မသန်ပေမယ့်စွမ်းတဲ့သူ

Share it:

Byဆုဆက်ရည်ပို

‘စိတ်မညစ်နဲ့... ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့ ... နောက်ပြီးရင် ကောင်းသွားမယ် ... နေတတ် အောင်ကြိုးစားကွယ်...’

ရင်ခွင်မဲ့ကလေးသူငယ်များ လျှော့ချရေး အသိပညာပေး အခမ်းအနားသို့ လာရောက်သည့် မိဘမဲ့ကလေးများကို စင်မြင့်ထက်ရှိ ဝှီးချဲ (ဘီးတပ်ကုလား ထိုင်)စီး ကလေးမလေးတစ်ဦးက ထိုသီချင်းဖြင့် စိတ်ဓာတ်ခွန်အား ပေးဖျော်ဖြေနေသည်။

ချောချောဟု ရင်းနှီးသူများက ခေါ်ကြသည့် သဇင်သီရိခေတ်အတွက် သူ့လို ဘဝမှာ တစ်စုံ တစ်ခု အားနည်းချက်ရှိနေသူများကို ဂစ်တာတစ်လက်၊ သီချင်းတစ်ပုဒ်ဖြင့်  အားပေးဖျော်ဖြေနေရ ခြင်းသည် တတ်နိုင်သလောက် ပရဟိတလုပ်နေခြင်းပင်ဖြစ် သည်။

ဝါသနာပါသည့် ဂီတဖြင့် ကမ္ဘာငယ်လေးတစ်ခု တည် ထောင်ထားနိုင်သကဲ့သို့ ရန်ကုန် တိုင်းဒေသကြီး၏ ဂုဏ်ထူးဆောင် ကျောင်းသူအဖြစ်လည်း ချော ချော အသိအမှတ်ပြုခံထားရ သည်။

၂၀၁၇ တက္ကသိုလ်ဝင်စာမေး ပွဲကို အထက(၂) ဒဂုံဆိပ်ကမ်းမှ နှစ်ချင်းပေါက် အောင်မြင်သည့် အပြင် မြန်မာစာနှင့် ဇီဝဗေဒ နှစ်ဘာသာ ဂုဏ်ထူး ရရှိထား သဖြင့် ပညာရေးတွင်လည်း မခေ သူဖြစ်သည်။

လေးလသားအရွယ်က တည်းက အရိုးကြွပ်ရောဂါ ခံစား ရပြီး (၃)နှစ်အရွယ်တွင် လက် မောင်းရိုး စတင်ကျိုးခဲ့သည့် သူ သည် အသက်(၆)နှစ်အရွယ်တွင် ခြေသလုံးရိုးပါ စတင်ကျိုးခဲ့ သည်။ ဆက်တိုက် အရိုးကျိုးခြင်း များကြောင့် လက်အရိုးများ ကွေး သွားသည့်အပြင် လမ်းမလျှောက် နိုင် တော့ဘဲ Wheel Chair User ဘဝသို့ ရောက်ရှိခဲ့သည်။

‘‘ငယ်ငယ်တုန်းက ဒီလိုမျိုး စပြီး ခံစားရတဲ့အချိန်၊ စပြီး အရိုး တွေကျိုးတဲ့အချိန် လူတွေနဲ့တွေ့ ရမှာရှက်တယ်။ မတွေ့ရဲဘူး။ အိမ်ကို ဧည့်သည်လာရင်တောင် ပုန်းနေတတ်တယ်’’ဟု အသက် (၁၆)နှစ်အရွယ် ချောချောက အတိတ်ကို ဖွင့်ဟသည်။

လက်မောင်းရိုးကျိုးလိုက်၊ ကျောက်ပတ်တီးစည်းလိုက်၊ ခြေ ထောက်ရိုးထပ်ကျိုးလိုက်ဖြင့် အချိန်ပြည့် ကျောက်ပတ်တီးတစ် ခုရှိနေသည့် သူ့အတွက် အိမ်ကို အလည်လာသည့် ဧည့်သည်များ ကို နှုတ်ဆက်ရခြင်းက ငယ်ဘဝ အိပ်မက်ဆိုးတစ်ခုဖြစ်သည်ဟု ချောချောက ဆိုသည်။

(၃)နှစ်အရွယ်ကစတင်ကာ လူကြောက်တတ်လာသဖြင့် ဝါ သနာပါသည့် သီချင်းဆိုခြင်းဖြင့် လူတောထဲ ဆွဲခေါ်ခဲ့သူက ၎င်း ၏မိခင်ဖြစ်သည်။

‘‘ကျွန်မစဉ်းစားတယ်။ ဒီကလေးက ဒီအသက်အရွယ်နဲ့ပဲ နေမှာ မဟုတ်ဘူးပေါ့။ ကျွန်မတို့ နိုင်ငံကလည်း ဒုက္ခိတဆို နိမိတ် မကောင်းဘူး၊ မသန်စွမ်းတစ် ယောက် ချိုင်းထောက်ထောက်ပြီး လာမယ်၊ ဝှီးချဲစီးပြီးလာမယ်ဆိုရင် လာဘ်မရှိဘူးဆိုပြီး များသော အားဖြင့် ရှေးရိုးစွဲတွေနဲ့ သိပ်လက် မခံချင်ဘူး။ ဒါကြောင့် သူ့အတွက် ဒါတွေကို ခံနိုင်ရည်ရှိအောင်၊ တွန်းလှန်နိုင်အောင် လေ့ကျင့်ပေး ခဲ့တာ’’ဟု ချောချော၏မိခင် ဒေါ်မဉ္ဇူကပြောပြသည်။

ကိုယ်တိုင် ကျောင်းဆရာမ တစ်ဦး ဖြစ်ဖူးခြင်းကြောင့် မသန် စွမ်းကလေး၏ မိခင်တစ်ဦးဟူ သည်ထက်ပိုသည့် စနစ်တကျ ပြုစုပျိုးထောင်မှုမျိုးကို ချောချော ၏ မိခင်က ပေးနိုင်ခဲ့သည်။

‘‘ကိုယ့်သားသမီးက မသန် စွမ်းဖြစ်နေရင် အိမ်ထဲမှာ ထမင်း ကျွေး၊ ပြုစုပေးရုံနဲ့ မလုံလောက်ပါ ဘူး။ ကိုယ့်သားသမီးကို အပြင်ကို ခေါ်ထုတ်ပေးပါ။ လောကနဲ့ထိ တွေ့ပါစေ။ လုပ်ချင်တဲ့ ဝါသနာ လေးကိုလည်း မိဘတွေက တတ် နိုင်သလောက် ပြုစုပေးကြပါ။ မသန်စွမ်းသားသမီးရှိတယ်ဆို တာ ရှက်စရာမဟုတ်ပါဘူး’’ဟု ဒေါ်မဉ္ဇူက ဆိုသည်။

ထိုခံယူချက်ကြောင့်ပင် မသန်စွမ်းသူ သမီးငယ်ကို အိမ်ထဲ တွင် ပြုစုပေးရုံတင်မဟုတ်ဘဲ အတန်းပညာရေးကို သူများနှင့် တန်းတူ သင်ကြားနိုင်အောင် ကြိုး ပမ်းပေးခဲ့သည့်အပြင် သမီးငယ် ၏ ဝါသနာကိုပါ လေ့လာကာ ကမ္ဘာငယ်လေးတစ်ခု ဖန်တီးပေး နိုင်ခဲ့သည်။

‘‘သူက Wheel Chair User လည်းဖြစ်တယ်။ အိမ်မှာပဲနေရ တော့ သူ့အတွက် အသိုင်းအဝိုင်း လေးတစ်ခု ဖန်တီးပေးချင်တယ်။ အဲဒါကြောင့် သူဘာဝါသနာပါ လဲ စလေ့လာတော့ သူ သုံးတန်း လောက်မှာ သီချင်းဆိုတာ အရမ်း ဝါသနာပါတာ သွားတွေ့တယ်။ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း မှာ မသန်စွမ်းတွေစုပြီးတော့ သင်္ကြန်ပွဲလုပ်တော့ အဲဒီပွဲမှာ သမီးကို သီချင်းစဆိုခိုင်းတယ်။ နောက်ပိုင်း မြန်မာနိုင်ငံအနှံ့ မသန်စွမ်းတွေရဲ့ ရန်ပုံငွေပွဲတွေ မှာ သီချင်းလိုက်ဆိုရင်း သူ့ဝါသ နာကို စပျိုးထောင်ပေးခဲ့တာ’’ဟု ချောချော၏မိခင်က ပြောပြသည်။

စတုတ္ထတန်း နွေရာသီ ကျောင်းပိတ်ချိန် အစ်ကိုဖြစ်သူ ကိုအောင်ရဲမင်းလတ် (Idiot Band)နှင့် ကိုစိုင်းလုံတို့ဖွင့်လှစ် သည့် ဂီတသင်တန်းတွင် ဂစ်တာ တီးခြင်းကို စနစ်တကျ စတင်သင် ယူစေပြီး ထိုသင်တန်းမှ သူငယ် ချင်းများဖြင့်ပင် အဖွဲ့ဝင်ခြောက် ဦး ပါဝင်သည့် Future Music Band ကို ဒေါ်မဉ္ဇူက တည် ထောင်ပေးခဲ့သည်။

‘‘ငယ်ငယ်ကတည်းက ဂစ် တာတီးတာ ဝါသနာပါမှန်း အမေ ကသိတယ်။ အဲဒါကြောင့် ကိုယ် ပိုင် Band လေးထောင်ပေးပြီး တော့ ပွဲတွေမှာ လိုက်တီးခိုင်း တယ်။ အခုဆို ဘယ်သူ့ကိုမဆို သမီးတွေ့ရဲသွားပြီ’’ဟု ချောချော က ဆိုသည်။

ယခုဆို ကိုယ်ပိုင်သံစဉ် သီချင်းများကို ကိုယ်တိုင်ရေးစပ် ပြီး ဖျော်ဖြေနိုင်သည်အထိ စိတ် ဓာတ်ခွန်အား ရရှိခဲ့သည်ဟု ချောချောကဆိုသည်။

‘‘သမီးက ဂစ်တာကို အရမ်း နှစ်ခြိုက်ပြီးတော့ ဂစ်တာတီးတဲ့ အချိန်ဆို သူအရမ်းစိတ်ချမ်းသာ နေတာတွေ့ရတယ်။ သမီးက သူ့ ကိုယ်သူ ယုံကြည်မှုရှိလာတယ်။ အခုဆို သူ့ကိုယ်သူတောင် လမ်း မလျှောက်နိုင်တာတောင် မေ့နေ တယ်လို့ သမီးက ပြောဖူးတယ်’’ ဟု ဒေါ်မဉ္ဇူက ပီတိဖြင့်ပြောပြ သည်။

၂၀၁၄ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံ၌ မသန်စွမ်းသူ ၂ ဒသမ ၃ သန်းရှိနေပြီး မသန် စွမ်းကလေးသူငယ် ၆၇ ရာခိုင်နှုန်း သည် စာသင်ကျောင်းသို့ သွား ရောက် ပညာသင်နိုင်ခြင်းမရှိ ကြောင်း iSchool Myanmar က ကောက်ယူထားသည့် စစ်တမ်း တစ်ခုတွင် ဖော်ပြထားသည်။

ချောချောကိုယ်တိုင် သူငယ် တန်းမှ ဒသမတန်းအထိ ကျောင်း တက်ရာတွင် အခက်အခဲအမျိုး မျိုး ကြုံခဲ့ရပြီး မသန်စွမ်းသူများ အတွက် ထည့်သွင်းမစဉ်းစားဘဲ ဆောက်လုပ်ထားသည့် ကျောင်း အဆောက်အအုံများကြောင့် ဝှီးချဲအသုံးပြုနေရသည့် သူ့ အတွက်တော့ အတားအဆီးဖြစ် ခဲ့သည်ဟုဆိုသည်။

‘‘ဝှီးချဲသွားဖို့ နေရာတွေ ဘာတွေ လိုအပ်တာမျိုးတော့ ရှိ ခဲ့ဖူးတယ်။ ငါးတန်းကျောင်း ပြောင်းတက်တဲ့အချိန်မှာ ဆရာမ တွေက သမီးကို မသိသေးတော့ ငါးတန်းအခန်းကို အပေါ်ဆုံးထပ် မှာ ထားလိုက်တော့ အမေက လူ တစ်ယောက်ငှားပြီး အပေါ်တင် ပေးရတယ်။ နောက်ပိုင်းတော့ မြေညီထပ်ကို ပြန်ချပေးခဲ့တယ်’’ ဟု ချောချောက ပြောပြသည်။

မသန်စွမ်းသူများအတွက် အခြေခံအဆောက်အအုံများက အတားအဆီးဖြစ်နေခြင်းကြောင့် မသန်စွမ်းဆိုလျှင် ပညာမတတ် ဟု ထင်သူများပြားကြောင်း ဒေါ်မဉ္ဇူက ဆိုသည်။

‘‘မသန်စွမ်းဆိုရင် လူတွေက ပညာမတတ်ဘူးလို့ တွေးထား တာ။ ကျွန်မကလေးက ဝှီးချဲနဲ့ဆို တော့ ကျောင်းနေလားလို့ အမြဲ အမေးခံရတယ်။ ဘယ်နှတန်း ရောက်ပြီလို့ဖြေရင် သူတို့ အရမ်း အံ့သြကြတယ်။ မသန်စွမ်းဆို လူတောထဲမတိုးဘူးလို့ အများစု က မှတ်ထားကြတာ’’ဟု ဒေါ်မဉ္ဇူ က ပြောပြသည်။

အရိုးကြွပ်ရောဂါကြောင့် လက်ချောင်းများ ကွေးနေသည့် တိုင် ငယ်စဉ်ကတည်းက ကိုယ် တိုင်စာရေးသည့် အလေ့အကျင့် ကို ပြုလုပ်ခြင်းကြောင့် တက္က သိုလ်ဝင်စာမေးပွဲကိုလည်း ကိုယ် စားရေးပေးသူမလိုဘဲ ချောချော က ကိုယ်တိုင်ဖြေဆိုနိုင်ခဲ့သည်။

အောင်စာရင်းမထွက်မီက ပင် အနုပညာတက္ကသိုလ်တွင် ဂီတပညာရပ်ကို တက်ရောက် မည်ဟု ချောချောက ဆုံးဖြတ် ထားပြီး ဂုဏ်ထူးနှစ်ဘာသာ ပါ ရှိသော်လည်း အနုပညာတ္ကသိုလ် ဂီတပညာရပ် တက်ရောက်ခွင့်ကို သာ လျှောက်ထားခဲ့သည်။

‘‘ဂီတနဲ့ ဆေးကုတဲ့ Music Therapist ဖြစ်ချင်တယ်။ မသန် စွမ်းသူတွေကို ဂီတနဲ့ ဆေးကုပေး ချင်တာ’’ဟု ချောချောက ၎င်း၏ အိပ်မက်ကို ပြောပြသည်။

အခြားသူများ၏ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းနွမ်းနယ်မှုများကို ဂီတဖြင့် ကုသပေးနိုင်မည့် Music Therapist တစ်ဦးဖြစ်လာရန် အိပ်မက်ကို အနုပညာတက္ကသိုလ် မှ စတင်ခြေလှမ်းမည်ဟုဆိုသည်။

ထိုအိပ်မက်များ အမှန် တကယ်ဖြစ်လာရန် ချောချော၏ မိခင်က နောက်တွင် မားမား မတ်မတ်ရှိနေသည်။ ခန္ဓာကိုယ် ချို့ယွင်းချက်ရှိသော်လည်း မိခင် ၏အားပေးမှု၊ စနစ်တကျ လေ့ ကျင့်ပေးမှုများကြောင့် မသန် သော်လည်း စွမ်းသည့် အမျိုးသမီး ငယ်ဟု အများက ချောချောကို အသိအမှတ်ပြုထားပြီးဖြစ်သည်။

‘‘မလုပ်နိုင်ဘူးဆိုတာ မရှိ ဘူး။ သူများ တစ်ဆလုပ်မယ်ဆို ရင် နင်က နှစ်ဆလုပ်ရမယ်လို့ အမေက အမြဲပြောတယ်။ ကိုယ့် အားနည်းချက်ကိုသိထားကာ သူ များထက်ပိုကြိုးစားပြီး လိုချင်တာ တွေ အရယူမယ်လို့လည်း ဆုံး ဖြတ်ထားတယ်’’ဟု အားမာန် အပြည့်ဖြင့် ချောချောကဆိုသည်။

Credit : 7Days Daliy
Share it:

Article

Featured

Life

Lifestyle

Post A Comment: