ဆော ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ကယ်ဆယ်ရေးလုပ်ငန်း အပြီးရပ်နား

Share it:


ဆော၊ စက်တင်ဘာ ၉

မကွေးတိုင်း ဆောမြို့နယ် ကျောက်မြောင်းကျေးရွာတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် ကယ်ထုတ်ရန် လူ လေးဦးကျန်ရှိနေသေးသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို အပြီးရပ်နားလိုက်ပြီဖြစ်ကြောင်း ဆောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်းက အတည်ပြု ပြောကြားသည်။

စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် လူလေးဦးသေဆုံးခဲ့သည်။ ကယ်ဆယ်ရန် ကျန်နေသူ လေးဦးကိုလည်း ကယ်ဆယ်ရေးလုပ်ငန်း ရပ်နားလိုက်ပြီဖြစ်သည်။

အန္တရာယ်ရှိမရှိ ယနေ့ နံနက်ပိုင်းက ပညာရှင်များနှင့် ဓာတ်ငွေ့တိုင်းတားသည့် လုပ်ငန်းများကို လုပ်ဆောင်ပြီး ကျွမ်းကျင်အလုပ်သမားများဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း ရဲမှူး ဇော်လင်းက ပြောဆိုသည်။






"၁၂ နာရီကျော်မှာ ပြန်တက်လာပြီးတော့ ကျင်းအနက် ပေ ၆၀၀ ကျော်မှာ မြေတွေပြိုပြီး လုံးဝ ပိတ်သွားတဲ့ အတွက် ရှာဖွေဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောတယ်။ ဒါကြောင့် ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး အပြီးရပ်နားလိုက်တာပါ" ဟု ၎င်းက ဆိုသည်။



ထွန်းရာဇ (မန္တလေး) သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက် ကျောက်မီးသွေးတွင်းတစ်တွင်း၏ အနက် ပေ ၃၀၀ ခန့်တွင် သဘာဝဓာတ်ငွေ့နှင့် အောက်ဆီဂျင်ထိတွေ့ကာ ပေါက်ကွဲခြင်းကြောင့် တွင်းထဲရှိ အလုပ်သမား ၁၂ ဦးအနက် လေးဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရကာ သုံးဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ဆောမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက ပြောကြားသည်။

တွင်းထဲကျန်ရှိနေသည့် လေးဦးကို ယနေ့နေ့လည်ပိုင်းအထိ ဆယ်ထုတ်နိုင်ရန် ကြိုးစားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်သည်။


ဒဏ်ရာရရှိသူကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့ပြီး သေဆုံးခဲ့သူများကို ဆောမြို့သုဿာန်တွင် သဂြိုဟ်ပေးခဲ့ကြောင်း ဆောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံဝင်းလေးက ပြောကြားသည်။

ယင်းဖြစ်စဉ်အတွက် ကုမ္ပဏီမန်နေဂျာ ဦးမင်းမင်းဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) (ပေါ့လျော့ခြင်းဖြင့် သေစေမှု) ၊ ၃၃၈ (အပြင်းအထန်နာကျင်စေမှု) တို့ဖြင့် ဆောမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲမှူး ဇော်လင်းက ပြောဆိုသည်။

ဓာတ်ပုံ - ဦးစံဝင်းလေး
The Voice
Share it:

Crime

Featured

Local

News

Regional

Post A Comment: