ဒုက္ခပေးနေတဲ့ မြန်မာ့ငွေကြေး အကြပ်အတည်း

Share it:

လယ်ရီဂျေဂင် (ဘန်ကောက်ပို့စ်)

အစိုးရရဲ့လုပ်ဆောင်ချက်ကြောင့် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ မြန်မာကျပ်ငွေဖောင်းပွမှုအကြပ်အတည်းက ပြေလည်သွားခဲ့ပုံရပါတယ်။ ပြည်တွင်းသုံး ကျပ်ငွေဟာ ပြီးခဲ့တဲ့ ၃လအတွင်းက အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် ၂ဝ%လောက် တန်ဖိုးထိုးကျသွားခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ပထမပတ်အတွင်းမှာပဲ တစ်ဒေါ်လာ ၁၆၅ဝကျော်သွားတဲ့ ကျပ်ငွေဟာ ပြန်လည်နလန်ထူလာခဲ့ပြီး တရားဝင်ပေါက်ဈေး တစ်ဒေါ်လာ ၁၅၄ဝဆီ ပြန်ကျဆင်းလာခဲ့ပါတယ်။

အာဂျင်တီးနာပီဆိုးငွေကြေးအကြပ်အတည်းမျိုး မြန်မာကျပ်ငွေဖြစ်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေဟာ ဒေသတွင်းဈေးကွက်မှာ အခုတော့ ပြေလျော့သွားခဲ့ပါတယ်။ စီးပွားရေးအခြေခံဆိုင်ရာတွေကို တကယ်ဖြေရှင်းတာမဟုတ်ဘူးဆိုရင်တော့ အခုလတ်တလော ယာယီပြေလည်သွားတဲ့ အကြပ်အတည်းဟာ လာမယ့်လာအနည်းငယ်အတွင်းမှာ တကျော့ပြန်ပေါ်လာနိုင်တယ်လို့ အကဲခတ်တွေက ယူဆနေပါတယ်။
မြန်မာကျပ်ငွေဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း မုန်တိုင်းထန်ခဲ့ပြီး ငွေဖောင်းပွမှုကို ရှောင်လွှဲလို့မရဘဲ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးတန်ဖိုး မာလာချိန်မှာတော့ ကုန်သွယ်ရေးလိုငွေပြနေတဲ့ မြန်မာပြည်အတွက်တော့ ပို့ကုန်ကရတဲ့ဝင်ငွေ ကျဆင်းခဲ့သလို ငွေဖောင်းပွမှုကလည်း ပြည်တွင်းကျပ်ငွေ တန်ဖိုးထိုးကျတဲ့အဖြစ်ကို ရောက်စေခဲ့ပါတယ်။

"တရုတ်နဲ့အမေရိကန်ကြားက ကုန်သွယ်ရေးစစ်ပွဲနဲ့ မြန်မာပြည်အပေါ် ကျရောက်လာဖို့ရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းငွေကြေးဈေးကွက်မှာ မသေချာမရေရာမှုတွေဖြစ်စေခဲ့ပါတယ်"လို့ ဆိုလာသူက စီးပွားရေးအတိုင်ပင်ခံနဲ့ ဈေးကွက် အကြံပေးကုမ္ပဏီက ဗီဂျေး ဒါရယ်လ်ပါ။

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေနဲ့ ပြည်တွင်း ငွေကုန်သည်တွေပေါင်းပြီး ငွေကစားမှုဟာ မြန်မာပြည်ရဲ့ လက်ရှိသွားနေတဲ့ပုံသဏ္ဍာန်ပါလို့ မြန်မာဈေးကွက်သုတေသနနဲ့ဖွံ့ဖြိုးရေးကုမ္ပဏီအကြီးအကဲ ဦးမိုးကျော်က ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က အာဏာပိုင်တွေဟာ ပြည်တွင်း ငွေကုန်သည်နဲ့ ရွှေကုန်သည်တော်တော်များများကို ဖမ်းဆီးလိုက်ပြီး သူတို့ဟာ ဒေါ်လာဈေးတက်လာဖို့အတွက် ဈေးကွက်ထဲ မွှေနှောက်နေတာလို့ စွပ်စွဲထားပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာကျပ်ငွေတန်ဖိုးပြန်တက်လာစေတဲ့ကိစ္စကို ဖြစ်စေခဲ့ပါတယ်လို့ ဗီဂျေးက ဆိုပါတယ်။ အစိုးရအနေနဲ့ စီးပွားရေးတက်အောင် ကုတ်နဲ့ကော်မတင်ဘူးဆိုရင် (အထူးသဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ) ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဘူးဆိုရင်တော့ အခုလုပ်တာက ခဏတာပဲ ခံမယ်လို့ ဆိုပါတယ်။

"ကျပ်ငွေက ပုံမမှန်ဘဲ အလွန်အကျွံရောင်းချမှုတွေ ရှိခဲ့တယ်။ ပြီခဲ့တဲ့အပတ်က ဒီလုပ်ရပ်ကို ပြန်တည့်မတ်နိုင်တာကြောင့် အခြေအနေပြန်အေးသွားပါတယ်"လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်က ဆိုပါတယ်။ ကျပ်ငွေဟာ တစ်ဒေါ်လာ ၁၅ဝဝမှာပဲ တည်ငြိမ်မှုရှိနေသင့်တယ်လို့သူကဆိုပြီး ဒေသတွင်းက အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ဆီက ငွေကြေးအခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။

"မြန်မာပြည်ကကိစ္စဆိုရင်တော့ စီးပွားရေးက ပေါ်ထွန်းစဆိုတာထက် ရှေ့တန်းရောက်ဈေးကွက်လို့ ပိုပြီးဆိုနိုင်တယ်။ ပြသနာတွေလည်း တောက်လျှောက်ပါနေတာကိုး။ ပြီးတော့ ငွေလဲနှုန်းက တစ်လျှောက်လုံး မတည်မငြိမ်ဖြစ်နေတယ်"လို့ ရှောင်က ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တကယ့်မြေပြင်မှာတော့ သက်ရောက်မှုက အတော်ကလေး တာသွားပါတယ်။ ကျပ်ငွေတန်ဖိုးထိုးစိုက်ကျဆင်းလာခဲ့တာနဲ့ တစ်ချိန်တည်းမှာပဲ ဆန်၊ ငါး၊ အသားနဲ့ ဟင်းသီးဟင်းရွက်အပါအဝင် ကုန်ခြောက်ပစ္စည်းတွေရဲ့ဈေးတွေ တဟုန်ထိုးတက်သွားခဲ့ပါတယ်။ ပြည်ပကနေသွင်းရတဲ့ ဆားတောင်မှ ကျပ်ငွေထိုးကျလို့ ဈေးတက်ခဲ့ပါတယ်။

မိသားစုဝင်ငွေက နေ့စဉ်တက်နေတဲ့ ကုန်ဈေးနှုန်းနောက်ကို အမီမလိုက်နိုင်တော့ဘူးလို့ ရန်ကုန်က တက္ကစီမောင်းတဲ့ ကိုဝင်းလွင်က ဆိုပါတယ်။ ဆန်ဈေးကလည်း တစ်ပြည်ကို ၂ဝဝဝကနေ ၂၅ဝဝထိ တက်သွားသလို ကန်စွန်းရွက်တစ်စည်းကလည်း ကျပ် ၃ဝဝကနေ ၅ဝဝအထိ ခုန်တက်သွားပါတယ်။ ကြက်ဥကလည်း တစ်လုံး ၁၁ဝကနေ ၁၆ဝ၊ နို့ကလည်း ၂ဝဝဝကနေ ၂၂ဝဝ၊ ကြက်သွန်ဈေးကတော့ ၂ဆပါလို့ ဆိုပါတယ်။

အခြေအနေတွေ ပိုဆိုးသွားစေတာကတော့ လောင်စာဆီဈေးက လွန်ခဲ့တဲ့ ၄လကထက် ၂ဝ%မြင့်တက်သွားတာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ကုန်ကျစားရိတ်တွေတက်လာတာမို့ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ တက္ကစီစီးတဲ့သူတွေကလည်း ဈေးတွေကြီးလို့ မငှားတော့တာကြောင့် "ပုံမှန်ဝင်ငွေတောင် မရတော့ဘူး"လို့ ကိုဝင်းလွင်က ပြောပါတယ်။

ရန်ကုန်မြို့ ကူကယ်ရာမဲ့ဖြစ်နေတဲ့ တက္ကစီသမားတွေရဲ့ဒုက္ခတစ်ခုတည်း မဟုတ်ပါဘူး။ ဒီဈေးတွေမြင့်နေတာကြောင့် ကျပ်ငွေဟာ ဗဟိုဘဏ်က မျှခြေလို့သတ်မှတ်ထားတဲ့ တစ်ဒေါ်လာကို ၁၅၄ဝအထိ ကျလာပေမယ့်လည်း ကုန်ဈေးနှုန်းတွေ ကျမလာနိုင်တဲ့ကိစ္စပါ။

တကယ့်ပြသနာအခြေအမြစ်က အကဲခတ်တွေနဲ့ ဘဏ်လုပ်ငန်းလုပ်နေသူတွေအဆိုအရဆိုရင် ကျပ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အပေါ်ယံသာ ဈေးမြင့်နေခဲ့တာမို့ ငွေကြေးတန်ဖိုးထိုးကျမှုဟာ မှန်းထားတာထက်တောင် နောက်ကျပြီးမှ ဖြစ်ခဲ့တာပါ။ "ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၃လကျော်အတွင်း ကျပ်ငွေ ရုတ်ချည်းထိုးကျသွားတာထက် ဖြည်းဖြည်းချင်း ချပေးလိုက်တာကို စီမံနိုင်ခဲ့မယ်ဆိုရင်တော့ အခြေအနေတွေ ပိုကောင်းခဲ့မယ်"လို့ ဗီဂျေးက ဆိုပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ထိုင်း၊ ဗီယက်နမ်နဲ့ ဘရာဇီးကနေ သကြားကိုပြန်လည်တင်ပို့ခွင့်ကို ခွင့်ပြုလုပ်မှုဟာ မီးပွားတစ်စဖြစ်ခဲ့ပါတယ်။ ထိုင်းကဒီဇယ်ကို တရုတ်ဆီပြန်လည်တင်ပို့ခွင့်ပေးတာလည်း ပါဝင်ပါတယ်။ ဗဟိုဘဏ်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်တွေကတော့ စီးပွားကူးသန်းဟာ အမြင်တိုတိုနဲ့ လုပ်ခဲ့တာလို့ ယုံကြည်နေပါတယ်။

ပို့ကုန်ပြည်လည်တင်ပို့တဲ့ကဏ္ဍမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေတော်တော်များများက အမြတ်များများရလိုက်ပေမယ့် ကုန်သွယ်မှုလိုငွေဒဏ်ချက်ကြီးနဲ့ ဘက်ဂျက်မျှခြေမကိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ သွင်းကုန်အတွက် ငွေပေးချေပြီးနောက်မှ အမြတ်ပြန်ရဖို့လုပ်ရတဲ့ကြားမှာ ၃လလောက် ဟနေခဲ့ပါတယ်။ ဝင်ငွေက တရုတ်ယွမ်ငွေနဲ့က အများစုဖြစ်ပြီး ဒေါ်လာနဲ့ ပေးချေလို့မရတာကြောင့် မြန်မာပြည်ရဲ့ နိုင်ငံခြားငွေသိုလှောင်ထားမှုအတွက် အကူအညီမဖြစ်ခဲ့ပါဘူး။

ဒီလို တစ်ဆင့်ခံတင်ပို့မှုကို ခွင့်ပြုတဲ့ဆုံးဖြတ်ချက်ဟာ မိုးတွင်းကြီးနဲ့ တိုက်ဆိုင်နေတာကြောင့် အခြေအနေတွေကို ပိုပြီးဆိုးသွားစေခဲ့သလို ကုန်သွယ်ရေးလိုငွေအပေါ် ဖိအားတွေ အကြီးအကျယ် ရောက်စေခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ သတင်းရပ်ကွက်တွေအရ ဒီဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ သီတင်း ၆ပတ်လောက်က ပြန်လည်ပြင်ဆင်ခဲ့ရာမှာတော့ ငွေလဲနှုန်းတွေဟာ ချက်ချင်းကိုပဲ ပြန်လည်တည်ငြိမ်သွားခဲ့တယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့် ဒါကလည်း ယာယီသဘောမျိုးပဲဖြစ်ပါတယ်။

လက်ရှိငွေကြေးအကြပ်အတည်းဖြစ်ပေါ်နေချိန်မှာ ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ အငြင်းအခုန်တွေလည်း ဖြစ်နေပါတယ်။ ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေက ဗဟိုဘဏ်ဟာ လုပ်သင့်တာတွေ လုံလုံလောက်လောက် မလုပ်ခဲ့ဘူးလို့ ဆင်ခြေကန်ပါတယ်။ "တံခါးဖွင့်ဈေးကွက်စီးပွားရေးသဘောထားက ဒီအခြေအနေတွေကို ကူညီမှုမလုပ်နိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျားဘာများ မျှော်လင့်နိုင်မှာလဲ"လို့ ဦးမိုးကျော်က ဆိုပါတယ်။

ဗဟိုဘဏ်ဟာ ကျပ်ငွေတန်ဖိုး တည်ငြိမ်အောင်တော့ တကယ်လုပ်ခဲ့ပါတယ်။ အဲဒါက သန်းပေါင်းများစွာသော ဒေါ်လာတွေကို ပြည်တွင်းဘဏ်တွေဆီ ရောင်းချပေးတာ၊ ငွေလဲနှုန်းကို ဈေးကွက်နဲ့အညီ လိုက်လျောညီထွေဖြစ်အောင်လုပ်ပေးတာနဲ့ ငွေကြေးဆိုင်ရာ စည်းကမ်းသစ်တွေ စတင်ပေးတာတွေပါ။ ဒါပေမယ့်လည်း ဒီလောက် ကြီးကြီးမားမား လုပ်ခဲ့ပေမယ့် သက်ရောက်မှုမရှိဖြစ်ခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်က ဗဟိုဘဏ်ဟာ မှန်ကန်တဲ့အလုပ်လုပ်ခဲ့တယ်ဆိုတာကို သံသယမရှိပါဘူး။ "မြန်မာပြည်ရဲ့ ငွေလဲနှုန်းအသေကြီးက အနှစ် ၅ဝလောက်ရှိခဲ့တာမို့ တိုင်းပြည်ရဲ့ လက်ရှိစီးပွားရေးပုံသဏ္ဍာန်တွေက မမှန်ဘူးဖြစ်နေခဲ့တာပါ။ အဂတိလိုက်စားမှုနဲ့ တိုင်းပြည်ရဲ့စိတ်ကူးယဉ် အပေါ်ယံအခြေအနေတွေက မောင်းနှင်နေတာတွေရှိတာပါတယ်။ ဒါဟာ နိုင်ငံရဲ့ယှဉ်ပြိုင်နိုင်မှုကို သိသိသာသာကြီး ဘရိတ်ဆွဲညှစ်ထားပါတယ်"လို့ ရှောင်က ဆိုပါတယ်။

ဗဟိုဘဏ်ဟာ ကျပ်ငွေကို ဈေးကွက်နဲ့လိုက်လျောညီထွေအောင် နှုန်းရှင်အဖြစ် မျှောခဲ့ပါတယ်။ ဦးသိန်းစိန်လက်ထက်က ဝန်ကြီးဦးစိုးသိမ်းဟာ ဒီလို နှုန်းရှင်မျှောတာကို ပယ်ချခဲ့ပါတယ်။ "လက်ရှိအစိုးရဟာ ငွေလဲနှုန်းကို အသေဆက်ထားသင့်တယ်"လို့ သူက ငွေကြေးပြသနာတက်နေချိန်မှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် အကဲခတ်တွေအများစုကတော့ ဗဟိုဘဏ်အနေနဲ့ နှုန်းရှင်မျှောချလိုက်ဖို့ကလွဲပြီး အခြားနည်းလမ်းမရှိတော့ဘူးဆိုတာ ယုံကြည်ခဲ့ပါတယ်။ ရေရှည်မှာ ပြည်တွင်းငွေကြေးတန်ဖိုးကို သင့်တော်တဲ့နှုန်းမှာ ထားရှိနိုင်ဖို့အတွက် နှုန်းရှင်ထားခြင်းကသာ အသင့်တော်ဆုံးသော လုပ်ရပ်ဖြစ်တယ်လို့ ယူဆထားပါတယ်။

"အစိုးရတော်တော်များများ လုပ်နိုင်တာ၊ လုပ်သင့်တာတွေက အများကြီးမရှိပါဘူး။ ကျပ်ငွေထိုးကျတဲ့ကိစ္စမှာဆိုရင် အမေရိကန်ဒေါ်လာက ပေါ်ထွန်းစ ဈေးကွက်တွေက ငွေတွေနဲ့ယှဉ်ရင် သိသိသာသာကြီးကို တန်ဖိုးတက်နေတာလေ"လို့ ရှောင်က ဆိုပါတယ်။ "စီးပွားရေးသမားတွေအားလုံး လိုလားတာက ငွေဈေး တည်ငြိမ်မှုပါ"လို့ ဆိုလာသူက စည်သာကော်ဖီရဲ့ စီအီးအို ဦးသူဇော်ပါ။ "ပစ္စည်းအားလုံးနီးပါးက တင်သွင်းနေရတာပါ။ ဖျော်ရည်၊ နို့၊ ဆား၊နဲ့ သွားတိုက်ဆေးကအစပါ။ ငွေဈေးတက်နေတော့ စီးပွားရေးလုပ်ငန်းမှာ အခက်အခဲတွေရှိလာတာကြောင့် နောက်ဆုံး စားသုံးသူဆီမှာ သွားစုပုံတော့တာပါပဲ"လို့ သူက ဆိုပါတယ်။

ဗဟိုဘဏ်လုပ်နိုင်တာကတော့ လက်တွေ့အားဖြင့် နိုင်ငံခြားငွေအရန်ကို ကန့်သတ်တာပဲဖြစ်ပါတယ်။ အခြားဘဏ်တွေက ဒေါ်လာကို ရောင်းခွင့်မပေးဘဲ ပြည်တွင်းကျပ်ငွေ မာလာအောင်သာ သုံးခွင့်ပြုတာမျိုးပါ။ ၃လစာ နိုင်ငံခြားငွေ အရန်ဘဲ အကန့်အသတ်ရှိနေချိန်မှာ ဒီနည်းပဲရှိနိုင်ပါတယ်။

ရေရှည်ကျတဲ့ ဖြေရှင်းမှုမျိုးကတော့ အစိုးရကပဲ တတ်နိုင်တာဖြစ်တယ်လို့ အကဲခတ်တွေရော၊ စီးပွားရေးသမားတွေပါ လက်ခံထားပါတယ်။ ကုန်သွယ်ရေးလိုငွေကို လျှော့ချပြီး ကာလလတ်နဲ့ ကာလရှည်မှာတော့ ပို့ကုန်ကိုမြှင့်ပြီး သွင်းကုန်ကိုအစားထိုးတဲ့နည်းပဲ ရှိပါတယ်။ အဲဒီလို အဓိကဖြေရှင်းမှုကတော့ (ကုန်ကြမ်းကို တင်သွင်းရမယ်ဆိုရင်တောင်) ကုန်ထုတ်လုပ်မှုအခြေခံတွေကို တည်ဆောက်ဖို့ပဲဖြစ်တယ်လို့ ဗီဂျေးက ဆိုပါတယ်။

မြန်မာဟာ လက်ရှိမှာတော့ မလေးရှားနဲ့အင်ဒိုနီးရှားကနေ စားအုန်းဆီ ဒေါ်လာ သန်း၆ဝဝကျော် တင်သွင်းနေရပါတယ်။ ဆမ်ဆောင်းက မြန်မာပြည်မှာ စက်ရုံတည်ပြီးထုတ်ရင်ဖြစ်နိုင်တဲ့အချိန်မှာ ဒေါ်လာ သန်း၅ဝဝဖိုးကလောက်ကတော့ တရုတ်နဲ့ဗီယက်နမ်က ဆိုင်ကယ်တွေကို နှစ်စဉ်တင်သွင်းနေလို့ကုန်ကျတာဖြစ်ပါတယ်။ ၂ဝ၁၂-၁၃တုန်းက ဘိလပ်မြေတင်သွင်းမှု အမြင့်ဆုံးရောက်ခဲ့ပြီးနောက် ထိုင်းက SCG ဘိလပ်မြေစက်ရုံ မြန်မာပြည်မှာလာတည်လိုက်တာကြောင့် အခုတော့ ဘိလပ်မြေသွင်းကုန် ထိုးကျသွားခဲ့တာကို နမူနာပြပါတယ်။

ငွေကြေးအကြပ်အတည်းရုတ်ချည်းဖြစ်ရတာဟာ အားနည်းတဲ့ စီးပွားရေးဆိုင်ရာ အခြေခံတွေကြောင့်လို့ အကဲခတ်တွေ ယုံကြည်နေသလို အစိုးရအတွက်တော့ စီးပွားရေးဆိုင်ရာကိစ္စ သေသေချာချာ ကိုင်တွယ်ဖို့ လှုပ်နှိုးလိုက်သလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။

အစိုးရစီးပွားရေးအကြံပေး ရှောင်တာနယ်ကတော့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်အများစုမှာ မြန်မာပြည်ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ လှုံ့ဆော်မှုတွေက အပြည့်ဖြစ်နေတာပါလို့ ဆိုပါတယ်။

"စီးပွားရေးလုပ်ချင်စိတ်တွေက ကျဆင်းနေပြီး နိုင်ငံရေးအခြေအနေတွေကြောင့် FDI အပေါ်လည်း သက်ရောက်မှုတွေဖြစ်နေပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးရေးစီမံကိန်းကသာ အခြေအနေတွေကို အလှည့်အပြောင်းဖြစ်စေမယ်"လို့ ရှောင်က ပြောပါတယ်။ ။

Kamayut Media
Share it:

Article

Business

Dollar

Kyats

Myanmar

Post A Comment: