။ အောင်သိန်းဝင်းက မြို့ထဲရောက်သည်နှင့် ဟံသာဝတီ ဦးဝင်းတင် ခေါင်းဆောင်သည့် စာပေနှင့် အနုပညာသည်အသင်းသို့ ဝင်သည်။ အသင်းဝင်ကတ်ပြားရသည်။ ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ရှိ လူထုဟော ပြောပွဲသို့ သွားသည်။ စာရေးဆရာများ၊ ကျောင်းသားများ၊ ဟောပြောသည်ကို နား ထောင်သည်။ ယင်းနောက် ကိုယ်တိုင်ဟော ပြောရန် စာရင်းပေးထားသည်။ ဟောပြောမည့်သူများများပြားသဖြင့် ညနေစောင်းသည့်တိုင် အောင်သိန်းဝင်း၏ အလှည့်မကျ။ အောင်သိန်းဝင်း စိတ်မရှည် တော့သဖြင့် ဟောပြောပွဲမှထွက်ခွာကာ ရွှေ တိဂုံဘုရားလမ်းအတိုင်း လမ်းလျှောက်၍ အိမ်သို့ ပြန်ခဲ့သည်။ အိမ်သို့ပြန်ရောက်သည့်အခါ ကိုသန်းအောင်က ဆီးကြိုနှုတ်ဆက်သည်။

''အောင်သိန်းဝင်း ဘာထူးသေးလဲ''

''ဘာမှမထူးပါဘူး ကိုသန်းအောင်ရာ။ ဟောပြောပွဲပဲရှိတာ။ ကျွန်တော်တောင် ဟောပြောဖို့ စာရင်းပေးထားပြီးမှ အလှည့် မကျတာနဲ့ ပြန်လာခဲ့တာ''

''မင်းက ဘာတွေဟောမှာတုံး''

''ဒီမိုကရေစီ အကြောင်းပေါ့ ကိုသန်း အောင်ရာ။ ကျွန်တော်က PS အဲ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ကျောင်းမှာ သုံးနှစ်တောင် သင်လာရတာဗျ''

အောင်သိန်းဝင်းက ကိုသန်းအောင်အ မေးကိုဖြေရင်း အင်္ကျီအဝတ်အစားလဲသည်။ ယင်းနောက် ကိုသန်းအောင်အား နှုတ်ဆက်ကာ ဝါဝါတို့အိမ်သွားသည်။ ဝါဝါက အောင်သိန်းဝင်းအား အပြုံးနှင့် ဆီးကြိုနှုတ်ဆက်သည်။ အောင်သိန်းဝင်းက ဝါဝါတို့အိမ် ရောက်သည်နှင့် ဝါဝါအမေးကို မစောင့်တော့ဘဲ သူ့ စိတ်ရင်းအတိုင်း ဝါဝါကို ပြောလိုက်သည်။

''ဝါဝါ ဗိုက်ဆာတယ်ဟာ။ အခုထိ မနက်စာတောင် မစားရသေးဘူးဟ''

''ကိုအောင်သိန်းဝင်းရယ် ဒုက္ခပါပဲ။ အစားလေးတော့ မှန်အောင်စားပါ။ မသကာ အစားမမှန်လို့ အစာအိမ် ရောဂါတွေဘာတွေ ဖြစ်နေပါဦးမယ်''

ဝါဝါက အောင်သိန်းဝင်းအား ပြောပြောဆိုဆိုနှင့် အိမ်ရှေ့စားပွဲတွင် ထမင်းခူးပေးသည်။ အောင်သိန်းဝင်းက ဗိုက်ဆာနေသဖြင့် ဝါဝါကို စကားမပြော၊ ခေါင်းမဖော်ဘဲ အားရပါးရ ထမင်းစားသည်။ ဝါဝါကသူချက်သည့် ထမင်းဟင်းများကို ခေါင်းမဖော်တမ်း စားနေသည့် အောင်သိန်းဝင်းကိုကြည့်ကာ ပီတိဖြစ် နေသည်။ ဝမ်းသာနေသည်။ အောင်သိန်းဝင်းက ထမင်းစားပြီးသည်နှင့် ဝါဝါကို နှုတ်ဆက်ကာ ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် တချိုးတည်း အိပ်သည်။ တစ်နေ့တစ်နေ့ အောင်သိန်းဝင်းမှာ ရုံးတက်လိုက်၊ ဟောပြောပွဲတွေသွားလိုက်နှင့် အလုပ်ရှုပ်နေသည်။

လူစုလူဝေး ဖြစ်နေသော်လည်း ဟောပြောပွဲ မစသေး။ ယင်းအတွက် အောင်သိန်းဝင်းက ဟောပြောရန် စာရင်းပေးထားသည်။ ပထမဆုံး ဟောပြောမည့်သူမှာ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ဖြစ်သည်။ မင်းကိုနိုင် ဟောပြောရန် ထွက်လာသည့်အခါ သူကလက်ကိုင်ပဝါအနက်ဖြင့် နှာခေါင်းနှင့်ပါးစပ်ကို စည်းကာ သံရုံးဘေးလမ်းထဲမှ ထွက်လာသည်။

''ကိုမင်းကိုနိုင် လက်ကိုင်ပဝါဖြုတ်ပေး၊ လက်ကိုင်ပဝါ ဖြုတ် ပေးပါ''

လူထုဟောပြောပွဲလာသည့် ပရိသတ်များက မင်းကိုနိုင်အား မမြင်ဖူးသဖြင့် မျက်နှာပေါ်တွင် စည်းထားသည့် လက်ကိုင်ပဝါကို ဖြုတ်ပေးရန် အော်ဟစ်တောင်းဆိုကြသည်။ မင်းကိုနိုင်လည်း ပရိသတ် များ တောင်းဆိုမှုကြောင့် ဖြုတ်ပေးသည်။ ပရိသတ်များ ဟေးခနဲ ပြိုင်တူအော်ကာ လက်ခုပ်လက်ဝါးတီးကာ မင်းကိုနိုင်အား အားပေးကြသည်။ မင်းကိုနိုင်က စားပွဲပေါ်တက်ကာ အားရပါးရ ဟောပြောသည်။ ပရိသတ်များကလည်း လက်ခုပ်သံ တဖြောင်းဖြောင်းနှင့် အား ပေးသည်။

မင်းကိုနိုင် ဟောပြောပြီးသည့်အခါ အောင်သိန်းဝင်းအလှည့် ဖြစ်သည်။ လူထုဟောပြောပွဲမှာ ပရိသတ်များနှင့် ပြည့်နှက်နေသော်လည်း ကဗျာမဆန်၊ ရိုးရှင်းလွန်းလှသည်။ အမေရိကန်သံရုံးရှေ့ ကုန်သည်လမ်းမပေါ်တွင် စားပွဲတစ်လုံးချ၍ မိုက်မပါ၊ အသံချဲ့စက်မရှိဘဲ သဘာဝအသံဖြင့် ဟောပြောခြင်းဖြစ်သည်။ အောင်သိန်းဝင်း ဟော ပြောရန် စားပွဲပေါ်သို့တက်၍ မတ်တတ်ရပ်သည်။ ဒီမိုကရေစီဆိုတာဘာလဲဆိုသည့် ခေါင်းစဉ်နှင့် ဟောပြောခြင်းဖြစ်သည်။ အောင်သိန်းဝင်း ဟောပြောနေစဉ် ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းမီးပွိုင့် ဗဟိုဘဏ်ရှေ့တွင် စစ်တပ်က တန်းစီ၍ လမ်းပိတ် ထားသည်။ စစ်သားများက မတ်တပ်ရပ်လျက် တစ်မျိုး၊ မုဆိုးဒူးထောက် ထိုင်လျက် တစ်ဖုံပစ်ခတ်ရန် အသင့်အနေအထားနှင့် ရှိနေသည်။ သို့တိုင် အောင်သိန်းဝင်းနှင့် လူထုပရိသတ်များက ပုံမှန်အတိုင်းရှိနေ သည်။ အောင်သိန်းဝင်းက စစ်တပ်ကိုကျောပေး၍ ပရိသတ်နှင့်သာ မျက်နှာချင်းဆိုင် ဟောပြောရသည်။

''ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရက လွတ်လပ်ခြင်း၊ ညီမျှ ခြင်း၊ တရားမျှတခြင်းပဲ။ အခု တစ်ပါတီ အာဏာရှင်စနစ်ဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါကြောင့် ကျွန်တော်တို့ မဆလအာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တောင်းဆိုနေ ကြတာ''

အောင်သိန်းဝင်း၏ ဟောပြောပွဲ အဖွင့်စကားလှသွားသည်။ ပရိသတ်များ လက်ခုပ်သံ လက်ခေါက်မှုတ်သံများဖြင့် အားပေးမှုကိုရလိုက်သည်။ အောင်သိန်းဝင်းလည်း ကျောင်းတွင်သင်ခဲ့ရသည့် ဒီမိုကရေစီအကြောင်း သင်ခန်းစာများ သူ့အလိုလို ပြန်ပေါ်လာကာ အားရပါးရ ဟောပြောတော့သည်။ ပရိသတ်များစိတ်ဝင်စားစွာ နား ထောင်နေသည်ကို တွေ့ရသဖြင့် ပို၍အားတက်သွားသည်။ ယင်းအတွက် အောင်သိန်းဝင်းက ဟောပြောသည့် စကားလုံးတိုင်းကို ဋ္ဌာန်နှင့်မာန်နှင့် ဟောသည်။ သိပ်မကြာ အောင်သိန်းဝင်း၏ နောက်ကျောဘက်ရှိ တန်းစီ ထားသည့် စစ်သားများထံမှ ဖြောင်းဖြောင်းမြည်သံကို ကျယ်ကျယ် လောင်လောင် ကြားရသည်။ သေနတ်မောင်းတင်သံလိုလို၊ သေနတ်လက်ရိုက်သံလိုလို ကြားရသည်။ အောင်သိန်းဝင်းရှေ့မှ ပရိသတ်များမှာ တဝုန်းဝုန်း တရုန်းရုန်းနှင့် ထွက်ပြေးကြသည်။ အောင်သိန်း ဝင်းက နောက်သို့ လှည့်မကြည့်။ အော်ဟစ်ဆူညံသံများ တိတ်ဆိတ်၍ ရှေ့တွင်ကျန်ရှိသည့် အလံကိုင်လေးယောက်နှင့် ပရိသတ် လေး ငါးဆယ်ယောက်ခန့်ကို ဆက်၍ဟောပြောသည်။

အလံကိုင်လေးယောက်က မတုန်မလှုပ် ကျောက်ရုပ်များပမာ မကြောက်မရွံ့ နောက်မတွန့်ဘဲ တည်ငြိမ်စွာ ရပ်နေသကဲ့သို့ အောင်သိန်းဝင်းက ကြောက်ရွံ့ခြင်း ကင်းဝေးစွာဖြင့် ဒီမိုကရေစီအကြောင်း လက်သီးလက်မောင်းတန်းကာ ဋ္ဌာန်နှင့်မာန်နှင့် ဆက်ဟောသည်။ ပရိသတ်များ တဖြည်းဖြည်း ပြန်၍ရောက်လာသည်။ ပြန်၍ စုစည်းမိသည်။ အောင်သိန်းဝင်း ဟောပြီးသည့်အခါ မေးကြည့်တော့ မတ်တတ်ရပ်သူနှင့် မုဆိုးဒူးထောက်ထိုင်သူများ အချိန်းအပြောင်းပြုစဉ် စစ် သားများ၏ သေနတ်လက်ရိုက်သံဖြစ်ကြောင်းသိရသည်။ အောင်သိန်းဝင်းက အလံကိုင်လေးဦးကို ဂုဏ်ပြုစကားဆိုသည်။ အလံကိုင် များကလည်း အောင်သိန်းဝင်း၏သတ္တိကို တစ်ဖန် ဂုဏ်ပြုစကားဆို ကြသည်။ အောင်သိန်းဝင်းက ရှေ့က ပါးစပ်နှင့်ဟောနေစဉ် နောက် ကျောမှာ စစ်တပ်က သေနတ်နှင့် ချိန်ရွယ်ထားခြင်းခံရသည်မှာ ကျောချမ်းမိသည်မှာတော့ အမှန်ပင်ဖြစ်သည်။

မောင်ခိုင်ခန့်(အမျိုးသားစာပေဆု)

#Yangon Times Journal
Share it:

8888

Featured

Myanmar

Opinion

Political

Post A Comment: