ခရစ်ယာန်သာသနာပြု ၁၀၀ ကျော်ကို “၀”တပ်ဖွဲ့ပြန်လွှတ်ပေး၊ နောက်ထပ် ၁၀၀ ခန့် ဆက်လက်ထိန်းသိမ်းထား

Share it:


အနာဂတ်တွင် “၀”ဒေသအတွင်း ခရစ်ယာန်သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လိုပါက UWSA စီမံခန့်ခွဲသည့် သာသနာဘောင်အတွင်းမှသာ လုပ်ဆောင်ရမည်။

ပုံစာ -လူမှုကွန်ရက်တွင် ပျံ့ နှံ့နေသည့် UWSA တပ်သားများက ခရစ်ယာန်ဘုရားကျောင်းများအား ဖျက်ဆီးနေသည့်ရုပ်သံ (ဓာတ်ပုံ - Myanmar Now)

“၀”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) က ၎င်းတို့ထိန်းသိမ်းထားသည့် ခရစ်ယာန်သာသနာပြု ၁၀၀ ကျော်ကို အောက်တိုဘာ ၂ ရက်တွင်ပြန်လွှတ်ပေးလိုက်ပြီး ၁၀၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း “၀”နှင့် လားဟူ ခရစ်ယာန်နှစ်ခြင်းအဖွဲ့ချုပ် တာဝန်ရှိသူများက ပြောဆိုသည်။

 “ပန်ဆန်းဒေသ၊ မိုင်းပေါက်နဲ့ မိုင်းမောခရိုင်တစ်ခုလုံးက လွတ်တယ်။ ကျန်တဲ့ဆရာတွေလည်း မကြာခင် လွတ်လာမှာပါ”ဟု “၀”နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Rev. Dr. အိုက်နပ်ယွန်းကMyanmar Now ကိုပြောသည်။

ခရစ်ယာန်သာသနာပြုများသည် ၀တ်ပြုဆုတောင်းမှုများအား ဘုရားကျောင်းတွင်မပြုလုပ်ဘဲ နေအိမ်များတွင်သာ ပြုလုပ်ပါမည်ဟု ကတိခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ အထွေထွေအတွင်းရေးမှူး Rev.Dr.လာဇရုကဆိုသည်။

ဖမ်းခံထားရသူများအနက်မှ အနည်းဆုံးဓမ္မဆရာ ၇ ဦးသည် အဆိုပါခံဝန်ကိုလက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သောကြောင့် ဆက်လက်ထိန်းသိမ်းခံနေရကြောင်းလည်း ၎င်းကဆိုသည်။

လားဟူအများစုပါဝင်သည့် သာသနာပြုနှင့် ဓမ္မကောလိပ်ကျောင်းသား ၁၀၀ ကျော်သည် ဆက်လက်ထိန်းသိမ်းခံထားရကြောင်းနှင့် ၎င်းတို့လည်း မကြာမီ လွတ်လာမည်ဟုမျှော်လင့်ကြောင်း ၎င်းကဆိုသည်။

“အခြေအနေက အရမ်းကောင်းလာပါပြီ”ဟု လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ အထွေထွေအတွင်းရေးမှူး Rev.Dr.လာဇရုက ရှမ်းပြည်နယ် “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှ ဘာသာရေး အကျပ်အတည်းအကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံအရှေ့ ဘက် မြန်မာ-တရုတ် နယ်စပ် UWSA ထိန်းချုပ်ရာ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ ခရစ်ယာန် သာသနာပြုများသည် အစွန်းရောက်ဘာသာရေး ဆရာများကြောင့်ဒေသ မတည်မငြိမ်ဖြစ်မည်ကို ကာကွယ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် စက်တင်ဘာ ဒုတိယသတင်းပတ်ကတည်းက ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရမ်းက သာသနာပြုများသည် “၀”အစိုးရ၏ဥပဒေကို ကျော်လွန်လုပ်ကိုင်သောကြောင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

“တချို့ကတော့ အစွန်းရောက်တဲ့လုပ်ရပ်တွေကြောင့် ဥပဒေဘောင်ကိုကျော်လွန်ပြီးမှ လုပ်တာကြောင့်ဖြစ်တယ်။ အဲ့ဒါကို ဆက်လက်ပြီးမှတဆင့် လုပ်သင့်လုပ်ထိုက်တာ၊ ဥပဒေအရ ဘယ်လိုအရေးယူမလဲ စသဖြင့်လုပ်ဆောင်သွားမယ်”ဟု ၎င်းက Myanmar Now ကို တယ်လီဖုန်းဖြင့် ပြောကြားသည်။

ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် လားဟူနှစ်ခြင်းအဖွဲ့ချုပ် (ရှမ်း/ ရှေ့ ) ၏အဆိုအရ “၀”အထူးဒေသတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၅၂) ကျောင်းကို ချိတ်ပိတ်ခဲ့ပြီး (၃) ကျောင်းကိုဖြိုချခဲ့ကြောင်း၊ ဓမ္မအမှုတော်ဆောင် (၉၂) ပါးကိုဖမ်းဆီးခဲ့ပြီး ကျမ်းစာကျောင်းသားများအားလည်း စစ်မှုထမ်းစေခဲ့သည်ဟုဆိုသည်။

လားဟူအဖွဲ့၏ စွပ်စွဲချက်ကို အတည်မပြုနိုင်ကြောင်း၊ သို့သော် “၀”ဒေသတွင် တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေရှိကြောင်း UWSA ပြောခွင့်ရအရာရှိကဆိုသည်။

ဘုရားကျောင်းများ ဖျက်ဆီးခဲ့ခြင်းမှာ တရားမ၀င် ဆောက်လုပ်ထားသည့် အဆောက်အအုံများအား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ “၀”ပြည်မှာ စည်းကမ်းရှိပြီး စနစ်ရှိတဲ့ မည်သည့်ကိုးကွယ်မှုကိုမဆို လွတ်လပ်စွာ ခွင့်ပြုထားတယ်ဆိုတဲ့ ဥပဒေရှိပါတယ်”ဟု ဦးညီရမ်းကဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၂) ဟု တပ်မတော်အစိုးရကသတ်မှတ်ခဲ့သည့် ပန်ခန်း(ပန်ဆန်း) အခြေစိုက် UWSA သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး အစိုးရမဟုတ်သည့် လက်နှက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အနည်းဆုံးစစ်သည်အင်အား ၃၀၀၀၀ မှ ၄၀၀၀၀ အထိရှိနိုင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း ရေးသားပြုစုထားသည့် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) က ခန့်မှန်းထားသည်။

လွမ်းဒေါင်/Myanmar Now
Share it:

News

Political

Post A Comment: