မောင်တောမြို့နယ်မြောက်ပိုင်း၊ သဲချောင်းအုပ်စု၊ မော်လဝီကျေးရွာသို့ ဘင်္ဂါလီ လက်နက်ကိုင်များ ၀င်ရောက်ကာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့

Share it:
သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသူတစ်ဦးအား တွေ့ရစဉ်

မောင်တောမြို့နယ်မြောက်ပိုင်း၊ သဲချောင်းအုပ်စု၊ မော်လဝီကျေးရွာသို့ ဘင်္ဂါလီ လက်နက်ကိုင်များ ၀င်ရောက်ကာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လူနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်စိန်ထွန်းက “ဖြစ်တာက စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်မှာ မော်လ၀ီကျေးရွာက ဇော်သိန်းဆိုတဲ့ အိမ်ကို ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့က လာဝိုင်းပြီး အိမ်တံခါးကို ဖွင့်ခိုင်းတယ်လို့ ဆိုပါတယ်။ အိမ်တံခါးကို ဖွင့်မရတော့ရတဲ့အပေါက်ကနေ သေနတ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုဇော်သိန်းရဲ့ မိခင် ဒေါ်ခါလီနာနဲ့ သင်္ဘောလှကျေးရွာက ငါးဝယ်ဖို့ရောက်နေတဲ့ ကိုညိုသာမှာ သေနတ်ဒဏ်ရာ ရသွားတာ ဖြစ်ပါတယ်။ အဲဒီ မော်လ၀တီရွာမှာ အကြမ်းဖက်ဖြစ်စဉ် မဖြစ်ခင်က အိမ်ခြေ ၁၀၀ ကျော်ရှိခဲ့ပါတယ်။ အခုတော့ အိမ်ခြေ ၆ ဆောင်သာ ကျန်ပါတယ်။ ကျန်နေခဲ့တဲ့သူတွေက အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်သူတွေ ဖြစ်ပါတယ်။ အခု လက်နက်ကိုင်တွေလာပြီး သေနတ်ပစ်ခတ်ခံရတဲ့ အိမ်က ကိုဇော်သိန်းဆိုရင် ပုစွန်ကန်တွေ လုပ်ကိုင်စားသောက်သူ ဖြစ်ပါတယ်။ မော်လ၀ီရွာက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ချောင်းလေးတစ်ချောင်းသာ ခြားပါတယ်။ အကြမ်းဖက်သမားတွေက အလွယ်တကူ ၀င်ထွက်နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ များမကြာခင်ကလည်း အဲဒီရွာကို လက်နက်ကိုင်တွေ ၀င်ရောက်ပြီး ဓါးပြတိုက်တာ ရှိခဲ့ပါတယ်။ အခုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီဘက်မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

စက်တင်ဘာ ၃၀ ရက်နေ့ နံနက် ၁ နာရီခွဲခန့်အချိန်တွင် မော်လဝီကျေးရွာရှိ နေရပ်စွန့်ခွာခြင်းမရှိဘဲ ကျန်နေခဲ့သည့် ဇော်သိန်း (ခ) မူဆာအာလီ (၄၁) နှစ်၏ နေအိမ်အား အကြမ်းသမား ၁၀ ဦးခန့်က ၀ိုင်းပြီး တိုက်ခိုက်လာခြင်းဖြစ်ပြီး နေအိမ်တံခါးအား ထုရိုက်ဖျက်ဆီးကာ လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေါ်ခါလီနာ (၆၆) နှစ်တွင် ဝဲဘက်ပါး၊ ယာဘက်ပါးနှင့် ဝဲမေ့ရိုးတွင် ခဲစထိမှန်ပြီး ဦးညိုသာဆိုသူတွင် နောက်ကျော ခဲစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်က ငါးတွေဝယ်ပြီး လည်ရောင်းတဲ့သူပါ။ အဲဒီနေ့က ကျနော်က မော်လ၀ီကျေးရွာကို ငါးဝယ်သွားတာမှာ နေ၀င်သွားတော့ ကိုဇော်သိန်းက မနက်မိုးလင်းမှ ပြန်သွားတော့ဆိုလို့ ညအိပ်နေတာပါ။ အရင်ကလည်း အဲဒီရွာကိုသွားပြီး ငါးဝယ်ယူနေကျပါ။ အဲဒီနေ့ကညမှာ ဓါးပြအဖွဲ့တွေဝင်လာပြီး တံခါးဖွင့်ပေးဖို့ ပြောတယ်။ ငွေတောင်းတယ်။ ပြီးရင် သေနတ်နဲ့ပစ်ပါတယ်။ ဒါကြောင့် ကျနော့မှာ ကျည်ဆံထိသွားတာပါ” ဟု သေနတ်ဒဏ်ရာ ရရှိခဲ့သူ ဦးညိုသာကပြောသည်။ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း အဆိုပါ မော်လ၀ီကျေးရွာသို့ အကြမ်းဖက်အဖွဲ့များက ၀င်ရောက်ကာ ဦးမောင်လှဖြူဆိုသူ နေအိမ်အပါအ၀င် နေအိမ်နှစ်လုံးအား ၀ိုင်းဝန်း ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ငွေကြေးအပြင် ရွှေနှင့် ပစ္စည်းတစ်ချို့ ယူဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Writer: သားရွှေဦး (ကစ္ဆပ)
October 1, 2018
EMG
Share it:

Bingalee

Crime

MaungTaw

News

Rakhine

Regional

Post A Comment: