ကန်တော်ကြီးသစ်သားတံတား တစ်ပေ ကျပ် လေးသိန်းခုနစ်သောင်းတန် ကွန်ကရစ်တံတား အစားထိုးမည်

Share it:


ရန်ကုန်၊ စက်တင်ဘာ ၃၀

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအပန်းဖြေဥယျာဉ်အတွင်းရှိ အများပြည်သူလမ်းလျှောက်ကာ လေ့ကျင့်ခန်းပြုလုပ်သည့် ကန်တော်ကြီးသစ်သား တံတားကို တစ်ပေ ကျပ်လေးသိန်းခုနစ် သောင်းတန် ကွန်ကရစ်တံတား အစားထိုးကာ အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

အဆိုပါတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အသစ်ပြန်လည်ပြုပြင်ရန် စတီးလက်ရန်းတပ် ကွန်ကရစ်တံတား အရှည်ပေ ၂၀၀၀ အတွက် ကျပ်သန်း ၉၄၀ ဘတ်ဂျက် တောင်းခံထားပြီး ပုဂံလုံးကျွန်းနေရာမှ စတင်လုပ်ဆောင်ပေးရန် ရန်ကုန်မြို့တော်ဝန်ထံ ယခုတစ်ပတ်အတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီတံတားအသစ် ပြန်လည်ပြုပြင်တာက အကုန်လုံးလုပ်တာ မဟုတ်သေးဘူး။ ဘတ်ဂျက်ရတဲ့အပေါ်မူတည်ပြီး အပိုင်းလိုက်လုပ်နေတာဖြစ်တယ်။ အခု ပေနှစ်ထောင်စာ ဘတ်ဂျက်ရတယ်။ ဘတ်ဂျက်က သောကြာနေ့က အတည်ပြုတာဆိုတော့ သက်ဆိုင်ရာဌာနက ငွေထုတ်ဖို့ လုပ်ပြီးတာနဲ့ ဘဏ်ကငွေရပြီး ဒီလုပ်ငန်းအကောင်အထည်ဖော်မယ်။ တစ်လနှစ်လအတွင်း စလုပ်ရမယ်။ ပုဂံကျွန်းက အခုပိတ်ထားတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့ နိုင်ငံခြားတွေကလည်း လေ့လာနေတော့ အဲဒီနေရာကစတင်ပြင်ဖို့ မြို့တော်ဝန်ထံတင်ပြမယ်”ဟု ဦးလှဌေးက ဆိုသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်က ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသော သစ်သားတံတားမှ ဘယ်ဘက်ခြမ်းရှိ တံတားရက်မ ကျိုးကျမှုဖြစ်ပွားခဲ့ရာ ယောဂလေ့ကျင့်ခန်းလုပ်သည့် ကျား ၁ ဦးနှင့် မ ၄ ဦးမှာ အားကစားလေ့ကျင့်ခန်းပြုလုပ်ပြီး ပြန်ထွက်လာစဉ် တံတားကျိုးကျမှု ဖြစ်ပွားခဲ့သောကြောင့် ယင်းနေရာကို ယနေ့အထိ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး အပန်းဖြေဥယျာဉ်အတွင်းရှိ သက်တမ်း ၂၉ နှစ်ရှိပြီဖြစ်သော သစ်သားတံတားများအစား တစ်ပေလျှင် ကျပ် ၄၇၀,ဝ၀၀ တန် စတီးလက်ရန်းတပ် ကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်တွင်ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားခဲ့သည်။

ကန်တော်ကြီးအတွင်းရှိ အဆိုပါတံတားကို ၂၀၀၄ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ကာ သစ်သားတံတားမှာ စုစုပေါင်း အရှည်ပေ ၇၀၀၀ ရှိပြီး၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် အရှည် ၂၀၂၅ ပေ အတွက် ကျပ် ၁၃၀ ဒသမ ၃၁၈ သန်းနှင့် ၂၀၁၇ -၂၀၁၈ ခုနှစ်တွင် အရှည်ပေ ၁၀၀၀ အတွက် ကျပ် ၁၂၀ ဒသမ ၆၉၇ သန်း သုံးစွဲပြုပြင်ထားသည်။ 

J-10
The Voice
Share it:

Myanmar

News

Region

Regional

Yangon

Post A Comment: