“တစ်စိတ်ဝမ်းတစ်လက်ညီ’’

Share it:

By: သန့်စင်မောင်

ရထားဝန်ထမ်းလုပ်ခဲ့သည်မှာ (၃၁) နှစ် ကျော်ခဲ့ပါသည်။ ကျွန်တော့်ကို ရထားက ကျွေးခဲ့သည်။ အတွေ့အကြုံတွေ ပညာတွေသင်ပေးခဲ့သည်ဟုဆိုရပါမည်။ ယခုတော့ ရထားကို တတ်နိုင်စွမ်းသမျှ ကျေးဇူးဆပ်ရပေတော့မည်။ အလုပ်အကျွေးပြုရပေတော့ မည်။ အစကတည်းက ရာထူး၊ စည်းစိမ်နဲ့ လုပ်ပိုင်ခွင့်တွေကို မျှော်လင့်ပီးဆောင်ရွက်ခဲ့ သည်မဟုတ်ဘဲ၊ တစ်စုံတစ်ရာတိုးတက်လာအောင် အရွေ့တစ်ခုဖြစ်လာအောင် ရည် မှန်းခဲ့ပါသည်။ 

ဤစာသည် ဝတ္ထုမဟုတ်၊ ဆောင်းပါးလည်းမဟုတ်၊ တာဝန်ကြီးကြီးကို ယူထားသော ဝန်ကြီး၏ စဉ်းစားတွေးခေါ်ခြင်း၊ အထင်အမြင်၊ အကြံအစည်များသာ ဖြစ် ရာ မိမိ၏ ညီ၊ ညီမ၊ သားသမီးများသဖွယ်ဖြစ်သော ဝန်ထမ်းများအနေဖြင့် မိမိကိုနား လည်နိုင်ကြမည်၊ တစ်စုံတစ်ရာတွေးနိုင်မည်၊ စဉ်းစားစရာရမည်ဆိုလျှင် ကောင်းမည်ဟု တွေးကာ ရေးသားလိုက်ပါသည်။

ဝန်ကြီးတာဝန် ကျမ်းကျိန်သည့်ညက အိပ်မပျော်၊ သင်္ချာသမားဆိုတော့ ဂျီသြ မေတြီမှာ စဉ်းစားနေကျအတိုင်း ပေးထားချက်များကို စဉ်းစားကြည့်သည်။ ပေးထား ချက်ကတော့ အခြေအနေသိပ်မကောင်းပါ။ ADB ၏ ဆန်းစစ်လေ့လာချက်စာတမ်းမှာ ရထားလမ်းကွန်ရက်တစ်ခုလုံးလိုလိုကို အမြန်ဆုံးပြင်ဆင်တည်ဆောက်ဖို့လိုသည်။ ခရီး သည်ဈေးကွက်ဆုံးရှုံးနေသည်။ ကုန်စည်ပို့ဆောင်ရေးတွင် ရထား၏ဝေစုမှာ (၃) ရာ ခိုင်နှုန်းသာကျန်တော့သည်။ မပြုပြင်လျှင် ရထားနှင့်ကုန်တင်ပို့သူရှိတော့မည်မဟုတ် ဟုဆိုသည်။ မြန်မာ့မီးရထားအဖွဲ့အစည်းကို ကော်ပိုရေးရှင်းဆန်ဆန် ဖွဲ့စည်းရမည်ဟု ဆိုပြန်သည်။

ဆောင်ရွက်လက်စစီမံကိန်းတွေကို ကြည့်ပြန်တော့ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့် စီမံကိန်းဆောင်ရွက်ရန် ယခင်လွှတ်တော်ကအတည်ပြုပြီးပြီ၊ ဝင်ရိုးဝန်ချိန် တန် (၂၀) ၊ ကီလိုမီတာ (၁ဝဝ) အမြန်နှုန်း၊ မီးရောင်စုံအချက်ပြစနစ်၊ ခေတ်မီသော သွားလာရေးစနစ်၊ ဒီဇယ်လျှပ်စစ်တွဲဆိုင်း၊ (DEMU) များ သုံးမည်ဟုဆိုသည်။ ဤစီမံ ကိန်းသည် (၁၉၉၇)ခုနှစ်က မဆောင်ရွက်ဖြစ်ခဲ့သော စီမံကိန်းဟုသတိရမိသည်။ နှစ်ပေါင်း (၂ဝ) မျှ နောက်ကျနေခဲ့သည်။ လုပ်မည်ဆိုလျှင် Standard Guage တပါ တည်း ပြောင်းမည်လား၊ လက်ရှိလမ်းကိုမသုံးဘဲလည်းမဖြစ်နိုင်ရာ၊ လမ်းအသစ်ဖောက် မှာလား။ မိမိစိတ်ကူးယဉ်ခဲ့သလို High Speed Railway မြန်နှုန်းမြင့်ရထားကို လုပ်ပစ် မည်လား။ ရထားလမ်းက နှစ်လမ်းလိုလို့လား။ အမျိုးမျိုးစဉ်းစားပါသည်။ 

မိမိတို့နိုင်ငံ၏ လူတစ်ဦးချင်း တစ်နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာ (၁ဝဝဝ)ကျော်မျှဖြင့် ကီလိုမီတာ (၂၅ဝ) ကျော်မည့် မြန်နှုန်းမြင့်ရထားကို မစဉ်းစားသင့်ဘဲ၊ တိုင်းပြည်အခြေအနေကောင်းပြီး တစ်ဦးချင်းဝင်ငွေ GDP per Capital Income အမေရိကန်ဒေါ်လာ (၃ဝဝဝ) ကျော်မှ စဉ်းစားသင့်ကြောင်း၊ ပညာရှင်များအဆိုပြုချက်ကိုလည်း စဉ်းစားမိသည်။ ဘာပဲဖြစ်ဖြစ် နှစ်နိုင်ငံသဘောတူထားသည့် စီမံကိန်းကို မြန်မြန်ပြီးအောင်လုပ်နိုင်ရင် ကောင်းမည် ဟု စဉ်းစားလိုက်ပါသည်။

ရန်ကုန်မြို့ပတ်မှာလက်ရှိသုံးနေသော တွဲဆိုင်းအချို့သည် ၁၉၆ဝ ခုနှစ်၊ ဂျာမနီ က တွဲဆိုင်းများဖြစ်ပြီး၊ အချို့မှာဂျပန်က နှစ် (၂ဝ) အထက်သုံးပြီးသား Rail Bus Engine (RBE) တွဲဆိုင်းများဖြစ်သည်။ အချက်ပြစနစ်မှာ လွန်ခဲ့သောနှစ် (၂ဝ)ကျော်က စတင်အသုံးပြုခဲ့သည့် အလိုအလျောက်အချက်ပြစနစ်၊ အီလက်ထရောနစ်ပစ္စည်းများက နှစ် (၂ဝ)ကျော်ရင် သိပ်မသေချာတော့၊ လဲသင့်ပြီ။ ပုရွက်ဆိတ်ကုန်း-မင်္ဂလာဒုံအပိုင်းက ၁၉၈၉ ခုနှစ်က ဖောက်ခဲ့သောလမ်းဖြစ်ပေမယ့် မြေသားကယခုအထိမငြိမ်၊ အငှားမြေ ထည့်မှ လမ်းငြိမ်သည်။ တံတားများ၊ လမ်းများ၊ ရေမြောင်းများအားလုံးပြန်ပြင်ရမည်။ ရန်ကုန်မြို့ပတ် အဆင့်မြှင့်တင်ရေးစီမံကိန်းဟုပြောကြသည်။

 ကျွန်တော်ကတော့ အိုမင်းနေသည်ကိုအစားထိုးပြုပြင်သော ပြန်လည်ထူထောင်ရေးစီမံကိန်းသာ ဖြစ်သည် ဟုပြောချင်သည်။ တွဲဆိုင်းများ အသစ်အစားထိုးမည်။ အချက်ပြစနစ်အသစ်ပြုလုပ်မည်၊ လမ်းတံတားများ ကြံ့ခိုင်အောင်လုပ်မည်၊ ဘူတာပလက်ဖောင်းများ လိုက်ရောညီထွေ ရှိစေရမည်။ အချို့ဘူတာများကို ကား၊ရထားချိတ်ဆက်သော Interchange Station အဖြစ်ဆောက်မည်။ ရှိသမျှအားလုံးလုပ်လျှင် ဒေါ်လာသန်း (၆၆ဝ) ခန့် ကုန်မည်ဟု ဆိုသည်။ တွဲဆိုင်းနှင့် အချက်ပြစနစ်သာဖြစ်၍ (၂ဝ၇) သန်းသာချေးရတော့မည်။ သူများနိုင်ငံက ချေးငွေနည်းနိုင်သမျှ နည်းချင်သည်။

ADB ပြောသော မြန်မာ့မီးရထားကို ကော်ပိုရေးရှင်းဖွဲ့စည်းဖို့မှာ စောနေသေး သည်ဟုထင်ပါသည်။ အလွန်ကျဆင်းနေသောအခြေအနေကို အတန်အသင့်မြှင့်တင် ပြီးမှ အဓိကအရေးပါသော ရထားဈေးကွက်၏ ၈ဝ% ဖြစ်သော ရန်ကုန်-မန္တလေး၊ မန္တ လေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းတို့ကို မော်တော်ကားနှင့် ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပြီးမှ၊ ဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှုဆိုသည်ကို နားလည်ကျင့်သုံးနိုင်ကြမှ၊ ဖွဲ့စည်းပြုပြင်ဖို့ စဉ်းစားသင့်သည်ဟု ယုံကြည်ပါသည်။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် ဒုက္ခပေးနေသော၊ ပုံမှန်ဝန်ချိန်ထက် တန် (၂ဝဝ) လျှော့ချတွဲဖြုတ်နေရသော ဘုံချောင်း-နန်းခမ်း လမ်းပိုင်းကို ကိုရီးယားအင်ဂျင်နီ ယာအဖွဲ့က လမ်းအူကြောင်းသစ်ရှာဖွေပြုပြင် တည်ဆောက်မည့်အစီအစဉ်ကို Fea- sibility Study Report တင်ရာ ကျွန်တော်ပြင်ဆင်မိသည်။ Tunnel တစ်ခုဖောက်ရ မည်။ မဲဇာတံတားအသစ်ဖောက်ရမည်ကို သဘောတူပါသည်။ သို့သော် ဝင်ရိုးဝန်ချိန် တန် (၂ဝ)၊ အမြန်နှုန်းကီလို (၁ဝဝ) က ရည်မှန်းချက်ကြီးလွန်းနေသည်။ ကွန်ဖားအသစ် လဲရမည်။ သံလမ်းအသစ်ဝယ်ရမည်။ ချေးငွေဒေါ်လာသန်း (၁ဝဝ)ကျော်ပြီး၊ သန်း (၂ဝ) ကို တိုင်းပြည်က စိုက်ထုတ်ရမည်။ အရေးကြီးသည်မှာ မော်ဟန်-ကာဒူလမ်းပိုင်း၏ ပြဿနာကကျန်နေသည်။ ထိုလမ်းပိုင်း၏ အစွန်နှစ်ဖက်လုံးမှာ သဲလမ်းဖြင့်ဆင်းနေရ သည်။ တစ်နာရီခန့်မောင်းနေရသည်။ အဲ့ဒါကို မဖြေရှင်းနိုင်လျှင် ဘာမျှမထူး၊ တန် (၂ဝဝ) ဝန်ချိန်လျှော့နေရမည်။

သို့ဖြစ်၍ ကျွန်တော်ကပြင်ချင်သည်။ ဝင်ရိုးဝန်ချိန် (၁၇) တန်၊ အမြန်နှုန်းကီလို ၈ဝ (မိုင် ၅ဝ)၊ ဤသို့ဆိုလျှင် လက်ရှိကွန်ဖား၊ သံလမ်းကရှိပြီးသား ကိုရီးယားသံလမ်း သစ်၊ ထပ်ဝယ်စရာမလိုတော့။ မော်ဟန်-ကာဒူကိုတော့ ပြုပြင်ပေးရမည်။ Tunnel မှာ ဒွေးလမ်းအတွက် စဉ်းစားပေးပါပြောတော့ မရပါတဲ့။ တံတားကိုလည်း ဒွေးလမ်းမရပါ တဲ့။ မိမိက နောင်အနှစ် (၂ဝ)၊ (၃ဝ) အတွက် စဉ်းစားနေခြင်းဖြစ်ပါသည်။ 

သို့ဆိုလျှင် ဂျိုးထောင်-နန်းခမ်း-ဘုံချောင်း-မဲဇာ၊ မော်ဟန်-ကာဒူလမ်းများ ကောင်းသွားမည်။ ထို လမ်းတို့ကို ကောင်းကောင်းမောင်းနိုင်လျှင် (၂) နာရီကျော်သက်သာမည်။ ဘူတာ (၄) ခု အသစ်ရမည်။ ကောလင်းဘူတာကို မွမ်းမံပြုပြင်ပေးမည်။ ညှိနှိုင်းပြောဆိုရသည်က တော့ လက်ဝင်လှပါသည်။ မန္တလေး-မြစ်ကြီးနားခရီးမိုင် (၃၄ဝ) ထဲက ကျန်ရှိသည့် လမ်းတွေကိုတော့ နည်းပါးလှသည့် ဘတ်ဂျက်ထဲက တဖြည်းဖြည်းချင်း မြှင့်တင်ယူရပါ မည်။ ခက်ခကနေ ရွှေဘိုအထိတော့ (၉) ချောင်းဆက် သံလမ်းခင်း၊ ကျောက်ဖြည့် ပက် ကင်ရိုက်ပြီးပါပြီ။ ဒီနှစ်ထဲမှာတော့ မဲဇာ-နန်စီအောင် (၉) ချောင်း ဆက်နိုင်မည်ထင်ပါ သည်။

ရန်ကုန်-မော်လမြိုင်လမ်းမှာ မနှစ်က ပဲခူး-တောင်စွန်းပြီးသည်။ ဒီနှစ် တောင်စွန်း- သထုံ။ ၂ဝ၁၇-၂ဝ၁၈ ဖြည့်စွက်ရန်ပုံငွေ (RE) မှာ သထုံ-မော်လမြိုင်အတွက် တောင်း ထားသည်။ ရန်ကုန်-မော်လမြိုင် ရထားလမ်းကို မိုင် (၄ဝ)နှုန်းမောင်းနိုင်လျှင် (၆) နာရီ ခွဲခန့်နဲ့ ရောက်နိုင်မည်။ အရင်က ရန်ကုန်-မုတ္တမကို ဒီအချိန်နှင့်ခုတ်မောင်းခဲ့ကြပါသည်။ ယခုမှ မူလအခြေအနေကို ပြန်ရောက်မည်ဖြစ်သည်။

ရန်ကုန်-ပြည်ကလည်း အရေးပါပါသည်။ ရန်ကုန်-ပြည်-တောင်တွင်းကြီး-ပုဂံ လမ်းသည် ခရီးသွားလုပ်ငန်း (Tourism) အတွက် အရေးပါလာမည်။ ရန်ကုန်-ပြည်အ တွက် မိမိဘတ်ဂျက်နှင့်လုပ်ဖို့ စဉ်းစားခဲ့သော်လည်း ဘတ်ဂျက်ရရှိမှုကမလွယ်လှ ကြောင်း၊ ညည်းမိသဖြင့် ADB က ကူညီဖို့ကမ်းလှမ်းလာပါသည်။ ADB ၏ မီးရထားအ ကြံပေးပညာရှင်တစ်ဦးဖြစ်သော Mr.Dick Bullock ၏ မိတ်ဆွေအပေါင်းအသင်း သြ စတြေးလျနိုင်ငံသား အင်ဂျင်နီယာများဖြစ်သည့် Mr.Martin Baggott တို့၊ Mr.Jozef Dudyk တို့က ရထားသံလမ်းနဲ့ တံတားတွေကို ကျွမ်းကျင်တဲ့သူတွေဖြစ်ကြပြီး ကွင်း ဆင်းလေ့လာပေးကြသည်။ စိတ်ရောကိုယ်ပါကူညီကြပါသည်။ 

၂ဝ၁၉ ခုနှစ်ထဲမှာမှ ချေး ငွေပေးမှာဖြစ်သော်လည်း ၂ဝ၁၈-၂ဝ၁၉ ခုနှစ်ကတည်းက မြန်မာငွေ (ဘတ်ဂျက်) နှင့် လမ်းခင်းကျောက်စုဆောင်းဝယ်ယူ၊ ကွန်ကရစ်တံတားအသေးတွေလောင်း၊ တံတား ငယ်တွေပြင် စတင်ဆောင်ရွက်နှင့်ရပါမည်။ ကီလိုမီတာ (၈ဝ) နှုန်း၊ ဝင်ရိုးဝန်ချိန် (၁၇) တန်ဖြစ်ပြီး၊ တံတားတွေချဲ့ရပါမည်။ ၂ဝ၂ဝ-၂ဝ၂၁ အပြီးဟု ရည်ညွှန်းခဲ့ကြပါသည်။

ကျွန်တော့်အတွက် မဖြစ်မနေလုပ်ရမည့်အလုပ်မှာတော့ သံလမ်းပြုပြင်ထိန်းသိမ်း ရေးကို လူချည်းသက်သက်ဖြင့်မလုပ်တော့ဘဲ Semi-mechanized System ဖြစ်သည့် စက်ထိန်းဂိုဏ်းများနှင့် ပြုပြင်ရန်ဖြစ်ပါသည်။ အဖွဲ့တစ်ဖွဲ့မှာ Hand Tie tamper နှစ်စုံ၊ Track Jack (၄) ခု၊ မီးစက် (၁)လုံး၊ RGC (၁)စီး၊ လမ်းဗိုလ်လတ်၊ လမ်းဗိုလ်လေး၊ RGC ယာဉ်မောင်းနှင့် အလုပ်သမား (၉)ဦးဖြင့် ဖွဲ့စည်းဖို့စဉ်းစားထားပါသည်။ အဓိကလမ်း မကြီးလေးခုကို Fully Mechanized System နှင့် ပြုပြင်ထိန်းသိမ်းပြီး၊ ကျန်လမ်းပိုင်း အားလုံးကို ထိုစက်ထိန်းများနှင့်ပြုပြင်လျှင် တဖြည်းဖြည်းအဆင့်မီသော လမ်းများဖြစ် လာပါမည်။

ဒုတိယအလုပ်ချင်ဆုံးအလုပ်မှာ ရထားသွားလာရေးစနစ်နှင့် အချက်ပြစနစ် ပြောင်းလဲရေးဖြစ်ပါသည်။ လက်ရှိအခြေအနေမှာ ရှေးရှေးကသုံးခဲ့သော စက္ကူလမ်းရှင်း စနစ် (Paper Line Clear System) နှင့် အလံရွက်အချက်ပြစနစ်များ (Semaphore Signals) နေရာတွင် ပိုမိုစိတ်ချရသော တစ်ဝက်တစ်ပျက် အလိုအလျောက်စနစ် (Semi-Automatic Block System)နှင့် မီးရောင်စုံအချက်ပြစနစ်များ (Colored Light Signals) ဖြစ်ချင်သည်။ ဆက်သွယ်ရေးကလည်း Optical Fibre Cable ဖြစ်ရမည်။ သို့ မှသာ နောင်တွင် Ticketing System နှင့် Booking System တွေ အဆင့်မြှင့်နိုင်မည်။

လမ်းပိုင်းများ ပြုပြင်မွမ်းမံရုံမျှဖြင့် မပြီးသေးပါ။ စက်ခေါင်းတွဲများ ကောင်းဖို့လို ပါသေးသည်။ စက်ခေါင်းအခြေအနေက လောလောဆယ်သိပ်မလိုသေး။ အိန္ဒိယ ချေးငွေဖြင့်ရစရာ၊ တရုတ်စက်ခေါင်းရုံက အသစ်ထုတ်လုပ်စရာနှင့်ဆိုလျှင် ပူစရာသိပ် မရှိသေးဟု တင်ပြကြပါသည်။ တွဲမှာတော့ မြစ်ငယ်မှာအသစ်တည်ဆောက်မည့် (၂၁) တွဲ၊ တရုတ်မှထပ်မံရရှိရန် (၂၈) တွဲ၊ ကိုရီးယားချေးငွေတွဲ (၁ဝဝ)ဖြစ်၍ အတိုင်းအတာ တစ်ရပ်အထိ လုံလောက်နိုင်ပါသည်။

“ဝန်ကြီးခင်ဗျား-လမ်း၊ တံတား၊ စက်ခေါင်းတွဲများ ကောင်းမွန်လာလျှင် မြန်မာ့ မီးရထားကြီးတိုးတက်လာမည်ဟု ထင်ပါသလား၊ မတိုးတက်နိုင်ပါခင်ဗျား၊ ဝန်ထမ်း များအနေဖြင့် ခရီးသည်နှင့်ကုန်ပို့သူများကို ဝန်ဆောင်မှုကောင်းကောင်းပေးလိုသော စိတ်၊ ခရီးသည်တို့အပေါ် စေတနာအရင်းခံဖြင့် စောင့်ရှောက်ကူညီလိုသောစိတ်၊ အ ကျိုးစောင်လိုသောစိတ်တို့ မွေးမြူနိုင်မှသာ မြန်မာ့မီးရထားတိုးတက်လာပါမည်” ဟု ဂျပန်မိတ်ဆွေကြီး Mr.Higashi (Railway Expert) က သတိပေးသည်ကို ကျေးဇူးတင် လှပါသည်။ တကယ်လည်း မှန်ကန်ပါသည်။ ရထားသည်ပြည်သူလူထုကို လိုရာခရီး သို့ပို့ပေးသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။ သက်တောင့်သက်သာရှိဖို့၊ စိတ်ချမ်း သာဖို့၊ လုံခြုံစိတ်ချရဖို့၊ မြန်မြန်ရောက်ဖို့ အရေးကြီးပါသည်။

အရင်ကလူထုက ရထားကို အားကိုးကြရသည်။ လက်မှတ်ရဖို့ခက်၊ ကုန်တင်ဖို့ ခက်။ အခုတော့ ခက်တဲ့ရထားကို အားမကိုးကြတော့ပြီ။ သို့ဖြစ်၍ ရထားဝန်ထမ်းများက စိတ်ဓာတ်ပြောင်းကြရတော့မည်။ ရထားသည် ခရီးသည်များအတွက် ပြေးဆွဲခြင်းဖြစ် သည်။ ခရီးသည်တွေ စိတ်ကျေနပ်ဖို့ ကြိုးစားကြရမည်။ စိတ်ကျေနပ်လောက်သော မြန် ဆန်မှု၊ လုံခြုံစိတ်ချရမှု၊ သက်တောင့်သက်သာရှိမှု၊ စိတ်ချမ်းသာမှုရှိစေရမည်။ ထိုသို့ ဖြစ်နိုင်သော စက်ခေါင်းတွဲ ထိုင်ခုံ၊ သန့်ရှင်းသပ်ရပ်မှု၊ ဘူတာရုံ၊ စင်္ကြန်၊ အိမ်သာ၊ ရေ၊ မီး တည်ဆောက်ကြရမည်။ စက်မှုက ကိုယ်လုပ်ချင်တာလုပ်၊ မြို့ပြက ကိုယ်လုပ်ချင် တာလုပ်၊ သွားလာ၊ စီးပွားကလည်းဖြစ်ချင်သလိုဖြစ် လုပ်၍မရပါ။

ပြည်သူလူထုအတွက် ပြေးဆွဲသောရထား၊ ခရီးသည်တွေ ချစ်ခင်အားကိုးသော စီးချင်သဖွယ်ရထား ဖြစ်ပေါ်လာရေးဟူသည့် တစ်ခုတည်းသောဦးတည်ချက်။ ထိုဦး တည်ချက်ကို တစ်ဦးကောင်းတစ်ယောက်ကောင်း၊ တစ်ဌာနကောင်းဖြင့် အကောင်အ ထည်ဖော်၍မရပါ။ “တစ်စိတ်တစ်ဝမ်းတစ်လက်ညီ ပြည်ရေးကိုပြိုင်တူချီ” ကြရမည်။

“ဝန်ထမ်းအရေးကိုမကြည့်တော့ဘူလားဆရာရယ်” ဟူ၍ မေးမြန်းလာသော တပည့်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရပါသည်။ မိုးမလုံသော ဝန်ထမ်းအိမ်ယာ၊ အိပ် ခန်းမှရှိ၍ ဘူတာမှာအဖီချနေရသော ဝန်ထမ်း၊ နေစရာမရှိသော ပင်စင်စားများ၊ တွေး မိတိုင်း မချိတင်ကဲခံစားရပါသည်။ ရှိပြီးသော ဝန်ထမ်းအိမ်ယာများကို မိုးလုံလေလုံ အောင်၊ လုံခြုံစိတ်ချရအောင်၊ ဘူတာရုံ၊ စက်ရုံ၊ အလုပ်ရုံများ မွမ်းမံထိန်းသိမ်းနိုင်အောင် လုပ်နိုင်သမျှလုပ်မည်ဟု ရည်မှန်းထားပါသည်။ အားလုံးချွတ်ခြုံကြနေသည်ကို တစ် ရက်တစ်မနက်တည်း မဖြေရှင်းနိုင်သည်ကို နားလည်နိုင်ကြပါစေဟုသာ ဆုတောင်းရ ပါသည်။

ဒီမိုကရေစီခရီးသည် ရှည်လျားလှပါသည်။ မာရသွန်ခရီးရှည်အတွက် စိတ်အား သတ္တိလိုအပ်ပါသည်။ လုံ့လဝီရိယ၊ ဉာဏ်အမြော်အမြင်၊ နှလုံးရည်လိုအပ်ပါသည်။ အစစအရာရာ အောက်ကျနောက်ကျနိုင်လှသော တိုင်းပြည်ကို ပြန်လည်ထူထောင် နေခြင်းဖြစ်သည်။ စနစ်ပြောင်း၊ ခေတ်ပြောင်း၊ စိတ်ဓာတ်ပြောင်းဖို့ ပြည်သူလူထုနှင့်အ တူ ဝန်ထမ်းများနှင့်အတူ ကျွန်တော်လည်းရုန်းပါမည်။

Credit : Transcom News Journal
Share it:

Article

Knowledge

Myanmar

Opinion

Political

Train

Post A Comment: