အမျိုးသား အနာကျက်မှု (National healing)


အောင်သူငြိမ်း

လူတွေမှာ ဒဏ်ရာ အနာတခုခု ရပြီးရင်၊ အနာကျက် မြန်တဲ့သူတွေရှိတယ်။ အချို့ကတော့ အနာကျက်ခဲတယ်။ ဆီးချို ဝေဒနာရှင်များမှာပေါ့။ အဲသလိုပါပဲ။ အချစ်ကြောင့် အသည်းကွဲကြတဲ့အခါလည်း အချို့က အနာကျက်မြန်တယ်။ အချို့ ကတော့ အနာကျက်တာနှေးတယ်။ တမြေ့မြေ့နဲ့ ခံစားလို့ကို မဆုံးဘူး။ နိုင်ငံတွေကိုလည်း အဲသလိုပဲ ကြည့်မိတယ်။ အချို့ နိုင်ငံတွေက ဝရုန်းသုန်းကား အခြေအနေတွေ ကြုံရပြီးရင် အနာပြန်ကျက်တာ မြန်တယ်။ အချို့နိုင်ငံတွေကတော့ အနာပြန် ကျက်တာ နှေးတယ်။

၁၉၇၀ ခုနှစ်များလို့ နာမည်ပေးထားတဲ့ ဟောလီးဝုဒ် ရုပ်ရှင်ကားတကား ကြည့်ဖူးတယ်။ ၁၉၇၀ ခုနှစ်များက ဟစ်ပီ ယဉ်ကျေးမှု၊ ဗီယက်နမ်စစ်ပွဲကာလ လူငယ်တွေ ဒေါသူပုန်ထ သောင်းကျန်းနေကြတဲ့အကြောင်း ဇာတ်လမ်းပါပဲ။ ဗီယက်နမ်စစ်ပွဲကို မထောက်ခံလိုကြဘူး။ အစိုးရက အတင်းအကျပ် စစ်ထဲလိုက်ဖို့ ခေါ်နေတာကိုလည်း မကြိုက်ကြဘူး။ လူငယ်တွေက ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အဲဒီကာလက လမ်းသူရဲလို့ ကျနော်တို့ခေါ်ကြတဲ့အတိုင်း ဟစ်ပီ ယဉ်ကျေးမှု ဖြစ်လာတယ်။ ဆံပင်ရှည်ထားတယ်။ ခေါင်းလောင်းဘောင်းဘီ ဝတ်တယ်။ ဆေးခြောက်-မူးယစ်ဆေးလည်း သုံးလိုက်သေးတယ်။ တေးဂီတတွေလည်း ပြောင်းတယ်။ အဲဒီရုပ်ရှင်ထဲမှာဆို အမေရိကန်၊ နယူးယောက်မြို့တော်က ကိုလံဘီယာတက္ကသိုလ်မှာ ပါမောက္ခချုပ်အခန်းထဲက စားပွဲတွေ၊ ခုံတွေ၊ ကွန်ပြူတာတွေ လမ်းပေါ်ပစ်ချနေတဲ့ မြင်ကွင်းက ကျနော်မှတ်မှတ်ရရ ရှိနေသေးတယ်။ အခု သွားပြန်ကြည့် သူမဟုတ်တော့တဲ့အတိုင်း။ စက်တင်ဘာ-၁၁ ညီနောင်ထပ်မြင့် တာဝါ အဆောက်အဦကြီးကို အကြမ်းဖက်တိုက်ခိုက်တုန်းကလည်း ကျနော်အမေရိကန်ပြည်ထောင်စုမှာ ရှိနေခဲ့တယ်။ မလုံခြုံမှု နဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို အတိုင်းသား တွေ့ရတယ်။ (A Nation Challenged) နိုင်ငံတော်ကို စိန်ခေါ်ခံရပြီ၊ အကြမ်းဖက်မှု ခံရတဲ့နေ့ (Day of Terror)၊ အမေရိကကို တိုက်ခိုက်ခံရပြီ (America under Attack)၊ ဒုတိယမြောက် ပုလဲဆိပ်ကမ်း (The Second Pearl Harbor) ဒီလို ကြွေးကြော်သံတွေနဲ့ ရေးကြပြောကြတယ်။ နောက်ဆက်တွဲ စစ်ပွဲကြီး တွေ ဖြစ်လို့၊ ခုတော့လည်း အနာကျက်သလို ရှိလာခဲ့ပြီ။

အလားတူပဲ ထိုင်းနိုင်ငံမှာ ရှပ်နီ-ရှပ်ဝါ အုပ်စုတွေ နိုင်ငံရေးပဋိပက္ခတွေဖြစ်ကြတယ်။ ပြင်းပြင်းထန်ထန် သွေးထွက်သံယို ဖြစ်ကြတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦ (World Trade Centre) ဆိုရင် မီးလောင်ပြီး၊ မီးခိုးတွေ တအူအူနဲ့ ရုပ်ပျက်ဆင်းပျက်၊ အခုတော့လည်း သူမဟုတ်တဲ့အတိုင်း။

မြန်မာပြည်သူတွေအတွက်လည်း စိတ်ဒဏ်ရာရစရာ အကြောင်းတွေ အများကြီးရှိခဲ့တယ်။ အမာရွတ်ထင်စေနိုင်လောက် တဲ့ စိတ်အတွင်းဒဏ်ရာမျိုးပေါ့။ ၈၈၈၈ အရေးတော်ပုံကြီးနဲ့၊ ၁၉၈၈ ခုနှစ် အစုအပြုံလိုက် လူသတ်ပွဲတွေကလည်း ဒဏ်ရာ ဒဏ်ချက်တွေထဲမှာ ပါတယ်။ နောက်ပိုင်းလည်း ရှိသေးတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွေကို အကြမ်းဖက် ချေမှုန်းခံရတာတွေ ရှိခဲ့တယ်။ ဒီဒဏ်ရာတွေ ကုစားပျောက်ကင်းနိုင်ပါပြီလား။ 
ဆေးပညာမှာတော့ (Trauma) လို့ခေါ်တဲ့ စိတ်တွင်းနာ၊ သို့မဟုတ် စိတ်ဒဏ်ရာက လူတဦးချင်းအဖို့ပင် နှစ်ပေါင်းများစွာ ရင်ဆိုင်ရုန်းကန်ကြရပါတယ်။ အချို့ပညာရှင်တွေက ၇-နှစ်မှ ၁၅-နှစ်တိုင်တိုင် စိတ်ဒဏ်ရာတွေ ပျောက်ကင်းဖို့ အချိန်ယူ ကြရတယ်လို့ ဆိုပါတယ်။ ကဗျာဆရာကြီးဦးတင်မိုးကတော့ သူရဲ့ကဗျာတပုဒ်မှာ မြန်မာပြည် အခြေအနေနဲ့ ပတ်သက်ပြီး "ပြည်တွင်းနာ" လို့ သုံးနှုံးခဲ့ဖူးပါတယ်။ သူကတော့ ကပ်သဘော၊ အထွေထွေ အကျပ်အတည်းသဘောကို ပြောတာဖြစ်နိုင် ပါတယ်။ ကျနော် ထင်တာကတော့ ဒီလို "ပြည်တွင်းနာ"ဆိုတဲ့ စကားလုံးက စိတ်ခံစားချက်သဘောတွေလည်း ပါဝင်နေ တယ်လို့ ထင်မှတ်မိပါတယ်။

လူတဦးချင်းရဲ့ စိတ်ဒဏ်ရာတွေ ပေါင်းစည်းမိသောအခါ၊ ကပ်ဘေးဒုက္ခ၊ အကျပ်အတည်းများ၊ စစ်ကြီးများ၊ အဖျက်အဆီး ဘေးဆိုးကြီးများ ကြုံတွေ့ရတဲ့အခါ လူမှုအဖွဲ့အစည်းတခုလုံး စိတ်ဒဏ်ရာခံစားရတတ်ပါတယ်။ ကျနော်တို့ လူမှုအဖွဲ့ကြီး တခုလုံးအတွက် ဒဏ်ရာတွေက အနာတခုမကျက်ခင်၊ တခုအပေါ် တခုဆင့် စိတ်ဒဏ်ရာတွေ ထပ်ထပ်နာကျဉ်စေမှုတွေ ရှိနေသလားလို့ ထင်မြင်မိပါတယ်။

စိတ်ဒဏ်ရာရကြတဲ့အခါ လူတဦးရဲ့ လုံခြုံမှုနဲ့ ပတ်သက်တဲ့ ယုံကြည်ထားချက်ကို အခြေခံဖောင်ဒေးရှင်းကစလို့ ဆွဲကိုင်လှုပ် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ တနည်းဆိုရရင် ယုံကြည်ထားသောအရာ ကိစ္စတွေလည်း ပြိုကွဲကြေမွသွားရသလိုပါပဲ။ ဒါကို လူတွေကနည်းလမ်းပေါင်းစုံနဲ့ ပြေပျောက်ရာ ပြေပျောက်ကြောင်း တုံ့ပြန်ကြပါတယ်။ ဥပမာဆိုရရင် မိမိစိတ်ထဲက ခံစားချက်ကို ဖြေသိမ့်နိုင်ရေးအတွက် အရက်သောက် ထွက်ပေါက်ရှာကြတာ၊ အိမ်ပြန်လာရင် မိန်းမကိုရိုက်နှက်တာ၊ အိမ် တွင်း အနိုင်ကျင့်တာ၊ မူးယစ်ဆေးစွဲတာ စတဲ့ နည်းပေါင်းစုံနဲ့ လွဲမှားဖြေရှင်းကြတာတွေလည်း ရှိပါတယ်။ ဒီလိုဖြေရှင်းဖို့ ကြိုးပမ်းတာကို Coping mechanism လို့ ခေါ်ကြပါတယ်။

နိုင်ငံတွေမှာလည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့၊ ပြန်လည်သင့်မြတ်ရေးတို့ ပြောဆို လုပ်ကိုင်ကြတာ ရှိပါတယ်။ တနည်းအားဖြင့်တော့ နိုင်ငံတွေက အနာကျက်ဖို့၊ ပျက်ပြားတဲ့ ယုံကြည်မှု ပြန်တည်ဆောက်နိုင်ဖို့၊ ပြန်နာလံထဖို့ ကြိုးစား ကြတာပါ။ အခု NLD အစိုးရကလည်း ၂၁-ရာစုပင်လုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စသည်ဖြင့် ကြိုးပမ်းလုပ်ဆောင်နေတာ တွေ ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်ခရီးရောက်မှာပါလဲ။ ကျနော်တို့မှာ သမိုင်းအရလည်း စိတ်ဒဏ်ရာတွေက များ သား မဟုတ်ပါလား။ အကြိမ်ကြိမ် ၁၉၆၂ ကျောင်းသားသမဂ္ဂ အဆောက်အဦး မိုင်းခွဲဖြိုခံခဲ့ရတာ၊ ပြီးတော့ ဦးသန့်အရေး အခင်း၊ ၁၉၇၀ ခုနှစ် အလုပ်သမားဆန္ဒပြပွဲတွေကို ပစ်ခတ်ချေမှုန်းခံရ၊ ၁၉၈၈၊ ၂၀၀၃၊ ၂၀၀၇ သွေးထွက်သံယိုမှုတွေက များခဲ့ပါတယ်။ ဒါတောင် တိုင်းရင်းသားပဋိပက္ခတွေ ထည့်ပြောဖို့ ကျန်နေပါသေးတယ်။ ဆေးတိုးပါ့ဦးမလား… အမျိုးသား ရေး အနာကျက်မှု၊ အမျိုးသားရေး ဇာတိပုည၊ ဂုဏ်မာနနဲ့ ပြန်ထရပ်နိုင်ဖို့ လုပ်ဆောင်ကြရပါဦးမယ်။

စုပေါင်းစိတ်ဒဏ်ရာ (Collective trauma) တွေက မျိုးဆက်တွေ လက်ဆင့်ကမ်းတတ်ကြတယ်လို့ ပညာရှင်တွေက ဆိုပါ တယ်။ ဒီလိုကိစ္စတွေကို ပြေပျောက်ဖို့ မှော်ဆန်တဲ့နည်းလမ်း၊ ဖော်မြူလာတော့ မရှိပါဘူး။ အသိအမှတ်ပြုမှု၊ နားလည်မှု၊ သဘောထားကြီးမှု၊ ခွင့်လွှတ်မှု၊ အထိမ်းအမှတ် အမှတ်ရစရာများ၊ သွေးစည်းညီညွတ်မှုပွဲများ၊ လူအများ ပူးပေါင်းဆောင် ရွက်နိုင်မှု၊ ရပ်ရွာတွေကို ပြန်လည်ကုစားပေးခြင်း… ဒါတွေနဲ့ပဲ ဖြတ်သန်းကြရဦးမှာပါ။

ကျနော်တို့သမိုင်းမှာ သိပ်သဘောကျမိတဲ့ စာစုလေးရှိပါတယ်။ ပုဂံခေတ် 'ရွှေစည်းဂုံဘုရား ကျောက်စာ'ကပါ။

"များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိကွဲ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေး အံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့။" အဲသည်လို နှစ်သိမ့်မှု ရပါစေ။ ဒဏ်ရာကျက်ပါစေ။

Speaker journal 

Post a Comment