ရန်ကုန်တိုင်းအစိုးရရဲ့ ပြည်သူ့ဘဏ္ဍာငွေကျပ် ဘီလီယံချီ နစ်နာနေစေခဲ့တဲ့ ကျောင်းကားအရှုပ်တော်ပုံ နောက်ကွယ်မှာ ဘာတွေ ရှိမလဲ

Share it:


By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်သူပိုင်ငွေကျပ် ၅ ဘီလီယံ၊ ကမ္ဘောဇဘဏ်က ချေးယူထားတဲ့ ငွေကျပ် ၅ ဒသမ ၅ ဘီလီယံ စုစုပေါင်း ငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံ အသုံးပြုဝယ်ယူခဲ့တဲ့ ကျောင်းကားအစီး ၂၀၀ ကိစ္စဟာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ စီမံခန့်ခွဲမှု အားနည်းတာတွေရှိနေတယ်လို့ လွှတ်တော်အမတ်တွေက ဝေဖန်နေပါတယ်။

အဲဒီကျောင်းကားတွေကို ရန်ကုန်တိုင်းအစိုးရရဲ့ ကမ်းလှမ်းမှုနဲ့ ရွှေသံလွင်ကုမ္ပဏီက ဦးဆောင်ပြီး အများပိုင်ကုမ္ပဏီကို လွှဲပြောင်းပေးမယ့် ဖြစ်စဉ် နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ ဆိုပြီး မေးခွန်းထုတ်မှုတွေရှိလာပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရပ်နားထားတဲ့ ကျောင်းကားတွေ ကိစ္စ လွှတ်တ်ေအမတ်တွေက မေးခွန်းမေးမြန်းခဲ့ပြီးတဲ့နောက်မှာ ဒီကျောင်းကားတွေကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သော ကုမ္ပဏီကို ၀ယ်ယူဖို့ ရန်ကုန်တိုင်းအစိုးရက ကမ်းလှမ်းခဲ့တာပါ။ အဲဒီကိစ္စကို ရွှေသံလွင်ကုမ္ပဏီက ဦးဆောင် လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။



၁ နှစ်ကျော်ရပ်ထားတဲ့ ကျောင်းကား ၁၃၅ စီးနဲ့ကယ်တင်ရှင် ရွှေသံလွင် ဦးကျော်ဝင်း

ရန်ကုန်တိုင်းလွှတ်တော်မှာ ရပ်နားထားတဲ့ ကျောင်းကားတွေ ကိစ္စ လွှတ်တော်အမတ်တွေက မေးမြန်းပြီးတဲ့နောက် ရက်ပိုင်းအတွင်း ရွှေသံလွင်ကုမ္ဗဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ဦးစီးပြီး ကျောင်းကား အများပိုင်ကုမ္ပဏီဖွဲ့စည်းရေး အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာလ ၇ ရက်နေ့ တာမွေ ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ရွှေသံလွင်ကုမ္ပဏီအနေနဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ ကမ်းလှမ်းမှုအတိုင်း ကျောင်းကားအစီး ၂၀၀ ထဲက ၁ နှစ်ကျော်ကြာ ရပ်နားထားတဲ့ ကျောင်းကား ၁၃၅ စီးကို ၀ယ်ယူမှာဖြစ်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ဦးကျော်ဝင်းက ပြောဆိုပါတယ်။

လုပ်ငန်းရှင် ၃၀၀ လောက် တက်ရောက်တဲ့ အဲဒီ ကျောင်းကားအများပိုင်ကုမ္ပဏီဖွဲ့စည်းရေး တွေ့ဆုံပွဲမှာ ဦးကျော်ဝင်းက ကျောင်းကားတွေကို အစိုးရက ကုန်ကျတဲ့ဈေးအတိုင်း ၀ယ်ယူသွားမယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအစိုးရ၊ YRTA ခေါ် ရန်ကုန်တိုင်းပြည်သူ့သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့နဲ့လည်း အားလုံးစုပေါင်းပါဝင်တဲ့ အများပိုင်ကုမ္ပဏီဖွဲ့စည်းဆောင်ရွက်ဖို့ သဘောတူညီထားတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ကျောင်းကားစီးရေ ၁၃၅ စီးရပ်နားထားလို့ ဝေဖန်ခံနေရတဲ့ ရန်ကုန်တိုင်းအစိုးရက ဘာကြောင့် ရွှေသံလွင် ဦးကျော်ဝင်းကိုမှ ရွေးပြီး ကားတွေဝယ်ဖို့ မေတ္တာရပ်ခံခဲ့သလိုဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဘာပဲပြောပြော လက်ရှိမှာ ဦးကျော်ဝင်းက ရန်ကုန်တိုင်းအစိုးရရဲ့ အကျပ်အတည်းကို အချိန်မီ ၀င်ရောက် ဖြေရှင်းမယ့် ကယ်တင်ရှင်ဆိုရင် မမှားနိုင်ပါဘူး။



ရွှေလက်ကုမ္ပဏီဘယ်ရောက်သွားလဲ

မူလက ကျောင်းကားစီးရေ ၂၀၀ စတင်ဝယ်ချိန်က မထသက ရရှိတဲ့ငွေကြေး ၅ ဘီလီယံ၊ ရွှေလက်ကုမ္ပဏီက ၅ ဒသမ ၅ ဘီလီယံ ပူးပေါင်းပြီး ကျောင်းကားတွေဝယ်လို့ သိထားကြောင်း၊ စာရင်းစစ်ချုပ်အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ရွှေလက်ကုမ္ပဏီပျောက်သွားပြီး ကမ္ဘောဇဘဏ်က ကျပ်ငွေ ၅ ဒသမ ၅ ဘီလီယံ ချေးငှားထားတယ်ဆိုတာ ပေါ်ပေါက်လာတာပါ။ ရွှေလက်ကုမ္ပဏီဆိုတာ ကောင်းဟိန်း ကုမ္ပဏီ ပိုင်ရှင် ဦးကျော်ဟိန်းဆိုသူ ပိုင်ဆိုင်တဲ့ ကုမ္ဗ္ဗဏီဖြစ်တယ်လို့ လွှတ်တော်အမတ် ဦးကျော်ဇေယျက ဆိုပါတယ်။

"ရွှေလက်အခန်းကဏ္ဍက ပျောက်သွားပြီ။ ရွှေလက်က ကောင်းဟိန်းကုမ္ပဏီ၊ ဦးကျော်ဟိန်းဆိုတဲ့ သူဗျ။ အခုတော့ ရွှေလက်က ပျောက်သွားပြီ။ ကျောင်းကားတွေအတွက် ၁၀ ဒသမ ၅ ဘီလီယံမှာ မထသက လွှဲတာက ၅ ဘီလီယံ၊ရွှေလက်က ၅ ဒသမ ၅ ဘီလီယံ ပူးပေါင်းပြီး ကျောင်းကားတွေလုပ်တယ်ပေါ့။ အဲဒီမှာ စာရင်းစစ်ချုပ် အစီရင်ခံစာ အရ ဦးတင်ဝင်းက မေးလိုက်တော့ ရွှေလက်က ပျောက် သွားပြီးတော့ ကမ္ဘောဇဘဏ်ကနေ အစိုးရကနေ ၅ ဒသမ ၅ ဘီလီယံချေးလိုက်တယ်တဲ့။ ပထမတုန်းက သိထားတာက ရွှေလက်ကုမ္ပဏီနဲ့ အစိုးရပူးပေါင်းပြီးလုပ်တာ။ ပထမတုန်းက ၀န်ကြီးချုပ်ကိုယ်တိုင်ပြောတယ် ရွှေလက်ကုမ္ပဏီဆိုပြီး ရွှေလက်ကုမ္ပဏီနဲ့ လုပ်မှာပါပေါ့။ ဒီလိုပဲ ပြောခဲ့တယ်" လို့ လွှတ်တော်အမတ် ဦးကျော်ဇေယျက ဆိုပါတယ်။

ရွှေလက်ကုမ္ပဏီပျောက်သွားပြီး ရွှေလက်အစား ရွှေသံလွင်ဦးကျော်ဝင်းကို ဦးစီးခိုင်းပြီး ကျောင်းကားတွေ အရေးကိစ္စ ဖြေရှင်းတာလား၊ ရန်ကုန်တိုင်းအစိုးရနဲ့ ရွှေလက်ကုမ္ပဏီအကြား ဘယ်လိုသဘောတူညီချက်တွေရှိခဲ့လို့ အလွယ်တကူ ပျောက်ပျက်သွားတာလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ကျောင်းကားတွေ ဘယ်လို ၀ယ်ခဲ့လဲ

ရန်ကုန်တိုင်းအစိုးရကျောင်းကားအစီး ၂၀၀ကို G to G စနစ်နဲ့ Posco Daewoo ကုမ္ပဏီဆီကနေ ၀ယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ပြင်ပဈေးကွက်မှာ ကျောင်းကားတစ်စီးကို သိန်း ၃၀၀ လောက်သာ ပေါက်ဈေးရှိပေမယ့် ရန်ကုန်တိုင်းအစိုးရရဲ့ ၀ယ်ယူဖို့ အသုံးပြုလိုက်တဲ့ ငွေကြေးပမာဏကအရတော့ ကျောင်းကားတစ်စီးကို သိန်း ၅၀၀ ကျော် ဈေးပေါက်သွားပါတယ်။ ၀ယ်ယူမှုမှာလည်း ပွင့်လင်းမြင်သာမှု ပျောက်ဆုံးနေတဲ့အပြင် မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

"သုံးလိုက်တဲ့ ငွေပမာဏ အရ ကားဈေးက တစ်စီးကို သိန်း ၅၀၀ ကျော်နေတယ်။ Posco ကုမ္ပဏီနဲ့ဝယ်တာ။ ဒီမယ် ကျနော်ပြောပြမယ်။ အစီး ၂၀၀ သည် G to G အစိုးရချင်း အစိုးရချင်း ၀ယ်တယ်ပြောတယ်။ အမှန်တိုင်းပြောမယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်နော်။ အဲဒီအစီး ၂၀၀ သည် ၀န်ကြီးချုပ်ကိုဖြိုးမင်းသိန်း မတက်ခင်ကတည်းက ရန်ကုန်အောင်ဆန်းမှာ ရောက်နေပြီ။ အဟောင်းတွေ။ဘာကြောင့် ပြောသလဲဆိုရင် ဘယ်မှာလဲ ကျောင်းကားတွေ ၀ယ်ပြီးပြီဆိုတော့ ကားတွေကို သင်္ဘောတင်လာတာရှိလား။ ဘယ်နေ့က သင်္ဘောတင်လဲ။ နံပါတ်တွေ ကြည့်ရအောင် ဘယ်တုန်းက အသိအမှတ်ပြုထားတဲ့ ကားနံပါတ်တွေလဲ။ အဲဒါလည်း တစ်ချက်ကြည့်မယ်။ ခင်ဗျား ရန်ကုန်တိုင်းအစိုးရဒေသကြီးအစိုးရက ကားဝယ်တဲ့အခါ ကညနက ဘယ်ကားနံပါတ်ချိတ်မလဲဆိုတာ မေးခွန်းထုတ်လိုက်ရင်ကိုပြီးပြီ။ ကျောင်းကား အစီး ၂၀၀ က ဘာကြောင့် နောက်ဆုံးနံပါတ်မဖြစ်တာလဲ။ အန်းဒိတ်ဖြစ်နေတာလဲ။ ကျနော်မေးမယ်။ သူတို့ဘယ်လိုဖြေမလဲ"လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

ကျောင်းကားကိစ္စဟာ စတင်ဝယ်ယူချိန်ကစလို့ ပွင့်လင်းမြင်သာမှုမရှိခဲ့တာတွေ ရှိပြီး အခုအချိန်အထိလည်း လွှဲပြောင်းရောင်းချမယ့်ကိစ္စမှာ ရန်ကုန်တိုင်းလွှတ်တော်အမတ်တွေနဲ့ ပြည်သူကို သေချာစွာ ချပြရှင်းလင်းတာမရှိသေးဘူးလို့လည်း ဆိုရမှာပါ။

၂၀၁၇ မကုန်မီ ကျောင်းကားတွေကို Royal Gol-den Hand ကုမ္ပဏီနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုစနစ် (Public Private Partn-ership) နဲ့ ရန်ကုန်မြို့ရှိ ကျောင်း၂၂ ကျောင်းမှာ ပြေးဆွဲမယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ်အထိ ၆၅ စီးသာ သုံးနိုင်ပြီး ကျန်ကားတွေအားလုံးကို ၁ နှစ်ကျော် ရပ်နားထားခဲ့ရတာပါ။

ရန်ကုန်တိုင်းအစိုးရကတော့ ကျောင်းကားတွေ အသုံးမပြုနိုင်တာဟာ ပြည်ထောင်စုက ချမှတ်ထားတဲ့ မြို့နယ်ကျော်ကျောင်းတက်ခွင့်မရှိဆိုတဲ့ ဧရိယာကန့်သတ်ချက် မူဝါဒချမှတ်ထားတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ငွေမို့ သိခွင့်ရှိရမယ်

ကျောင်းကားလို စီးပွားရေးမျိုး တစ်ခါမှ မလုပ်ဘူးသေးတဲ့ ရွှေသံလွင်ကုမ္ပဏီကဦးဆောင်ပြီး ကျောင်းကား အများပိုင်ကုမ္ပဏီဖွဲ့စည်းရေးလုပ်ဆောင်နေရာမှာ ဘယ်လို ကမ်းလှမ်းချက် တွေ ရှိနေလဲ၊ ဘယ်လိုသဘောတူညီချက်တွေရှိလဲဆိုတာကို အားလုံးက စိတ်ဝင်စားကြပါတယ်။ ပြင်ပပေါက်ဈေးထက် ကြီးမြင့်နေတဲ့ကားတွေကို ဈေးအမြင့်ပေးပြီး ၀ယ်ယူမှုနောက်ကွယ်မှာ ဘာတွေ ထပ်ရှိမလဲလို့ မေးခွန်းထုတ်သူတွေလည်း များလာနေပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေက အစိုးရက ချပေးတဲ့ စီမံကိန်း၊ တင်ဒါတွေကို အပြိုင်အဆိုင် လျှောက်ကြတာက မဆန်းပေမယ့် အခု ရွှေသံလွင်ကုမ္ပဏီရဲ့ ဦးဆောင်မှုနဲ့ ကျောင်းကားတွေ ၀ယ်ယူပေးဖို့ ရန်ကုန်တိုင်းအစိုးရက ကမ်းလှမ်းခဲ့တာဟာ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်စဉ်လို့ လည်းဆိုကြပါတယ်။

လွှတ်တော်အမတ် ဦးကျော်ဇေယျကတော့ "ဘယ်လိုအဓိပ္ဗာယ်လဲမသိဘူး။ လုပ်ထုံးလုပ်နည်းအရ မရှိဘူး။ အစိုးရက ဘယ်လို အစီရင်ခံမလဲ။ ဒါတွေကို ပြန်စစ်ပါ စာရင်းစစ်ချုပ်နဲ့သေချာပြန်ပြီးတော့ စစ်ပေးပါဆိုပြီး ပြောရမယ်။ ဘယ်လိုရှင်းပြမလဲ စောင့်ကြည့်ရမယ်။ တခြားအပေးအယူတွေ ရှိနိုင်တယ်။ ဘာအပေးအယူလဲ ဘယ်လိုတွေလုပ်နေတာလဲ။ ရုတ်တရက်ကြည့်တော့ ရွှေသံလွင်ကလည်း ကားလုပ်တာလည်းမဟုတ်ဘူး။ အခုကျမှ အများပိုင်ကုမ္ပဏီဖွဲ့ပြီးတော့ ဘာဖြစ်တယ်ညာဖြစ်တယ် လုပ်ရတာ။ တစ်မျိုးကြီးပေါ့" လို့ ဆိုပါတယ်။

ကျောင်းကား အစီး ၂၀၀ ၀ယ်ယူတဲ့ငွေကြေးမှာ ပြည်သူ့ငွေ ၅ ဘီလီယံရှိနေပြီး ဒီငွေတွေနဲ့ပတ်သက်လို့ ပြည်သူကလည်း အမှန်အတိုင်းသိခွင့်ရှိဖို့လိုပါတယ်။ လက်ရှိအခြေအနေမှာ ပြည်သူ့ငွေ ၅ ဘီလီယံဟာ ဘာမှ အကျိုးအမြတ်မရဘဲ ဆုံးရှုံးနေပြီလို့ ဦးကျော်ဇေယျက ဆက်ပြောပါတယ်။

"ကျောင်းကားတွေက ၀ယ်ထားတာ ၁ နှစ်ကျော်ပြီ။ ရွှေသံလွင်ကို ပေးမယ်ဆိုရင်တောင် လွှတ်တော်ကို အသိပေးရမယ်။ဘာပဲဖြစ်ဖြစ် ၁၀ ဒသမ ၅ ဘီလီယံမှာ ပြည်သူ့ငွေက ၅ ဘီလီယံ လုံးဝပါနေတယ်။ အဲဒီ ငွေကျပ် ၅ ဘီလီယံက တကယ်တမ်းကျတော့ ဘာမှလည်း မလုပ်ရဘဲနဲ့ ကျောင်းကားထဲမှာပဲ မြှုပ်ပြီးတော့ နေတယ်။ ပြည်သူ့ငွေကို သုံးစွဲဖို့က လွှတ်တော်က အတည်ပြုပြီးမှ လုပ်ရမယ့်ဟာ။ တိုင်းအစိုးရက လုပ်ချင်ရာလုပ်တာပေါ့။ လွှတ်တော်က သိခွင့်ရှိရမယ်။ ကမ္ဘောဇဘဏ်ကနေ ၅ ဒသမ ၅ ဘီလီယံ အစိုးရက ချေးလိုက်တယ်။ ဘယ်ကပဲချေးချေး လုပ်တော့မယ်ဆိုရင် လွှတ်တော်ကနေ အတည်ပြုချက် ယူကို ယူရမယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး။ ကားတွေအကုန်လုံးကို ရွှေသံလွင်ဘက်က ၁၀ ဒသမ ၅ ဘီလီယံနဲ့ပဲ ၀ယ်တယ်ထားလိုက်ဦး အရင်းအတိုင်းပဲ ပြန်ရောင်းဦး။ ပြည်သူ့ငွေ ၅ ဘီလီယံ ပြန်ရရင်တောင် အတိုးမနာဘူးလား" လို့ ဦးကျော်ဇေယျက မေးခွန်းထုတ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်ဦးတင်ဝင်းကလည်း ရွှေသံလွင်နဲ့ ရန်ကုန်တိုင်းအစိုးရအကြားမှာ ဘယ်လို ကမ်းလှမ်းမှုတွေ အပေးအယူတွေ ရှိနေလဲဆိုတာ စောင့်ကြည့်မယ်လို့ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားပါတယ်။

www.khitthitnews.com
Share it:

Article

Business

Opinion

Political

School Bus

YRTA

Post A Comment: