ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်စကားကြောင့် တရားမ၀င်ငွေဈေးကွက်တွင် ဒေါ်လာဈေးဆွဲတင်မှုများဖြစ်ပေါ်ခဲ့ဟုဆို

Share it:


ရန်ကုန်၊ စက်တင်ဘာ ၂၇

တရားမ၀င်ငွေကြေးဈေးကွက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားကြောင့် ဒေါ်လာဈေးဆွဲတင်မှုများနှင့် ဒေါ်လာဝယ်ယူသိုလှောင်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အစိုးရက ၀င်ရောက်ထိန်းသိမ်းမှု မရှိနိုင်ဟု တွက်ဆမှုများရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

သြဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် ကမ္ဘာ့အခြေအနေနှင့်သက်ဆိုင်ပြီး မြန်မာနိုင်ငံနှင့်မသက်ဆိုင်ကြောင်း၊ ပြင်ပကနေစတင်သော်လည်း မြန်မာနိုင်ငံသည် စီးပွားရေး တောင့်တင်းခြင်း မရှိသည့်အတွက် ပိုပြီး ဂယက်ခံရကြောင်း ပြောဆိုခဲ့သည်။

"အကြောင်းအရင်းတစ်ခုက ကျမတို့နဲ့ မဆိုင်ပါဘူး။ ကမ္ဘာ့အခြေအနေနဲ့ဆိုင်တာဖြစ်ပါတယ်။ အားလုံးကို ကျမတို့နိုင်ငံတစ်ခုတည်းကနေ ကိုင်တွယ်လို့မရပါဘူး။ ဒေါ်လာဈေး အတက်အကျ ဖြစ်ခြင်းရဲ အကြောင်းအရင်းကတော့ ပြင်ပကနေစတာပါ။ ကျမတို့နိုင်ငံရဲ့ စီးပွားရေး တောင့်တင်းခိုင်မာမှုက ရှိသင့်သလောက် မရှိတဲ့အခါမှာကျတော့ ကျမတို့အပေါ်မှာ ပိုပြီးတော့ ဂယက်ရိုက်တာ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်အပေါ် ငွေလဲဈေးကွက်မှ ကုန်သည်များက အခွင့်ကောင်းယူကာ ငွေကြေးကစားမှုများ အကြီးအကျယ် လုပ်ဆောင်ခဲ့ကျ၍ ကျပ်ငွေတန်ဖိုးထိုးကျသည်အထိ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။

"နဂိုကလည်း ဒေါ်လာဈေးက တစ်ဒေါ်လာ ၁၅၀၀ ကျော်ဖြစ်လာတာက ဈေးကစားတာတွေအများကြီးပါတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်နိုင်ငံကြောင့်ဖြစ်တာမဟုတ်ဘူး။ ကမ္ဘာကြောင့်ဖြစ်တာဆိုတော့ အဲဒီမှာ ငွေလဲဒိုင်တွေ အကုန်လုံးက လုပ်ချင်ရာလုပ်ကုန်ကြတာ။ တကယ်က ဈေးကွက်မှာ ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းအချက်အလက်ကို ထိပ်ပိုင်းခေါင်းဆောင်ပိုင်းက မသိဘူးဆိုပြီး အခွင့်ကောင်းယူပြီး လုပ်ချင်တိုင်းတွေ လုပ်ကုန်ကြတာ။ အဲဒါကြောင့် ထိန်းမရ သိမ်းမရဖြစ်ကုန်တာ။ အရမ်းကို မထိန်းနိုင်တော့မှ တကယ့်ကို အသိရှိတဲ့ ကုန်သည်တွေကိုယ်တိုင် အခြေအနေကို စိုးရိမ်လာကြတာ။ ပြောရရင်တော့ ခေါင်းဆောင်ပိုင်းတွေရဲ့ ပြောစကားတွေက ဈေးကွက်မှာ သက်ရောက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို ပြောချင်တာပါ။ တချို့ကိစ္စတွေက ရောင်းလိုအား ၀ယ်လိုအားနဲ့မဆိုင်တဲ့ ဈေးကစားချင်တာတွေကြောင့် ဖြစ်တာပါ" ဟု မဂိုလမ်းမှ ရွှေနှင့်ဒေါ်လာကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိငွေလဲဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၁၆၄၀ ကျပ် ၊ ရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၀သိန်း ၅ သောင်းနီးပါးအထိ အမြင့်ဆုံးထိုးတက်ခဲ့ပြီး အစိုးရက ကုန်သည်များကို ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ဒေါ်လာဈေးနှင့်ရွှေဈျေးနှုန်းများ ပြန်လည် ကျဆင်းလျက်ရှိသည်။

www.khitthitnews.com
Share it:

Business

Daw Aung San Suu Kyi

Dollar

Kyats

Myanmar

News

Post A Comment: