ဆွစ်ဇာလန်တောင်တန်းပေါ်မှာ လေယာဉ်ပျက်ကျမှု လိုက်ပါလာသူအားလုံး သေဆုံး

Share it:

ဆွစ်ဇာလန်နိုင်ငံအရှေ့ပိုင်း တောင်တန်းတစ်ခုပေါ်ကို ဒုတိယကမ္ဘာစစ်ခေတ် လေယာဉ်တစ်စီး ပျက်ကျခဲ့မှုအတွင်း လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
.
Piz Segnas တောင်ပေါ်ကို ပျက်ကျခဲ့တဲ့ Junkers JU-52 HB-HOT အမျိုးအစား လေယာဉ်ပေါ်မှာ ခရီးသည် ၁၇ ဦးနဲ့ လေယာဉ်အမှုထမ်းသုံးဦး လိုက်ပါသွားခဲ့ကြပြီး သြဂုတ် ၄ ရက် မွန်းလွဲပိုင်းက ရှုခင်းကြည့်ခရီးစဉ်အဖြစ် ပျံသန်းနေစဉ် ပျက်ကျခဲ့ပါတယ်။



JU-Air လေကြောင်းလိုင်းကုမ္ပဏီက ယခုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်းပြောခဲ့ပြီး သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေအတွက် အကူအညီပေးရန် ဆက်သွယ်ရေးဖုန်းလိုင်း စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
.
လေယာဉ်ပျက်ကျမှုဖြစ်ပြီးနောက် JU-Air ရဲ့ လေကြောင်းခရီးစဉ်အားလုံးကို နောက်ထပ် အသိပေးချက် မထုတ်ပြန်မီအထိ ရပ်ဆိုင်းထားလိုက်ကြောင်းလည်း သိရပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ ဆွစ်ဇာလန်တောင်ပိုင်း နယ်စပ်ဒေသရှိ Locarno မြို့ကနေ ဇူးရစ်မြို့ကို ပြန်လာကြသူတွေ ဖြစ်ပါတယ်။



ယခု ပျက်ကျခဲ့တဲ့ ဒုတိယကမ္ဘာစစ်ခေတ် လေယာဉ်မှာ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (black box) မပါရှိကြောင်း သိရပါတယ်။

"လေယာဉ်ပျက်ကျတဲ့ နေရာမှာတွေ့ရတဲ့ အခြေအနေအရ ကျွန်တော်တို့ ပြောနိုင်တာကတော့ လေယာဉ်က လျင်မြန်တဲ့အရှိန်နဲ့ မြေပြင်ကို ဦးစိုက်ထိုးကျလာခဲ့ပုံရပါတယ်" လို့ ဆွစ်ဇာလန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးဘုတ်အဖွဲ့ (Swiss Transportation Safety Investigation Board) မှ Daniel Knecht က ပြောပါတယ်။
.
လေယာဉ်ဟာ ပျက်မကျမီမှာ အခြားလေယာဉ်တစ်စီး သို့မဟုတ် ကေဘယ်ကြိုးတစ်ခုခုနဲ့ တိုက်မိခဲ့တာမျိုး မဟုတ်ကြောင်းလည်း ၎င်းကဆိုပါတယ်။

လေယာဉ်ပျက်ကျစဉ် တောင်ပေါ်မှာရှိနေခဲ့တဲ့ မျက်မြင်တစ်ဦးရဲ့ အဆိုအရ လေယာဉ်ဟာ တောင်ဘက်ကို ၁၈၀ ဒီဂရီ လည်သွားခဲ့ပြီးနောက် မြေပြင်ကို ကျောက်ခဲ့တစ်တုံးကဲ့သို့ ပြုတ်ကျလာခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေဟာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၉ ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ အမျိုးသမီး Anita Senti က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
.
သေဆုံးခဲ့သူတွေဟာ အသက် ၄၂ နှစ်မှ ၈၄ နှစ်ကြားအရွယ်များ ဖြစ်ကြပါတယ်။ Junkers JU-52 HB-HOT လေယာဉ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၈,၃၃၃ ပေ အမြင့်ကနေ ပျက်ကျခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ပိုင်ရှင် JU-Air လေကြောင်းလိုင်းက ဂျာမနီနိုင်ငံထုတ် ဒုတိယကမ္ဘာစစ်ခေတ် လေယာဉ်များဖြင့် ဇူးရစ်မြို့အနီး Dübendorf စစ်ဘက်လေယာဉ်ကွင်းကနေ ရှုခင်းကြည့် လေကြောင်းခရီးစဉ်များ စီစဉ်ပျံသန်းနေပါတယ်။
.
ယခု ပျက်ကျခဲ့တဲ့ လေယာဉ်ကို ဇူလိုင်လအတွင်း ပြုပြင်ထိန်းသိမ်းမှုနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း JU-Air စီအီးအို Kurt Waldmeier က AFP ကို ပြောပါတယ်။

သြဂုတ် ၄ ရက် အစောပိုင်းကလည်း ဆွစ်ဇာလန်အလယ်ပိုင်းဒေသမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ မိဘနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှု အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
.
.
By Duwun News 
http://www.duwun.com.mm/…/international-news/-id8693244.html
Share it:

Air Crash

Crash

Featured

International

News

WorldNews

Post A Comment: