" ပြိုင်လုပ်လို့ မရရင် ပေါင်းလုပ်ဖို့ ကြိုစဉ်းစားထား . ပြိုင်လို့လည်းမရ . ပေါင်းလို့လည်း မရရင်တော့ ပြေးဖို့ နည်းလမ်းရှာထား . အသေခံတော့ မတိုက်နဲ့ "

Share it:


၇ တန်းအောင် လူငယ်လေးဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာတဲ့ အာရှဓနဘဏ် တည်ထောင်သူ ဦးအိုက်ထွန်း 

လူငယ်လေးတစ်ယောက် ၇ တန်းပြီးတော့ ရွေးချယ်စရာ နည်းပါးတဲ့ခေတ်မှာ ရှမ်းပြည်ဖက်မှာ ကားဝပ်ရှော့ လုပ်ဖြစ်တယ် . နောက် ဓားပြတွေ ရန်ကြောက်လို့ ရန်ကုန်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာတယ် .ရန်ကုန်ရောက်တော့ ၃ ဘီး မောင်းတယ် . ၃ ဘီး မောင်းနေရင်း လက်ဖက်ခြောက် ကုန်သည်နဲ့တွေ့လို့ အဲဒီအိမ်မှာ ဒရိုင်ဘာ လုပ်ရာကနေ အရောင်းအဝယ်ပညာ သင်ယူခဲ့တယ် .

အိမ်ထောင်ကျ ကလေးရပြီး အဆင်မပြေတော့ လမ်းဘေးမှာ ဈေးရောင်းတယ် . ၄ နှစ်လောက် ရောင်းပြီး စုဆောင်းရငွေ နဲ့ လက်ဖက်ခြောက်တွေ မုန့်တွေ လက်ကားရောင်းတယ် . နောက် border trade ပြောင်းလုပ်တယ် . အဲလိုနဲ့ ၁၉၉၀ မှာ ကုမ္ပဏီ စထောင်တယ် . ဘဏ်တွေ ထောင်တယ် . ဆောက်လုပ်ရေး လုပ်တယ် . နောက် ဘဏ်ကို ပိတ်ရတော့ shopping center တွေဖက်လှည့်တယ် . ရဲရွာရေအားလျှပ်စစ် နဲ့ အမြန်လမ်းတွေ ဖောက်တယ် . အဲလိုနဲ့ ခု ရွှေတောင်ဖြစ်လာသတဲ့ ..ပွဲက personal branding ဆန်ပေမယ့် သူ့အနေနဲ့ ၇ တန်းပဲ အောင်ပြီး အဆင့်မြင့်စီးပွားရေးပညာတွေ MBA တွေ သင်ခွင့် မရပေမယ့် သူ့ဘဝအကြောင်းပြောနေရင်း သူ့ အတွေ့အကြုံကလာတဲ့ ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ စီးပွားရေး ပညာ တချို့ ကြားခွင့်ရခဲ့တယ် .

ဓားပြတွေရန်က အဝတ်တထည် ကိုယ်တစ်ခုနဲ့ပြေးလာရတဲ့ ကံဆိုးမှုတွေနောက်မှာ လက်ဦးဆရာဖြစ်လာမယ့် အရောင်းအဝယ် သင်ယူခွင့်ရမယ့် ကံကောင်းမှု ဖြစ်လာတယ် . ဘဏ်တွေပိတ်လိုက်ရတော့ တခြားဖက်မှာ ပိုဖိလုပ်ဖြစ်တော့ ဆောက်လုပ်ရေး ရေအားလျှပ်စစ်တွေမှာ အာရုံစိုက်ဖြစ်ခဲ့တယ် . ကံဆိုးမှုနောက်မှာ ကံကောင်းဖို့အတွက် အခွင့်အရေး ကပ်ပါလာလေ့ရှိသတဲ့ . မြင်အောင်ကြည့်တတ်ဖို့ပဲ လိုတာပေါ့လေ ..

သူ့ရဲ့ ခုလက်ရှိ ချမ်းသာမှုက လက်ဦးဆရာ လက်ဖက်ခြောက်ကုန်သည်ကြီး ထက်သာနေပြီး ကုန်သည်ကြီး မရှိတော့ပေမယ့် သူ့မိသားစုဝင်တွေကို လေးလေးစားစားနဲ့ သူဌေးလို့ပဲခေါ်နေမိတုန်း . တချိန်က သူမောင်းခဲ့ရတဲ့ ကုန်သည်ကြီးရဲ့ကားကို အမှတ်တရ ဝယ်ထားပြီး သိမ်းထားခဲ့တယ် . ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးသိတယ် . ကျေးဇူးပြန်ဆပ်တယ် .

သူရဲ့ လက်အောက်က ဝန်ထမ်းတွေကို အရည်အချင်းအလိုက် လခတွေ နေရာတွေ ပေးခဲ့တယ် . သင်တန်းတွေပေးတယ် . လူတွေကို ယုံကြည်မှုထားတယ် . မယုံရင် လုံးဝမခိုင်းနဲ့ . ခိုင်းပြီဆို ယုံထားလိုက် . သင်တန်းပေးလိုက်ပြီး ကျွမ်းကျင်လို့ သူနေရာမပေးနိုင်လို့ ထွက်သွားလည်း တခြားနေရာမှာ ထူးချွန်ရင် သူနေရာပေးနိုင်တဲ့ တချိန်ပြန်လာမှာပဲ . ပြန်မလာလည်း နိုင်ငံအတွက်အကျိုး ရှိနေမှာပဲ . အဲဒီတော့ သင်ပေးရမယ် . လုပ်ခွင့်ပေးရမယ် . မှားရင် ပြင်ပေးရမယ် .

နောက်ကိုယ့်အောင်က လူတွေကိုလည်း လေးလေးစားစား ဆက်ဆံရမယ် . တချိန်ထဲမှာ ကိုယ့်ကိုယ်ကို နှိမ့်ချမှုရှိရမယ် . အဲဒါမှ ဝန်ထမ်းတွေက ကိုယ့်အပေါ်သစ္စာရှိမယ် . လူတွေက အပြန်အလှန်လေးစားမယ် .လုပ်ငန်းတစ်ခု စလုပ်မယ်ဆို line of business အရေးကြီးတယ် . ကိုယ်လုပ်မယ့်အလုပ်က potential ဘယ်လောက်ရှိလဲ တွက်ဖို့လိုတယ် . လမ်းဘေးမှာပဲ ဈေးဆက်ရောင်းမယ် . Border trade ပဲ ဆက်လုပ်နေရင် အတိုင်းအတာတခုထိတော့ ချမ်းသာနိုင်ပေမယ့် ခုလောက်ထိ ချမ်းသာလာဖို့ မလွယ်ဖူး . အဲဒီတော့ ခုကိုယ်လုပ်နေတဲ့အလုပ်က ဘယ်လောက် potential ရှိလဲ မရှိရင် မျက်စိဖွင့်နားစွင့်ထား . အခွင့်အရေးရတာနဲ့ပြောင်းဖို့စဉ်းစား . ရရင် နောက်ဆံမတင်းပဲ ချက်ချင်းပြောင်း .

စီးပွားရေးရဲ့ fluctuation ကိုအမြဲလေ့လာ သိနေရမယ် . ဈေးကွက် ပြောင်းတော့မယ်ဆိုတာသိရင် ကြိုပြင်ဆင်ထား . ဈေးကွက်ကတော့ ကိုယ့်ကိုစောင့်နေမှာ မဟုတ်ဖူး . မပြင်ဆင်ထားရင် ကိုယ်ကျန်ခဲ့မှာပဲ . ရဲရဲသာလုပ် . ကိုယ်လုပ်တာအတွက် ကိုယ်တာဝန်ယူရမယ် . ကိုယ့်လုပ်ငန်းကို ဝံပုလွေ အုပ်လို ဖြစ်အောင် လေ့ကျင့်ထား . ကြောစိတ်မဝင်အောင် support ပေး . ရှေ့ကနေ ခေါင်းဆောင်လုပ် .

ကိုယ့်လုပ်ငန်းရဲ့ ကွာလတီကို ကိုယ်သတ်မှတ် . သူများရဲ့ ၁၀၀ တန်ပစ္စည်းကို ကိုယ်က ၂၀၀ ရောင်းလို့ ကျေကျေနပ်နပ် ပေးဝယ်ရင် အဲဒါ ကွာလတီပဲ . အဲလိုရဖို့ SOP တွေ work flow တွေ သေချာဆွဲထား . လုပ်ငန်းကို တဆင့်ချင်း ဆွဲထားတဲ့ အတိုင်း တည်ဆောက် . လူတွေ ပစ္စည်းတွေ ငွေတွေကို သူ့နေရာနဲ့သူ အချိန်အခါလိုက်မှန်အောင်နေရာချ ပြီး စီမံရမယ် . ပြီးရင် rules and regulations တွေ သေချာချပြီး ကိုယ်တိုင်လိုက်နာ . ဖောက်ရင် ချက်ချင်း ဒဏ်ပေး . မဖမ်းသရွေ့ ကားကို ရပ်ချင်တဲ့နေရာရပ်မှာပဲ .

လုပ်ငန်းတိုးတက်ဖို့အတွက် နိုင်ငံခြားက ဂေါ်ဇီလာတွေနဲ့ ပြိုင်နိုင်ဖို့ creative တွေ လုပ် . ကိုယ်တိုင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံခြားသား ပညာရှင် consultant တွေငှား . သူတို့ဆီက နည်းပညာကို သင်ယူ . တခါငှားပြီး ကိုယ့်လူတွေကို လေ့ကျင့်ပေးနိုင်ရင် နောက် ကိုယ့်အားကိုယ်ကိုးလို့ရပြီ . နိုင်ငံခြား သား consultant ဆိုတိုင်း မယုံနဲ့ . အထင်မကြီးနဲ့ တလွဲတွေလည်း လာတတ်တယ် . နိုင်ငံခြား သွားရင်အကုန်ကြည့်ခဲ့ ဒီမှာ ဘာပြန်သုံးလို့ လုပ်လို့ရမလဲ စဉ်းစား . ပြိုင်လုပ်လို့မရရင် ပေါင်းလုပ်ဖို့ ကြိုစဉ်းစားထား . ပြိုင်လို့လည်းမရ . ပေါင်းလို့လည်း မရရင်တော့ ပြေးဖို့ နည်းလမ်းရှာထား . အသေခံတော့ မတိုက်နဲ့ .

ကိုယ်ရဲ့ customer တွေ partner သူတွေ supplier တွေ ရဲ့ ယုံကြည်မှုကို တည်ဆောက် . အောင်မြင်မှုရအောင်လုပ် . အောင်မြင်မှုရလာရင် ထိန်းထားနိုင်ဖို့ကြိုးစား . အောင်ပွဲခံပြီး သာယာမနေနဲ့ . ကိုယ့်ကိုယ်ကို ချဲလင့် ခေါ်နိုင်ဖို့ ချဲလင့်အတိုင်း ကြိုးစားဖို့ ပြင်ဆင်ထားရမယ် . အမြဲသင်ယူဖို့ အသင့်ဖြစ်နေရမယ် . ဘာသာစကားတွေ သင်ယူနိုင်ဖို့ကြိုးစား . အင်္ဂလိပ်စာ တရုတ်စာ အဓိကထားသင် . တခြားဘာသာတွေလည်း ဖြစ်နိုင်ရင် ထမင်းစားရေသောက် နည်းနည်းပါးပါး နားလည်အောင်ကြိုးစား . စကားပြောဖို့ မပီမှာ မှားမှာမကြောက်ပဲ ရဲရဲသာပြောပါ . လုပ်ငန်းအတွက် အတိအကျ လိုအပ်ရင် စကားပြန် သုံးပေမယ့် ဒင်နာတွေ ဆိုရှယ်တွေမှာ ကိုယ်တိုင်ပြော . အောင်မြင်ဖို့ မျှော်မှန်းထားပေမယ့် ဆုံးရှုံးနိုင်ချေ အမြဲစဉ်းစားထားပြီး ပြင်ဆင်ထားရမယ် .

နောက်ဆုံး စကား လက်ဆောင်ကတော့ အမြဲ မျက်စိဖွင့် နားစွင့်ထားပြီး ကောင်းတာတွေ့ရင်ယူ . အများယုံကြည်မှုရအောင် ကျင့်ဝတ်သိက္ခာရှိရှိ ကိုယ့်ကိုယ်ကို တည်ဆောက် ပြင်ဆင်ထားပါ . ဒီလို ပြင်ဆင်ကြိုးစားရင်း ဆုံးရှုံးမှုတွေ . ရှုံးနိမ့်မှုတွေ ကြုံလာတိုင်း ဒါတွေက ခဏတာ ယာယီပါလို့ နှလုံးသွင်းရင်း ဘဝကိုပျော်ပျော် ရွင်ရွင် ဖြတ်သန်းပါ . နောက်ဆုံးမှာတော့ အခွင့်အရေးဆိုတာ ကိုယ့်ဆီရောက်လာမှာ အသေအချာပါ။

credit to original uploader

Share it:

Article

Biography

Boss

Myanmar

News

Opinion

Post A Comment: