ဝ ပလောင် TNLA ၊ RCSS တရုတ် နဲ့ သုစိဒိုက်

Share it:


စိုင်းထွန်းအောင်လွင်

စာရေး ဆရာကျော်ဝင်းက သုစိဒိုက် ထောင်ချောက်ကို ဥပမာ ပြုပြီး တရုတ် အမေရိကန် အားပြိုင်မှုမှာ နိုင်ငံငယ်တွေ မြေစာပင် ဖြစ်နိုင်ပုံကို တလောက ရေးတော့ ၀န်ကြီးဟောင်း ဦးအောင်မင်းရဲ့ ယခင် MPC ငြိမ်းချမ်းရေးစင်တာ မှာ တာဝန်ထမ်းဆောင်ဖူးသူ တဦးနဲ့ စာရေးသူ စကားပြောဖူးတာ သတိရမိတယ်။

ဒီနေရာမှာ သုစိဒိုက် ဆိုတာ ဘာလဲဆိုတာကိုလည်း အရင် ရှင်းဖို့ လိုမယ်ထင်တယ်။

ရှေးခေတ် ဂရိ ပြည်မှာ မြို့ပြနိုင်ငံတွေ ထွန်းကားတော့ အင်အားကြီးလာတဲ့ အေသင်နဲ့ အာဏာရ စပါတာတို့အကြောင်းကို ဂရိပညာရှင် သုစိဒိုက်က အာဏာရ စပါတာတို့အဖို့ အေသင် အင်အားကြီးလာမှုက စပါတာတို့ကို စိုးရိမ်မှုတွေ ဖြစ်စေတယ် မတည်ငြိမ်မှုနဲ့ စစ်ရေးအပါအ၀င် အခြားကိစ္စရပ်တွေမှာပါ ပြင်ဆင်မှုကို ဖြစ်စေတယ်လို့ ဆိုထားတယ်။ စပါတာက စစ်ပြင်လာတယ်ဆိုတာ အေသင်လည်း သိရော အေသင်လည်း ထပ်ပြင်နဲ့ နောက်ဆုံး တိုက်တဲ့ အဆင့်ရောက်တာပါပဲ။ 
ထိပ်တိုက်လည်းတိုက်သလို လက်အောက်ခံတွေနဲ့ ထည့်တိုက်တာ သွယ်ဝိုက်တိုက်တာ နည်းလမ်းစုံသုံးပြီး တဆင့်ခံ ထိုးနှက်တိုက်ခိုက်တာတွေ လုပ်တော့တာပါပဲ။

အန်စီအေ မထိုးခင် ၂၀၁၅ လောက်ကတည်းက အာစီအက်စ်အက်စ်ရဲ့ စစ်သားသစ်ကောက်မှုတွေကို သတိထားမိတယ်။ ဒါကြောင့်ပဲ အဲတုန်းက သျှမ်းသံတော်ဆင့်မှာ အာစီအက်စ်အက်စ်ရဲ့ စစ်သားစုဆောင်းမှုနဲ့ သူနဲ့ တိုက်ပွဲဖြစ်ဖူးတဲ့ ပအိုဝ်း ၊ ၀ ၊ စစ်တပ်တို့ ရှိနေတဲ့အကြောင်း ရေးခဲ့ဖူးတယ်။

၂၀၁၇ လောက်အေ၇ာက် တပ်ဖွဲ့ဝင် အင်အားများလာတဲ့ အာစီအက်စ်အက်စ် ကို အစိုးရ စစ်တပ်က တခါတလေ မျက်စိစပါမွှေးစူးလာချိန်နဲ့ ရံဖန်ရံခါ ထိတွေ့မှု ဖြစ်လာချိန်မှာ အရင် ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေး စင်တာက အကြံပေးဟောင်းတဦးက စာရေးသူကို ဘာပြောသလဲဆိုရင်' RCSS ကတော့ ကရင်လို နေမှာမဟုတ်ဘူး စစ်သားစုမှာပဲ သူနဲ့ မနီးမဝေးမှာ ၀ က ရှိနေသလို သိပ်လည်း အင်အားကြီးနေတယ်။ တချိန်တည်းမှာလည်း စစ်တပ်နဲ့ ဖြေရှင်းရေးက JMC တို့ နိုင်ငံေ၇းဆွေးနွေးပွဲတို့အတွက် ပင်လုရှိပေမယ့် တိုးတက်မှုက ရှိလှတာမဟုတ်ဘူး။ တချိန်တည်းမှာလည်း ၀ နဲ့ အာစီအက်စ်အက်စ် အကြား တိုက်ပွဲ ဆက်မဖြစ်တော့ပေမယ့် အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်သွားဖို့ လောက်အထိ စနစ်တကျ ဆွေးနွေးကြသလား မလုပ်သလားဆိုတာ သိပ်ထင်ထင်ရှားရှား မတွေ့ရဘူး။ ' လို့ သူက မှတ်ချက်ပြုတယ်။

နောက်ပိုင်းမှာ နားလည်လာတာကတော့ ထိုင်းမြန်မာ နယ်စပ်ရောက် ၀ တပ်တွေနဲ့ အာစိအက်စ်အက်စ်တို့အကြား ပုံမှန် ဆက်သွယ်မှု ရှိတယ် ၂၀၁၇ ပန်ဆန်းကို အာစီအက်စ်အက်စ် ကိုယ်စားလှယ် တဖွဲ့သွားတယ်ဆိုတာလောက်ပဲ သတင်းတွေကို အခြေခံပြီး သိရတယ်။

ထိုင်းနယ်စပ် ဌာနချုပ်ရှိတဲ့ အာစီ နဲ့ တရုတ်နယ်စပ်မှာ ဌာန ချုပ်ရှိတဲ့ ၀ အကြား စာချုပ်ကို တရုတ် ယူနန်က လုပ်ထားပေးတယ်ဆိုတာလောက်ပဲ နားလည်တယ်။

အာစီအက်စ်အက်စ် မြောက်ပိုင်းလာတဲ့ ကိစ္စမှာ အစောပိုင်းက စစ်တပ်ကို အကာကွယ်ယူပြီး တက်လာတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိတယ်။ အာစီဘက်ကတော့ ဒေသခံတွေခေါ်လို့လာတယ်။ တီအန်အယ်လေအေ ပလောင်ကို ခွင့်တောင်းပြီးသွားတုန်း ပလောင် တီအန်အယ်လ်အေက ပစ်လို့ တိုက်ပွဲ စဖြစ်တယ်ပဲ ပြောတယ်။

နမ့်ခမ်းမှာ အန်စီအေ မထိုးခင် ၂၀၁၃ အထိ အာစီအက်စ်အက်စ် ၇၀၁ တပ်ရင်းရှိဖူးသလို တရုတ်နယ်နိမိတ်မျဉ်းနဲ့ သူတို့လှုပ်ရှားတဲ့ရွာက အလွန်နီးနေခဲ့တယ်။

လွတ်လပ်တဲ့ လေ့လာသူတချို့ကတော့ အာစီတပ်တွေ နမ့်ခမ်းလောက်အထိ ထိုင်းနယ်စပ် တောင်ပိုင်းကနေ ဘယ်လို မြန်မြန်ရောက်လာသလဲဆိုတာ သံသယ ၀င်စရာဖြစ်တယ်ဆိုတယ်။

တချိန်တည်းမှာလည်း တရုတ်မြန်မာ မဟာဗျူဟာ လမ်းကြောင်းနဲ့ စီမံကိန်းတွေ အနားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် တရုတ်က တစုံတရာ တာဝန်ယူချင်ပုံရတယ်။

ဒါကြောင့်ပဲ တရုတ်ရဲ့ စီစဉ်မှုနဲ့ တအန်းတပ်ဖွဲ့ နဲ့ အာစီအကြားဆွေးနွေးပွဲကို ၂၀၁၈ နှစ်ဆန်းပိုင်းက တရုတ်မြန်မာ နယ်စပ်မှာ ကျင်းပခဲ့တယ်။

အဲဒီဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ သတင်းတွေအရတော့ မူဆယ် မန္တလေးလမ်းတောင်ဘက်ကို အာစီတပ်တွေအကုန်ပြန်ဆုတ်ဖို့ မြောက်ပိုင်းတပ်ဖွဲ့တွေဘက်က သဘောထားရှိနေတယ်ကြားတယ်။ အခုတော့ ဆွေးနွေးပွဲလည်း ဆက်မဖြစ်တာ ၇ လကျော် ၈ လလောက် ရှိလာပြီဖြစ်တယ်။

အာစီနဲ့ မြောက်ပိုင်းအဖွဲ့တွေအကြား တိုက်ပွဲမှာ SSPP လည်း ပါလာတယ်။ တပ်မဟာ ၄ ဌာနချုပ်မရှိတော့တဲ့နောက် တီအန်အယ်လ်အေနောက်ကို လိုက်ကပ်နေရတဲ့ ရှမ်းမြောက်က ကေအိုင်အေတွေကော ဒီကိစ္စပါမပါ ဆိုတာ မပြောတတ်ပေမယ့် ထည့်သွင်းစဉ်းစားရမဲ့ အချက်ဖြစ်လာတယ်။

နမ့်ခမ်းသားတွေက အာစီအက်စ်အက်စ အားကိုးသလို ကေအိုင်အေ ရှိတဲ့ ကချင်ပြည်နယ် မန်ဝိန်းဒေသမှာ ရှမ်းက အများစုဖြစ်နေတာ နမ့်ခမ်းနဲ့ မန်ဝိန်ကြီးက ၁၀ မိုင်လောက်သာ ဝေးတာက ထည့်တွက်ရမယ့် အချက်ဖြစ်တယ်။

တီအန်အယ်အေနဲ့ အာစီ တိုက်ပွဲဖြစ်ကာစ ကာလတွေက အာအက်ဖ်အေ နဲ့ အာစီအက်စ်အက်စ အင်တာဗျုးမှာ ကချင်တွေအနေနဲ့ ကချင်ပြည်နယ်က ရှမ်းတွေအတွက်လည်း စဉ်းစားသင့်ကြောင်း အာစီအက်စ်အက်စ်ဘက်က ပြောခဲ့ဖူးတယ်။

ပြန်ခြုံကြည့်ရင် အာစီအက်စ်အက်စ် ၀ ကိစ္စကတည်းက အပစ်ရပ်စာချုပ်ဟာ အန်စီအေ လိုပဲ နယ်မြေသတ်မှတ်မှုတွေ သေချာ မလုပ်ထားနိုင်သလို တီအန်အယ်လ်အေ အာစီကိစ္စကတော့ အပစ်ရပ်ရေး အဆင့်အထိ ကို မေ၇ာက်သေးတာပါ။

ဝ နဲ့ အာစီ မတိုက်ဘူးဆိုပေမယ့် ထိုင်းအာဏာပိုင်တွေက ၀ ကလာတဲ့ မူးယစ်တွေ ဖမ်းမိတယ်ဆိုပြီး ထိုင်းဘက်က သတင်းထုတ်တဲ့အခါတိုင်း ၀ တွေကို မကျေလည်တဲ့သူတွေက ၀ တွေဆိုပြီး သတင်းလွှင့်တာ ထိုင်းအာဏာပိုင်တွေကို လက်တို့သာ ဖြစ်တယ် မူးယစ်နဲ့ ၀ မပတ်သက်ဆိုပြီး ၀ UWSA တောင်ပိုင်း ပြည်ပ ဆက်ဆံရေးဌာန ဘက်က ပြောဖူးတယ်။

ကြားထဲမှာ အာစီက ၀မ်ဟိုင်းနယ် ၀င် စိန်ကျော့နယ် ၀င်တဲ့အတွက် နောက်ပိုင်းမှာ အာစီနဲ့ ၀မ်ဟိုင်း ဆက်ဆံရေးကလည်း သိပ်အားရစရာမရှိပါ။ အစောပိုင်းက အာစီအက်စ်အက်စ် ပလောင် TNLA ကိစ္စကို ၀မ်ဟိုင်း ကြားဝင်ညှိခဲ့ပေမယ့် ပြေလည်ပုံမရပါ။



သြဂုတ် ၁၁ ရက်နေ့က လုပ်တဲ့ အာစီနဲ့ ၀မ်ဟိုင်းပါတဲ့ SSJAC အဖွဲ့ ဆွေးနွေးပွဲကလည်း ဆက်ဆွေးနွေးမယ်ဆိုတာပဲ အဖြေထွက်ပြီး ပြောပလောက်တဲ့ ရလဒ်ဆက်ထွက်ပါ့မလားဆိုပြီး ရှမ်းတွေကလည်း သံသယဖြစ်နေတယ်။

သေချာတာတခုက တီအန်အယ်လ်အေကလည်း စစ်တပ် အာစီတို့နဲ့ တိုက်နေရင်း အင်အားဆက်ကြီးလာတော့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်က ၀ ၊ စစ်တပ်တို့နဲ့ တိုက်ရင်း အင်အား ဆက်ကြီးလာတဲ့ အာစီအက်စ်အက်စ်ရဲ့ အဖြစ်ကို သတိရစရာဖြစ်နေတယ်။

ထူးခြားချက်က နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ၀ ၊ အာစီ - တအန်းပလောင်- အာစီ ကိစ္စတွေမှာ ပြည်နယ်ရပြီးဖက်ဒရယ်တောင်းနေသူနဲ့ အဲဒီပြည်နယ်ထဲကပဲ ပြည်နယ်တောင်းနေသူ ဆိုတဲ့ သဘောတွေ့ရပြန်တယ်။

ရှမ်းပြည်ကို ဒေသတွေ ထပ်ခွဲ ပြည်နယ် နယ်နိမိတ်တွေ ဆက်ခွဲပေးမလား စစ်အစိုးရလို ဆက်လုပ်ဦးမလားလို့ စိုးရိမ်မိတယ်လို့လည်း ရှမ်းတပ်ဘက်က ပြောဖူးတယ်။

နောက်တချက်က တီအန်အယ်အေ အနေနဲ့ ထိုင်း မှာ ဆွေးနွေးမယ်ဆိုရင် မလာဘူးဆိုတဲ့ အချက်ပဲဖြစ်တယ်။



တီအန်အယ်လ်အေ ခေါင်းဆောင်တွေဟာ အရင်တုန်းက မဲဆောက်မှာ အခြေစိုက်တဲ့ တအန်းပလောင် အရပ်ဘက်အဖွဲ့အစည်းတွေမှာ ပါဝင်ဦးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။

တအန်းသံဃာတော်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတချို့သာ ထိုင်းကို သွားခဲ့ပြီး အာစီအက်စ်အက်စနဲ့ ဆွေးနွေးဖူးတယ်။

စီးပွားေ၇းအရတော့ မူဆယ်လမ်းလို ကိစ္စမျိုးက သိသာနိုင်ပေမယ့် တခြား ကိစ္စတွေတော့ ဂဃနဏ မသိပါ။

စာရေးသူနဲ့ ခင်တဲ့ ၀ တဦးကတော့ အခုလို မှတ်ချက်ပြုတယ်။ 
' RCSS တပ်တွေ တောင်ပိုင်း ပြန်မဆုတ်သရွေ့ အခြေအနေပိုဆိုးလာနိုင်မယ့် အလားအလာ ရှိနေတယ်။ '

နောက်ထပ် သတိပြုရမယ့် အချက်ကတော့ အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မြန်မာ့ငြိမ်းချမ်းရေး လိုပဲ အာစီ ၀ ၊ အာစီ တအန်းပလောင် ကိစ္စတွေမှာ ကြားဝင်စေ့စပ်ပေးခဲ့သူကတော့ တရုတ်ဖြစ်နေတာပါပဲ။

ရှမ်းပြည်အတွင်း တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမြန်အဖြေရှာနိုင်ပါစေ။

လေးစားစွာဖြင့်

စိုင်းထွန်းအောင်လွင်
Share it:

Article

China

Featured

Myanmar

Opinion

Political

RCSS

TNLA

Wa

Post A Comment: