ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်ပတ်သက်၍ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲမှု မရှိတော့ဟုဆို

Share it:

ဓာတ်ပုံ-ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်မင်းအောင်လှိုင်တို့အား သမ္မတအိမ်တော်တွင် ကျင်းပသည့်အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။(ဓာတ်ပုံ- MOI)

ရန်ကုန်၊ သြဂုတ် ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်ပတ်သက်၍ ကြားလူက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် တရားစွဲဆိုသော အမှုများ မရှိတော့ကြောင်း အသံအဖွဲ့ ၏ သြဂုတ်လ ၇ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ ဆက်သွယ်ရေးဥပဒေဖြင့် တရားရုံးတင် တရားစွဲဆိုမှုပေါင်း ၁၄၄ မှုရှိခဲ့ပြီး ဇူလိုင်လ တစ်လတည်းတွင်ပင် တရားစွဲဆိုခံရသော အမှု ၉ မှုရှိခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံခဲ့ရသော အမှုအရေအတွက် ၁၁ မှု ရှိခဲ့ပြီး လက်ရှိ အစိုးရလက်ထက် ဥပဒေမပြင်ဆင်ရသေးခင်အချိန်တွင် တရားစွဲဆိုသော အမှု အရေအတွက် ၉၀ ရှိခဲ့ကြောင်း၊ ဥပဒေပြင်ဆင်ပြီးမှ တရားစွဲဆိုခံရသော အမှုအရေအတွက် ၄၃ မှု ရှိကြောင်း၊ ဥပဒေပြင်ဆင်ပြီးမှ တရားစွဲဆိုသော အမှုများထဲမှ စုစုပေါင်း ၁၆ မှုမှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဝန်ထမ်းများက တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခင်အစိုးရလက်ထက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝေဖန်ရေးသားမှုနှင့်ပတ်သက်ပြီး ချစ်သမီး ခေါ် ချောစန္ဒီထွန်း အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေဖြင့် လည်းကောင်း၊ ဦးမျိုးရန်နောင်သိမ်းကိုလည်း တပ်ချုပ်ကို ဝေဖန်မှုဖြင့် ၆၆ ဃဖြင့်လည်းကောင်း ထောင်ချခဲ့သည့်ဖြစ်စဉ်များမှာ ထင်ရှားသော ဖြစ်စဉ်များဖြစ်သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ပြုပြင်၍ Facebook ပေါ် တင်ခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဘက် အတွင်းရေးမှူး ဦးသန်းထွန်းကို ဖမ်းဆီးအရေးယူ ခဲ့သည်။

KhitThit Media
Share it:

Featured

LocalNews

News

Political

Post A Comment: