ကြားဖြတ်ရွေးကောက်ပွဲနှင့် ပြည်သူတို့ အမြင်

Share it:

မင်းဗညား

ရန်ကုန်၊ နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူများ စိတ်ဝင်စားမှု ကျဆင်းလျက်ရှိသည်ဟု သုံးသပ်ချက်များ ရှိနေသည်။ ထို့အတူ ယခုအချိန်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်းကိုလည်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာထားသည်။

ပြည်သူ့အမြင်နှင့် ရွေးကောက်ပွဲ

''ကျွန်တော်ကလဲ အလုပ်တစ်ဖက်နဲ့ဆို တော့ ရပ်ကွက်ထဲလဲ သိပ်မရောက်ဖြစ်ဘူး။ ကြားဖြတ်ရွေးကောက်ပွဲ ရှိတယ်လို့တော့ သိ တယ်။ ဒါပေမဲ့ အထွေထွေရွေးကောက်ပွဲကြီး လောက်တော့ စိတ်ဝင်စားမှုမရှိဘူးလို့ ပြောလို့ ရတယ်''ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် ကိုမင်းမျိုးက ပြောသည်။

လက်ရှိအချိန်၌ နိုဝင်ဘာလအတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံ ရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၆၂ဦး၊ တစ်သီးပုဂ္ဂလ ၇ဦး စုစုပေါင်း ၆၉ဦးမှ မဲဆန္ဒနယ် ၁၃နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုထား သည်။

''အခုကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ တွေက စိတ်ဝင်စားမှု နည်းတော့နည်းတယ်။ ဘာလို့နည်းလဲဆိုတော့ သူတို့ရှေ့မှာဖြစ်တည်ခဲ့တဲ့ ပါတီတွေရဲ့လုပ်ဆောင်ချက်တွေ ပြည်သူ တွေအပေါ်ပေးထားတဲ့ ကတိကဝတ်တွေ မကိုက်ညီတဲ့အတွက် ပြောမယ်ဆိုရင်တော့ ပြည်သူ တွေက ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စား မှု နည်းနေတယ်။ ကြားဖြတ်ရွေးကောက်ပွဲက တော်တော်သတိထားရမယ့် ကြားဖြတ်ရွေး ကောက်ပွဲလို့ ယူဆတယ်။ ထင်သလောက်မဖြစ် နိုင်မယ့်ပိုင်းတွေ ရှိလောက်တယ်။ အဲ့ဒီတော့ ဦးလေးမြင်တာက အခုလာမယ့်ကြားဖြတ်ရွေး ကောက်ပွဲမှာ မထင်မှတ်တဲ့ ပါတီတွေကနေပြီး တော့ အောင်မြင်မှုတွေရနိုင်တယ်လို့ မြင်တာ ပေါ့''ဟု ပြည်သူ့ပါတီမှ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးမျိုးခင်(မုန်းခက်)က မှတ်ချက်ပြု ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အင်အားကြီး ပါတီများဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီတို့မှ မဲဆန္ဒနယ်အများစုတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့် မဲဆန္ဒနယ် ၁၃နေရာ လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံသွားမည် ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၃နေရာမှ ၁ဝ နေရာခန့်ကို ဝင်ရောက်ရွေးချယ်ခံမည်ဟု သိရသည်။

ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ သည် လစ်လပ်မဲဆန္ဒနယ်များဖြစ်ကြသည့် ကန် ပက်လက်၊ မြင်းခြံ၊ တာမွေ၊ လဲချား၊ ကချင် မဲဆန္ဒနယ်မြေ ၂၊ မတူပီမဲဆန္ဒနယ်မြေ ၁၊ တမူး မဲဆန္ဒနယ်မြေ ၂၊ အုတ်တွင်းမဲဆန္ဒနယ်မြေ ၁၊ မင်းဘူးမဲဆန္ဒနယ်မြေ ၂၊ သပိတ်ကျင်းမဲဆန္ဒ နယ်မြေ ၁၊ ရသေ့တောင် မဲဆန္ဒနယ်မြေ ၂၊ ဆိပ်ကမ်းမဲဆန္ဒနယ်မြေ ၂၊ ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်မြေ စသည်တို့တွင် ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

ထိုအထဲတွင် ဆိပ်ကမ်းမြို့နယ်၊ အုတ်တွင်း မြို့နယ်၊ တာမွေမြို့နယ်တို့တွင် ဝင်ရောက်အရွေး ချယ်ခံကြမည့် ပါတီအရေအတွက်သည် အများ ဆုံး ဖြစ်သည်။ တာမွေမဲဆန္ဒနယ်၌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အတွက် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့အလုပ်သမား၊ ပြည်ထောင်စုတိုင်းရင်း သားများဖက်ဒရယ်ဒီမိုကရေစီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် စသည့် ပါတီများမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်သည်။ သို့သော် အချက်အချာကြ သည့် ရန်ကုန်မြို့ တာမွေမြို့နယ်တွင် လစ်လပ် မဲဆန္ဒနယ်မြေဖြစ်သော်လည်း ပြည်သူများအနေ ဖြင့် စိတ်ဝင်စားမှုနည်းပါးသေးကြောင်း စုံစမ်း သိရသည်။

''တချို့တွေကျတော့လဲ သိကြတယ်။ မဲ ဆွယ်စည်းရုံးမှုတွေ စကြတော့မယ်လို့တော့ ကြား တယ်။ တချို့ကြတော့လဲ ကြားဖြတ်ရှိတယ်လို့ တောင် မသိကြဘူး။ မေတ္တာညွန့်ရပ်ကွက်မှာ နေ့စဉ်ကြားရတဲ့ အချက်အလက်အရ ကြားဖြတ် နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းနေတယ်။ မဲစာရင်းကပ်တာ သွားကြည့်သူ သိပ်မတွေ့ရ ဘူး။ ရပ်ကွက်ထဲမှာလဲ ကြားဖြတ်ကိစ္စ သိပ်မပြော ကြဘူး။ ပြောသံကို မကြားရတာ။ တချို့ဆို သိ ကြပုံ မပေါ်ဘူး။ အသိပညာပေးတာ အားနည်း သလို လူထုက စိတ်ဝင်စားမှု မရှိတာပေါ့''ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် ကိုအောင် လင်းကလည်း ပြောသည်။

ထို့အတူပင် အုတ်တွင်းမြို့နယ်မှ ကိုအောင် အောင်ကလည်း ''ကျွန်တော်တို့ကတော့ ရတဲ့ အခွင့်အရေးကိုတော့ မဆုံးရအောင် မဲစာရင်း ကပ်ရင်တော့ သွားကြည့်မယ်။ မှားတာပါရင် ပြင်ခိုင်းတာတို့ဘာတို့ လုပ်ရမှာပဲ။ ဒါပေမဲ့ တချို့ ကျပြန်တော့လဲ အခုအချိန်ထိ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ ပတ်သက်တာကို သိတောင်မသိ ကြသေးဘူး''ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေနှင့်မူ လစ် လပ်မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက် ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မှုများရှိကြောင်း ပြောဆိုထားသည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူတစ်ဦး၏ ရရှိမည့် အခွင့်အရေးများအတွက် ဆုံးရှုံးမှုမဖြစ်စေရန် မဲစာရင်းကြေညာစဉ်တွင် မဖြစ်မနေသွားရောက် ကြည့်ရှုရန် လိုအပ်သကဲ့သို့ မှားယွင်းမှုများပါရှိ ပါက ပြင်ဆင်ရန်အတွက် တောင်းဆိုသင့်ကြောင်း ဆိုသည်။

''အောက်တိုဘာလထဲမှာ မဲစာရင်းကပ်ပါ မယ်။ မဲစာရင်းကပ်ရင် ကိုယ့်နာမည် မပါတာ တို့၊ အဖေနာမည် မှားနေရင်၊ ကိုယ့်နာမည်မပါ ရင် တောင်းဆိုခွင့်ရှိပါတယ်။ ပြည်သူတွေ ကြည့် သင့်ပါတယ်။ အနည်းဆုံး မိသားစုတစ်စုမှာ တစ်ယောက်လောက်သွားကြည့်ရင် လုံလောက် ပါတယ်။ အဲဒါလေး ကျွန်တော်တို့ မက်ဆေ့ပေး ချင်ပါတယ်။ ဒုတိယအကြိမ်ကြေညာပြီးရင်တော့ ပြီးသွားပြီပေါ့။ ကိုယ့်ရွဲျ့ငါ့အ ဆုံးရှုံးသွားမှာ စိုးလို့ပါ။ မပါတာတို့ နာမည်မှားတာတို့ကို ပြင် ပေးဖို့ တောင်းဆိုလို့ရပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

ရွေးကောက်ပွဲဖြစ်စဉ်

မြန်မာနိုင်ငံတွင် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းကာလများတွင် ရွေးကောက် ခံစနစ် မှေးမှိန်ပျက်သုဉ်းခဲ့ပြီး အာဏာရှင်စနစ် ရှည်ကြာခဲ့သည်။ ထို့နောက် ၂ဝ၁ဝ ပြည့်နှစ် တွင်မူ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေ ခံ၍ ထွက်ပေါ်လာသည့် အထွေထွေရွေးကောက် ပွဲနှင့် ပြန်လည်အသက်ဝင်လာခဲ့သည်။ ထိုကာ လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ မပြင်ဆင်ရေး မူဝါဒအမျိုးမျိုးရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ ထိုရွေး ကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့သည်။ ထို့နောက်တွင် မူ ၂ဝ၁၂ ခုနှစ်၌ လစ်လပ်မဲဆန္ဒနယ်များအတွက် ကျင်းပချိန်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲ ဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သည်။

ထိုကာလများတွင် ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရအနေဖြင့် အစိုးရယန္တရားများကို လည်ပတ်စေခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ကာ အာဏာလွှဲ ပြောင်းရေးတွင် အညင်သာဆုံးဖြင့် ဆောင်ရွက် နိုင်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင်မူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်း ခွင့် ရရှိခဲ့ကာ အစိုးရယန္တရားများကို ဆောင်ရွက် လျက် ရှိသည်။

ပြည်တွင်း၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ကျင်းပ ခဲ့သည့် အထွေထွေရွေးကောက်ပွဲမှလွဲ၍ ယင်း နောက်ပိုင်းကာလများတွင် ပြုလုပ်ခဲ့သည့် ရွေး ကောက်ပွဲများသည် အခက်အခဲ မရှိခဲ့ကြောင်း နှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အခက်အခဲမရှိနိုင်ကြောင်း NLD ပါတီ ဗဟို ပြန်ကြားရေးကော်မတီ၏ အတွင်းရေးမှူး မုံရွာ အောင်ရှင်က သုံးသပ်ပြောကြားသည်။

ဒီချုပ်အစိုးရလက်ထက် ၂ဝ၁၇ ခုနှစ်တွင် လစ်လပ်ခဲ့သည့် မဲဆန္ဒနယ်မြေများအတွက် ရွေး ကောက်ပွဲ ကျင်းပပေးခဲ့ပြန်သည်။ ထိုအချိန်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ် ကမ်း)၊ ကော့မှူး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ကျေး သီး၊ မိုင်းရှူး စသည့်မြို့နယ်များအတွက် ကိုး နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ ဖြစ်သည့် ချင်းပြည်နယ် အမှတ် ၃ မဲဆန္ဒနယ် ဖြစ်သည့် ထန်တလန်၊ ပဲခူးတိုင်းဒေသကြီး မဲ ဆန္ဒနယ် အမှတ်၎ မဲဆန္ဒနယ်ဖြစ်သည့် ကျောက် တံခါး၊ ညောင်လေးပင်၊ ရန်ကုန်တိုင်းဒေသကြီး တွင် အမှတ် ၆ မဲဆန္ဒနယ်မြေဖြစ်သည့် ကမာ ရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံနှင့် ပြည်နယ်လွှတ်တော် မဲ ဆန္ဒနယ်များဖြစ်သည့် ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင် ဖရူဆို၊ ကျိုင်းတုံ၊ ကျေးသီး၊ မဲဆန္ဒနယ်မြေ အမှတ် ၁၊ မဲဆန္ဒနယ်မြေ အမှတ်၂ ညောင်ရွှေ၊ မိုင်းရှူး မဲ ဆန္ဒနယ်မြေ အမှတ်၁ နှင့်၂တို့တွင် ပြုလုပ်ခဲ့ သည်။

ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ သည် ဒီချုပ်အစိုးရလက်ထက်အတွင်း ဒုတိယအကြိမ် ကျင်းပခြင်းလည်းဖြစ်သည်။ စက်တင်ဘာ ၃ရက်မှစတင်၍ လစ်လပ်မဲဆန္ဒများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို စတင် လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ထိုကဲ့သို့ မဲဆွယ် စည်းရုံးရာတွင်လည်း သတ်မှတ်စည်းကမ်းများ အတိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ရွေး ကောက်ပွဲ ကော်မရှင်က သတိပေးထားသည်။

''ကိုယ်စားလှယ်လောင်းတွေကတော့ ၃ ရက်နေ့ကစပြီး မနက် ၆နာရီကနေ ညနေ ၆ နာရီအထိပေါ့။ သူတို့ကိုပြောချင်တာက တစ်ဦး နဲ့တစ်ဦး၊ တစ်ပါတီနဲ့ တစ်ပါတီ ပုတ်ခတ်ပြော ဆိုတာမျိုး မပြုလုပ်ဖို့ သတ်မှတ်ထားတဲ့နေရာ။ သတ်မှတ်ထားတဲ့နေရာဆိုတာ တောင်းဆိုရ တာပေါ့။ သူတို့က ဘယ်နေရာမှာပြောချင်တယ် ဆိုတာမျိုးလေ။ မဲဆွယ်စည်းရုံးချင်တယ်ဆိုတာ မျိုးကို မြို့နယ်ထွေအုပ်ကို လျှောက်ရပါတယ်။ ခွင့်ပြုရင်ရပါပြီ''ဟု ဦးကြည်မြင့်က ပြောသည်။

ထို့အတူ ယခုကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲနှင့် ပတ်သက်၍လည်း လွတ်လပ်၍ တရားမျှတမှု ရှိ၊ မရှိကို လေ့လာစောင့်ကြည့် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေး ပါတီအချို့က ပြောဆိုထားသည်။

''လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလားဆိုတော့ ရွေးကောက်ပွဲပြီးမှပဲ ပြောလို့ရမယ်။ လောလောဆယ် ကော်မရှင်ရဲ့လုပ် ဆောင်ချက်တွေအပေါ်မှာ ကျွန်တော်တို့ စောင့် ကြည့်နေတယ်။ ဒီရွေးကောက်ပွဲရလဒ်တွေ ဖြစ်စဉ်တွေပေါ်မှာ မူတည်ပြီးတော့မှ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲဟုတ်မဟုတ် ပြောလို့ရမယ်။ အခုအချိန်အထိတော့ သံသယနဲ့ပဲ စောင့်ကြည့်နေပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲက တော့ လက်ရှိအခြေအနေမှာတော့ အပြောင်းအလဲ ရှိလာမယ်လို့တော့ ကျွန်တော်တို့ မမျှော်လင့်ပါဘူး။ သို့သော်လဲလာမယ့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အတွက်တော့ နိုင်ငံရေးပါတီတွေအတွက် အရေးကြီးတဲ့ ခြေ လှမ်းတစ်ရပ်အဖြစ် ကျွန်တော်တို့ မြင်ပါတယ်'' ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောသည်။

ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက် ပွဲသည် နိုင်ငံရေးပါတီများအတွက် ထူးခြားသည့် ပြောင်းလဲမှု မပေါ်ပေါက်နိုင်သကဲ့သို့ ပါတီများ အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲကြီးအတွက် အားတစ်ရပ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည်။ ထို့အတူ ပြည်သူများအနေဖြင့်လည်း မိမိတို့ ရရှိသည့် အခွင့်အရေးအား လက်လွတ်မခံဘဲ ကြားဖြတ် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲဆန္ဒရှင်ပြည် သူတစ်ဦး ရရှိနိုင်သည့် အခွင့်အရေးများကို ရယူထားရန် လိုအပ်ပေသည်။

#YangonMediaGroup #In_This_Week #Article 
Share it:

Article

Featured

Opinion

Political

Post A Comment: