တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်၊ အာရှပါဝါစုစည်းခြင်းနဲ့ မြန်မာတို့ရဲ့ ကဏ္ဍ

Share it:


၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲဟာ ရေချိန်မြင့်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နှစ်ဘက်စလုံ စိုးရိမ်ပူပန်မှုတွေနဲ့ စီးပွားရေးကို တွန်းနေရတဲ့အချိန်ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာပဲ အမေရိကန်က တရုတ်နိုင်ငံရဲ့ ပို့ကုန် ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ သွင်းကုန်တွေအပေါ်မှာ ဆယ်ရာခိုင်နှုန်း အခွန်တိုးကောက်မယ်လို့ ဆိုထားပါတယ်။ တကယ်လို့ တရုတ်နိုင်ငံအနေနဲ့ လက်သင့်မခံနိုင်ဘူးဆိုခဲ့ရင် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ CNBC သတင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဘက်က အခွန်တိုးမြှင့်ကောက်ခံသလို တရုတ်နိုင်ငံဘက်ကလည်း အမေရိကန် သွင်းကုန်တွေအပေါ်မှာ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိတိုးမြှင့်ကောက်ခံမယ့်အကြောင်း တုန့်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိမှာတော့ အမေရိကန်က တရုတ်သွင်းကုန် ၂၅၀ ဘီလီယံကို အခွန်တိုးကောက်ထားပြီး တရုတ်နိုင်ငံက အမေရိကန် သွင်းကုန် ၁၁၀ ဘီလီယံကို ကောက်ခံထားပြီး ဖြစ်ပါတယ်။ 
တရုတ် - အမေရိကန် ကုန်သွယ်ရေးစစ်ပွဲစတင်ချိန်ကနေ အခုအချိန်အထိ အမေရိကန်ရော တရုတ်နိုင်ငံပါ ထိခိုက်မှုတွေရှိနေပါတယ်။ ထရမ့်အနေနဲ့ကလည်း နောက်လာမယ့်ရွေးကောက်ပွဲကိစ္စအပါအဝင် ရတက်မအေးစရာတွေက များနေပါတယ်။ တရုတ်နိုင်ငံဘက်ကိုပြန်ကြည့်ပြန်ရင်လည်း အချို့သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဟာ ဈေးကွက်အသစ်ရှာဖွေနေတယ်လို့ လေသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်ဟာ နိုင်ငံ့စီးပွားရေးနဲ့ သံခင်းတမန်ခင်းကိစ္စရပ်တွေ အားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နေနိုင်ဆဲရှိပါတယ်။

အမေရိကန်ပါဝင်နေတဲ့ အနောက်ခြမ်းက ပြဿနာ
=================
အမေရိကန်အပါအဝင် အနောက်ကမ္ဘာခြမ်းက အင်အားကြီးနိုင်ငံတွေမှာ လုပ်မှားကိုင်မှာကိစ္စရပ်တွေနဲ့ လုံးထွေးနေရတဲ့အနေအထားမှာ ရှိနေပါတယ်။ ကုန်သွယ်ရေးစစ်ပွဲရဲ့ အရှိန်ကြောင့် ထိခိုက်မှုတွေဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ အမေရိကန် အိမ်ဖြူတော်ဟာ မြောက်အမေရိကလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) ကို အာရုံပြန်စိုက်လာခဲ့ပါတယ်။ ဒါအပြင် ထရမ့်ဟာ နှုတ်ထွက်ထားတဲ့ Trans-Pacific Partnership (TTP) ကိုလည်း ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ ဧပြီလတုန်းက နေးရှင်းတိုင်းမ်သတင်းစာက ထပ်မံဖော်ပြခဲ့ပြန်ပါတယ်။ အမေရိကန်ဟာ တရုတ်ကို ကုန်သွယ်ရေးစစ်အတွက် ဆင်နွှဲနေသလို တစ်ဖက်မှာလည်း နှစ်ပေါင်းမြောက်မြားစွာ မဟာမိတ်ပြုခဲ့တဲ့ ဥရောပမှာလည်း စစ်မျက်နှာဖွင့်ပြီးသားဖြစ်သွားတာပဲဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေခြင်းဟာ အကျိုးအမြတ်ရစရာမရှိဘူးလို့ ဝေဖန်သံတွေကလည်း သောသောညံနေပါတယ်။ အမေရိကန်ဟာ တရုတ်နိုင်ငံကနေ အရပ်ဘက်သုံး လေယာဉ်ငယ်များ၊ လယ်ယာထွက်ကုန်နဲ့ အသုံးပစ္စည်းများ၊ ဆေးဝါးနဲ့ အခြားသော လူသုံးကုန်ပစ္စည်းဈေးကွက် အပါအဝင် တရုတ်နိုင်ငံတွင်းလည်ပတ်နေတဲ့ အမေရကန်ဝန်ဆောင်မှု လုပ်ငန်းတွေအထိ ထိခိုက်သွားနိုင် တယ်လို့ ခန့်မှန်းထားကြပါတယ်။ 
အမေရိကန်ပြည်သူတွေကိုယ်တိုင်ကလည်း ငွေကြေးဖောင်းပွမှုပုံသဏ္ဍန်မျိုးတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ တရုတ်နိုင်ငံက တင်သွင်းလိုက်တဲ့ အဝတ်အထည်၊ ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ဟာ ဈေးနှုန်းသက်သာပြီး အမေရိကန်လက်လီဆိုင်တွေမှာ အဝယ်အများဆုံးပစ္စည်းတွေပဲဖြစ် ပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုဟာ ၂၀၁၇ ခုနှစ်အတွင်း ၀.၀၉ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ၁.၅ ရာခိုင်နှုန်းအထိရှိလာနိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
တရုတ်နိုင်ငံဟာ ပဲပိစပ်အသုံးများတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံက တင်သွင်းခွင့်မရတော့ရင်လည်း လက်တင်အမေရိကနိုင်ငံဖက်က တင်သွင်းနိုင်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားပြန်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာတော့ စားသုံးသူတွေ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် အမေရိကန် လက်လီဆိုင်တွေက တရုတ်အသုံးအဆောင်ပစ္စည်းတွေကိုတော့ အစားထိုးဖို့ ခက်ခဲမှာဖြစ်ပါတယ်။ 
အမေရိကန်အပြင်အနောက်နိုင်ငံတွေဟာ ပြဿနာပေါင်းမြောက်မြားစွာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အနောက်ကမ္ဘာဟာ လက်ရှိအချိန်မှာ စည်းလုံးမှုပြိုကွဲနေတယ်လို့ ယူဆနိုင်ပြီး အီးယူထဲက ဗြိတိန်ခွဲထွက်သွားမှု၊ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့အရေးကိစ္စအပါအဝင် သူတို့ ခြေရှုပ်ထားခဲ့သမျှအရာတွေအားလုံးဟာ လက်ရှိအချိန်မှာတော့ သပွတ်အူလိုဖြစ်နေပြီဖြစ်ပါတယ်။

တရုတ်တို့ရဲ့ စည်းရုံးနိုင်စွမ်းအား
============
တရုတ်နိုင်ငံအပေါ်မှာ အမေရိကန်တို့မကြည်မလင်ကိစ္စရပ်တွေထဲမှာ ထိုင်ဝမ်နဲ့ ဟောင်ကောင်ကိစ္စရပ်တွေလည်းပါမယ်ထင်ပါတယ်။ ဟောင်ကောင်ဟာ တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်မှုရှိတယ်ဆိုပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကို အလွယ်တကူသွားလာနိုင်မယ့် ကျည်ဆန်ရထားလမ်းကို စက်တင်ဘာလ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်မှုအပြီးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခုမှ တရုတ်ပြည်မကြီးက လုံခြုံရေးတပ်ထားတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ 
ဘယ်လိုပဲဆိုဆို တရုတ်နိုင်ငံဟာ ဟောင်ကောင်တင်မကဘဲ အာဖရိကနိုင်ငံတွေအထိ ခြေဆန့်ထားနိုင်ခဲ့ပြီး အဆိုပါ အာဖရိကန်နိုင်ငံတွေမှာ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံဆိုင်ရာတွေကို အကူအညီပေးအပ်သွားဖို့အတွက် ရံပုံငွေ ဘီလီယံနဲ့ချီပြီး ရှိနေကြောင်းကို တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ 
ဒါအပြင် တရုတ်နိုင်ငံဟာ ရုရှားနဲ့လည်း စစ်ဖက်ဆိုင်ရာ ပူးတွဲလေ့ကျင့်ရေးတွေ လုပ်ဆောင်ခဲ့သလို မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံပေါင်းစည်းရေးကိုလည်း စေ့စပ်ပေးနိုင်ခဲ့သလို စင်ကာပူနိုင်ငံမှာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ကင်ဂျုံအန်အတွက်ကိုလည်း လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ခြေလှမ်းကျယ်မှုဟာ အိန္ဒိယနိုင်ငံအထိ ရောက်လာနိုင်ခဲ့ပြီး တရုတ် - အိန္ဒိယ ကျည်ဆန်ရထားဖောက်လုပ်ရေးအတွက်ကိုလည်း တရုတ်နိုင်ငံဟာ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။
တရုတ်ဦးဆောင်လာတဲ့ အာရှနိုင်ငံရေးအခင်းအကျင်းနဲ့ အနောက်ကမ္ဘာခြမ်း အားနည်းလာမှုမှာ အာရှဟာ ပိုမိုတောက်ပလာနိုင်ခြေရှိတာကို တွေ့ရပါတယ်။ ယခင်က ရှိခဲ့ဖူးတဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံဦးဆောင်ပြီး ပြုလုပ်သွားမယ့် အာရှကုန်သွယ်ရေးဇုန်ကရော ပြန်လည်အသက်ဝင်လာနိုင်သလားဆိုတာဟာ စိတ်ဝင်စားစရာအခြေအနေတစ်ခုဖြစ်ပါတယ်။

မြန်မာ ဘာတွေ ပြင်ဆင်ပြီးပြီလဲ
================
အာရှနိုင်ငံတွေနဲ့ ကမ္ဘာနိုင်ငံတွေဟာ ဒီဖက်ခေတ်ကာလတစ်ခုမှာ အတော်ကလေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာပေမယ့် မြန်မာနိုင်ငံကတော့ စိတ်အေးလက်အေးအနေအထားတစ်ခုနဲ့ ပြည်တွင်းမှာ Capacity မြင့်မားလာရေးကို အတော်ကလေး သွေးနွှေးပေးနေရဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၁၇ ခုနှစ်အတွင်းက တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးအချက်အချာပြည်နယ်တစ်ခုမှာ အစိုးရဘဏ်ခွဲတစ်ခုကို သွားရောက်အခြေစိုက် ထားပြီး ဖြစ်သလို မြန်မာနိုင်ငံက OBOR လမ်းကြောင်းအတိုင်းဖြတ်သန်းလာမယ့် သဘောင်္တွေအတွက် တူးမြောင်းတူးဖော်ရေးလုပ်ငန်းတွေကိုလည်း ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ခေတ်သစ်စီးပွားရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ OBOR စီမံကိန်းမှာ မြန်မာနိုင်ငံဟာ အချက်အချာနိုင်ငံတစ်ခုအဖြစ်ပါဝင်နေပြီး ကျည်ဆန်ရထားလို ရထားလမ်းကြောင်းစီမံကိန်းတွေ ပါဝင်နေပါ တယ်။ ဒါပေမဲ့ မြန်မာ့ပြည်တွင်းရေးအခြေအနေတွေကြောင့်ပဲ ဖြေရှင်းရခက်ခဲတဲ့အနေအထားတွေကို ရင်ဆိုင် နေရပြီး ကုန်သွယ်ရေးလမ်းကြောင်းအတွက် စီမံကိန်းတွေ နှောင့်နှေးနေဆဲဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ အခွင့်အလမ်းသစ်တစ်ခုကို စွန့်စားဖို့ လိုအပ်နေပြီး အာရှအင်အားကြီးနိုင်ငံတွေ ပေါင်းစည်းရေးမှာ ရေလိုက်သင့် ငါးလိုက်သင့်လေး လှော်ခတ်နိုင်မယ့် လှေတစ်စီးတော့ တည်ဆောက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါမှသာ လက်ရှိမြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စီးပွားရေးကြပ်တည်းမှုတွေကို နောက်တစ်ချိန်မှာ အေးအေးလူလူ တွန်းလှန်နိုင်မှာဖြစ်ပါကြောင်း။

ကိုးကား ။ ။ Channel News Asia
CNBC
Unintended consequences: The impact of trade wars on consumer markets
Washington Post
Nation Time
Photo Credit; Cartoon Movement

Credit : Thant Wai Soe
Share it:

Article

Business

China

Myanmar

Trade War

USA

Post A Comment: