ရန်ကုန်၊ သြဂုတ် ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင် ၅ ဦးကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အရေးယူသင့်သည်ဟု ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်လိုက်မှုကို လုံးဝ လက်မခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်သည် မည်သည့် အထောက်အထားဖြင့် ဆုံးဖြတ်ချက် ချသနည်းဟု မေးခွန်းထုတ်ရန်ရှိပြီး NLD အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အထောက်အထားများဖြင့် တိုင်ကြားပါက အရေးယူမည်ဖြစ်ကြောင်း၊ မှန်းဆချက်နှင့် ယူဆချက် ကောက်ချက်များကို အသိအမှတ်မပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
"UN ကော်မတီရဲ့ သဘောထားပေါ့။ အထောက်အထားတွေအရ သူတို့ နှစ်နဲ့ ချီပြီး စုံစမ်းပါတယ်တို့ ပြောပါတယ်။ ရခိုင်မှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အထားနဲ့ တင်ပြမယ်ဆိုရင် ကျနော်တို့ အရေးယူမယ်ဆိုပြီး ပြောထားပါတယ်။ ဒါပေမယ့် သူတို့က ယူဆလို့ရတဲ့ အကြောင်းအရတွေကိုပဲ ပြောနေပါတယ်။ သူတို့ဘယ်လို အထောက်အထားတွေအရ သူတို့ ဘယ်လို ဆုံးဖြတ်ချလဲ ဆိုတာ သူတို့အပိုင်းပါ။ ကျနော်တို့ ကတော့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုကို အမှန်တကယ် ကျူးလွန်ခဲ့တယ်ဆိုရင် အဲဒီလူကတော့ ကိုယ်လုပ်ခဲ့တာအတွက် တာဝန်ယူရမယ်ဆိုတဲ့ သဘောထားရှိပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့အထောက်အထားဖြစ်ဖို့လိုပါတယ်။ ကျနော်တို့အနေနဲ့ မှန်းဆထားတဲ့ ကိုယ်လိုချင် ဒီကောက်ချက်မျိုးကို အသိအမှတ်ပြုနိုင်မှာမဟုတ်ပါဘူး။ လောလောဆယ် ကျနော်တို့ လက်မခံပါဘူး" ဟု ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်တချို့ကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် စစ်ဆေးသင့်ကြောင်း ကုသလမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်တွင် မွတ်စလင်များအပေါ် ကျူးလွန်သည့် ပြစ်မှုများသာမက တိုင်းရင်းသားဒေသများတွင်ပါ ဖြစ်ပွားကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တပ်ချုပ်အပြင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်ကျော်ဇော၊ ဗိုလ်ချုပ်မောင်မောင်စိုး၊ ဗိုလ်မှူးချုပ်အောင်အောင်၊ ဗိုလ်မှူးချုပ် သန်းဦး တို့ကို စစ်ဆေး အရေးယူသင့်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။
Post A Comment:
0 comments: